သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းကျ ကဗျာဆရာ စောေ၀ လူ့အခွင့်အရေး စောင့်ကြည့်ရေးဆု ချီးမြှင့်ခံရ


မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အာဏာရူးဆိုပြီး ကဗျာထဲ သွယ်ဝိုက်ဖွဲ့ဆိုခဲ့လို့ မန္တလေးထောင်မှာ အကျဉ်းချခံထားရတဲ့ မြန်မာကဗျာဆရာ စောဝေကို နယူးယောက်အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က Hellman/Mammett ဆုနဲ့ ချီးမြှင့်ဂုဏ်ပြုလိုက်ပါတယ်။ ဖိနှိပ်ချုပ်ချယ်မှုတွေကြားက သတ္တိရှိရှိနဲ့ သူတို့ရဲ့ အမြင်တွေကို ရဲဝံ့စွန့်စား ထုတ်ဖော်ရေးသားကြတဲ့ ကမ္ဘာတဝန်းက စာရေးဆရာတွေကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က နှစ်စဉ် ဂုဏ်ပြုဆု ချီးမြှင့်လေ့ရှိရာ ဒီနှစ် ဆုချီးမြှင့်ခြင်းခံရသူ ၃၇ ဦးထဲမှာ မြန်မာကဗျာဆရာတယောက် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းထားတဲ့ နော်ရှိုးက တင်ပြပေးထားပါတယ်။

အခုလို Hellman/Hammett ဆု ချီးမြှင့်ခြင်း ခံလိုက်ရတဲ့ မြန်မာကဗျာဆရာ စောဝေဟာ ချစ်သူများနေ့ (Valentines Day) အထိမ်းအမှတ် အနေနဲ့ အချစ်ဂျာနယ်ထဲမှာ ဖေဖော်ဝါရီ ၁၄ ဆိုတဲ့ စာကြောင်း ၈ ကြောင်းပါ အချစ်ကဗျာလေး တပုဒ်ကို ရေးသားထုတ်ဝေခဲ့တာနဲ့ ပတ်သက်ပြီး မန္တလေးထောင်မှာ အကျဉ်းချ ခံနေရတာ ဖြစ်ပါတယ်။ သူ့ကဗျာထဲမှာ အာဏာရူးကြီး သန်းရွှေဆိုတဲ့ စကားစုကို သွယ်ဝိုက် ဖွဲ့ဆိုထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ကဗျာဆရာ စောဝေဟာ သာမန် ကဗျာသမားသက်သက် မဟုတ်ဘူးဆိုပြီး ဂုဏ်ပြုချီးမွမ်းသူကတော့ သူ့ကို ရင်းရင်းနှီးနှီးသိကျွမ်းတဲ့ အမေရိကားရောက် ကဗျာဆရာ အောင်ဝေး ဖြစ်ပါတယ်။

“ကျနော်တို့ ကဗျာဆရာတယောက် အခုလိုမျိုး နိုင်ငံတကာက ပေးတဲ့ဆု ရတဲ့အတွက် ဂုဏ်ယူပါတယ်၊ ဝမ်းသာပါတယ်။ ကျနော်တို့ တိုင်းပြည်က ဒီမိုကရေစီတိုင်းပြည်မှ မဟုတ်ဘဲ။ စစ်အာဏာရှင်အောက်က ပြည်သူလူထု ပြားပြားမှောက် ဖိနှိပ် ချုပ်ချယ်ခံထားရတဲ့ တိုင်းပြည်မှာ ဒီဆုရတာက ဒါ့ထက်မက ထိုက်တန်တယ်လို့ ယူဆပါတယ်။ ကဗျာဆရာ စောဝေက ကျနော့် သူငယ်ချင်းလည်း သူငယ်ချင်း၊ ရဲဘော်လည်း ရဲဘော်၊ အခုလောလောဆယ် ထောင်ထဲရောက်နေတယ်။

“သူ့ရဲ့ လမ်းကြောင်းကို ပြန်ကြည့်ရင်လည်း သူဟာ သာမန် ကဗျာဆရာတယောက် မဟုတ်ပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံကစပြီး သူ ပါဝင်လှုပ်ရှားလာခဲ့တယ်။ သူတို့ ထူထောင်ခဲ့တဲ့ ဖြူးမိတ်ဆွေများ စာကြည့်အသင်း ဆိုတာမျိုးက မြန်မာစာပေ လောကအတွက် အများကြီး ကောင်းကျိုး ပေးနိုင်ခဲ့တယ်။ အဲဒီလို လူမှုရေး လုပ်ငန်းတွေ၊ စာပေနဲ့ အနုပညာလုပ်ငန်းတွေ အပြင် ကျနော်တို့တွေ အတူတွဲပြီးတော့၊ ကိုစောဝေတို့၊ ကျနော်တို့၊ ထောင်ထဲရောက်နေတဲ့ ကိုဇာဂနာတို့၊ ကိုဇော်သက်ထွေးတို့ အဖြူရောင်သက်တံဆိုပြီး HIV ကူးစက်ခံ မိဘမဲ့ ကလေးငယ်များ ရန်ပုံငွေ ကဗျာရွတ်ဆိုပွဲတွေ အများကြီး လုပ်ခဲ့တယ်။

“အားလုံးက စစ်အာဏာရှင် စနစ်ရဲ့ အောက်မှာ နိုင်ငံရေး လွတ်လွတ်လပ်လပ် လုပ်လို့မရဘူး၊ ဒီမိုကရေစီ မရှိဘူး၊ လူ့အခွင့်အရေး မရှိဘူးဆိုတဲ့ အခြေအနေမှာ ကိုယ်လုပ်နိုင်သလောက် အတိုင်းအတာနဲ့ ပြည်သူလူထုအတွက်၊ နိမ့်ပါးနေတဲ့ လူတွေအတွက် ကျနော်တို့ လုပ်ခဲ့တယ်။ အဲဒီထဲမှာ ကဗျာဆရာ စောဝေက ရွပ်ရွပ်ချွံချွံ ပါခဲ့တဲ့ သူတယောက်ပါပဲ။ အဲဒီလို လူတယောက်ကို အခုလို ဆုပေးတယ် ဆိုတာကတော့ ဒါ လူမှန် နေရာမှန်ပဲလို့ ကျနော်တော့ ယူဆပါတယ်။”

ဆရာစောဝေအပြင် တရုတ်၊ ဗီယက်နမ်၊ တိဘက်၊ ဂါနာ စတဲ့ တခြားနိုင်ငံပေါင်း ၁၂ နိုင်ငံက စာရေးဆရာ၊ ကဗျာဆရာ ၃၆ ဦးလည်း ပါဝင်တာပါ။ ဆုချီးမြှင့်ခြင်း ခံရသူတွေထဲက ၁၈ ဦးကတော့ သူတို့နဲ့ သူတို့ရဲ့ မိသားစုအပေါ် အန္တရာယ် ကျရောက်မှာကို စိုးရိမ်လို့ အမည်ဖော်ခွင့် မပြုထားပါဘူး။

ဒီဆုရဲ့ နောက်ခံသမိုင်းအကျဉ်းနဲ့ ဆုရရှိသူတွေကို ဘယ်လို ရွေးချယ်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့ရဲ့ အာရှရေးရာ ဒု-ညွှန်ကြားရေးမှူး အီလိန်း ပီယာစန် (Elaine Pearson) က အခုလို ပြောပါတယ်။

“ဒီဆုကို ချီးမြှင့်လာခဲ့တာ နှစ် ၂၀ ရှိပါပြီ။ အမေရိကန် ပြဇာတ်ရေးဆရာမ လီလီယန် ဟဲလ်မန်း (Lillian Hellman) က အခက်အခဲ ဖိနှိပ်မှုတွေကြားက မိမိတို့ရဲ့ သဘောထားကို ရေးသားထုတ်ဖော်လို့ ငွေရေးကြေးရေး အခက်ကြုံနေတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေကို အကူအညီပေးဖို့ သူပိုင်တဲ့ ခြံမြေကို သူ့ရဲ့ သေတမ်းစာထဲမှာ ပေးလှူခဲ့ကတည်းက စတင်ခဲ့တာပါ။ သူ့ဘဝမှာလည်း ယုံကြည်ချက်တွေကို ရေးသားခဲ့လို့ ဒုက္ခတွေ ကြုံခဲ့ရသူပါ။ ကျမတို့အနေနဲ့ ဘယ်သူ့ကို ဆုချီးမြှင့်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး အမည်စာရင်း တင်သွင်းဖို့ အများကို ဖိတ်ခေါ်ပါတယ်။ ကိုယ့်ကိုယ်ကိုတော့ စာရင်းသွင်းလို့ မရပါဘူး။ အဲဒီနောက် စာရေးဆရာတွေ၊ အယ်ဒီတာတွေ ပါဝင်တဲ့ ဆုရွေးချယ်ရေး ကော်မတီက ဘယ်သူ့ကို ဆုပေးမလဲဆိုတာ ရွေးချယ်တာပါ။”

ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ နိုင်ငံပေါင်း ၉၁ နိုင်ငံက စာရေးဆရာ၊ ဆရာမပေါင်း ၇၀၀ ကျော်ကို ဒီ Hellman/Hammett ဆု ချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတကာမှာ လူသိရှင်ကြား အသိအမှတ်ပြု ဂုဏ်ပြုတဲ့အပြင် စာရေးဆရာ၊ ဆရာမတယောက်ဆီကို ဒေါ်လာ ၁,၀၀၀ ကနေ ၁၀,၀၀၀အထိ ချီးမြှင့်ဂုဏ်ပြုတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG