သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီညီလာခံကိစ္စ NLD ခေါင်းဆောင်များ သဘောထားကွဲ


မြန်မာပြည်တဝန်း NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံတရပ် ခေါ်ယူပေးဖို့ တောင်းဆိုထားကြပါတယ်။ ဒီအချိန်မှာ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံတရပ်ကို ခေါ်ယူဖို့ ဘာကြောင့် လိုအပ်တာပါလဲ၊ အဖွဲ့ချုပ် ခေါင်းဆောင်တချို့ရဲ့ ဒီအပေါ်မှာ သဘောထား ဘယ်လိုရှိလဲဆိုတာ မအေးအေးမာက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံတရပ် ခေါ်ယူပေးဖို့အတွက် တိုင်းနဲ့ပြည်နယ် အသီးသီးက မြို့နယ်တွေရဲ့ တောင်းဆိုမှုတွေကို ဗဟို CEC က လက်ခံထားပေမဲ့ လက်ရှိအခြေအနေအရ မလိုအပ်သေးဘူးလို့ သုံးသပ်မှုတွေ ရှိသလို ဒါဟာ အမှန်တကယ် လိုအပ်ချက် ဖြစ်ကြောင်းကိုလည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

CEC အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကတော့ လက်ရှိကာလမှာ အခုလို နိုင်ငံလုံးဆိုင်ရာ ညီလာခံတရပ် ခေါ်ဖို့ကိစ္စဟာ မလိုအပ်သေးဘူးလို့ ဆိုပါတယ်။

“သာမန်ကိစ္စတခုအပေါ်မှာ ကျနော်တို့ ခေါ်ပေးလို့ မရပါဘူး။ နိုင်ငံလုံးကျွတ် ညီလာခံကို သူတို့အနေနဲ့ ဘာကြောင့်ခေါ်ချင်တယ် ဆိုတာလည်း ရေးသားထားတာ မရှိပါဘူး။ ဘာအတွက်ကြောင့် နိုင်ငံလုံးကျွတ် ညီလာခံကြီး ခေါ်ချင်တာလဲ ဆိုတဲ့ အကြောင်းအရာ မပါပါဘူးခင်ဗျ။ ကျနော်တို့ နိုင်ငံရေးပါတီတွေ အနေနဲ့ နိုင်ငံရေး အလှည့်အပြောင်းကြီး တခုခု ဖြစ်တဲ့အခါမျိုးမှသာ နိုင်ငံလုံးကျွတ် ညီလာခံကြီး ခေါ်ရတာ ဖြစ်ပါတယ်။ ခေါ်ချင်တိုင်း ခေါ်လို့ရတဲ့ အနေအထားမျိုးလည်း မဟုတ်ပါဘူး။ ဘာအကြောင်းအရာကြောင့် ခေါ်စေချင်တယ်ဆိုတာ မပါပါဘူး။

“နံပါတ် ၂ လုပ်နည်းလုပ်ဟန် မှားနေပါတယ်။ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီညွတ်စွာ ပို့လာတာ မဟုတ်ပါဘူး။ နံပါတ် ၃ နိုင်ငံရေးအရ အရေးတကြီး လိုအပ်နေတဲ့အချိန် မဟုတ်ပါဘူး။ ဒါကြောင့်မို့ ဗဟိုက သူတို့ တင်ပြတာတွေကို ကြားနာမှတ်သားပြီး လက်ခံထားပါတယ်။ ပယ်ချတာ မဟုတ်ပါဘူး။”

CEC အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဝင်းတင်ကတော့ ဒါဟာ အမှန်တကယ် လိုအပ်ချက်လို့ ပြောဆိုလိုက်ပါတယ်။

“ဒီကိစ္စဟာ ဒီလိုအချိန်အခါမျိုး၊ ဒီလိုအနေအထားမျိုးနဲ့ အရေးကြီးတဲ့ စဉ်းစားချက်၊ အရေးကြီးတဲ့ ခြေလှမ်းတခု ဖြစ်တယ်ဆိုတာတော့ သတ်မှတ်ရမယ်လို့ ကျနော်က ယူဆတယ်။ ဘာဖြစ်လို့ ယူဆလဲဆိုတော့ ဒီနေ့ ဒီအချိန်ဟာ အလွန့်ကို အရေးကြီးနေတယ်။ NLD အနေနဲ့ကလည်း နှစ်ပေါင်းများစွာ ညီလာခံလိုဟာမျိုး မကျင်းပနိုင်ခဲ့တာ ကြာလှပြီ။

“၁၉၉၇ လောက်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ နောက်ပိုင်း၊ ၉၆-၉၇ မှာ တခါ ကျင်းပတယ်။ တွေ့ဆုံပြီး ညီလာခံ တခုအနေနဲ့ သဘောထားပြီး သတ်မှတ်တယ်ပေါ့ဗျာ။ ညီလာခံအစစ် ဟုတ်ချင်မှလည်း ဟုတ်မယ်။ သို့သော် မြို့နယ်ပေါင်းစုံက ခေါင်းဆောင်တွေ ပါဝင်ပြီးတော့ စည်းဝေးခြင်း တခါလုပ်နိုင်ခဲ့တယ်။ ၂၀၀၉ ခုနှစ် ဧပြီလလောက်မှာ ကျင်းပတဲ့ ရွှေဂုံတိုင် အစည်းအဝေးကြီး ဆိုတာလည်း သာမန်အားဖြင့် ညီလာခံလို့ ခေါ်နိုင်တဲ့ အနေအထား မရှိဘူး။”

အခုဆိုရင် တိုင်းနဲ့ပြည်နယ် အသီးသီးက နိုင်ငံလုံးဆိုင်ရာ ညီလာခံ ခေါ်ပေးဖို့ တောင်းဆိုမှုဟာ ဘာကြောင့်လိုအပ်သလဲ ဆိုတာကိုတော့ မိတ္ထီလာခရိုင် ၉ မြို့နယ်ကိုယ်စား ခရိုင်အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက အခုလိုပြောပါတယ်။

“အစည်းအဝေးကြီး ဘာလို့ ခေါ်ဖို့ လိုအပ်သလဲဆိုတော့ အောက်ခြေပါတီဝင်ထုဟာ ဗဟိုကို အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဝိုင်းရံကြဖို့ သိပ်ကို အရေးတကြီး လိုအပ်နေလို့။ မြို့နယ်တွေ ဝိုင်းညှိပြီး ပါတီကို တည်ဆောက်ရမှာ ဖြစ်တယ်။ ပါတီက ပါတီနဲ့ တူလာမှ တိုက်ပွဲကို အောင်ပွဲရအောင် တိုက်နိုင်မှာ ဖြစ်တယ်၊ ခေါင်းဆောင်နိုင်မှာ ဖြစ်တယ်။ ဒီအချိန်မှာ တခြားဟာတွေထက်ကို အရေးတကြီး လိုအပ်နေတယ်လို့ ကျမတို့က ယူဆတယ်။”

ညီလာခံခေါ်ပေးဖို့ ပဲခူးတိုင်း ၈ မြို့နယ်နဲ့ မန္တလေးတိုင်း မိတ္ထီလာခရိုင် ၉ မြို့နယ်တို့ကတော့ သူတို့ရဲ့ သဘောထားတွေကို တိုင်းကိုရော ဗဟိုကိုပါ ပို့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အလားတူပဲ မကွေးတိုင်းအတွင်းက မြို့နယ်တွေကလည်း ဗဟိုကို တင်ပြထားတယ်လို့လည်း ဆိုပါတယ်။ မြို့နယ်တွေရဲ့ သဘောထား ဆန္ဒတွေ များလာတယ်ဆိုရင်တော့ စဉ်းစားဖွယ်ရှိတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“မြို့နယ်ပေါင်း ၄၀၀ ဆိုပါစို့၊ ရှိတဲ့အထဲမှာ ၂၀၀ ကျော်က ဒီလိုခေါ်ချင်ပါတယ် ဆိုရင်တော့ ကျနော်တို့ စဉ်းစားပြီး ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။”

ညီလာခံခေါ်ပေးဖို့ တောင်းဆိုတဲ့ တိုင်းနဲ့ပြည်နယ် မြို့နယ်အသီးသီးရဲ့ သဘောထား ဆန္ဒတွေကို လေးစားရမှာဖြစ်ပြီး လက်ရှိအခြေအနေအရ အရေးကြီးတာကို တောင်းဆိုတယ်လို့ ယူဆကြောင်း ဦးဝင်းတင်ကတော့ ပြောဆိုသွားပါတယ်။

“ဒီအချိန်မှာ အောက်ခြေရဲဘော်တွေက နေပြီးတော့ ဒီလိုဟာမျိုး ပြောလာတဲ့ဟာက ဌာနချုပ် ခေါင်းဆောင်များ အနေနဲ့ ဘယ်လိုအဆုံးအဖြတ် ပေးနိုင်မလဲဆိုတာ ကျနော် မပြောနိုင်သေးပေမဲ့ ဘာပဲပြောပြော သူတို့ရဲ့ အရေးကြီးမှုကို သိမြင်ခြင်း၊ အရေးကြီးမှုကို သိမြင်စွာ တုံ့ပြန်ခြင်း၊ အရေးကြီးမှုကို သိမြင်စွာ တုံ့ပြန်ခြင်းနဲ့အတူ အကျိုးရလဒ်တခုကို ရှာဖွေခြင်းကိုတော့ လေးစားရပါမယ်။”

အခုအခါမှာ NLD အတွင်းမှာလည်း အောက်ခြေထု ဆန္ဒသဘောထားတွေကို နားလည်တဲ့ ခေါင်းဆောင်တွေ ရှိသလို အောက်ခြေထုနဲ့ ကင်းကွာနေတဲ့ ခေါင်းဆောင်တွေလည်း ရှိနေတယ်လို့ မြို့နယ် အဖွဲ့ချုပ်ဝင်တွေက ပြောဆိုနေကြသလို တိုင်းအတွင်းမှာလည်း မြို့နယ်တွေရဲ့ သဘောထားကို တင်ပြတဲ့အခါမှာ ဗဟိုအထိ မရောက်ဘဲ ပယ်ချမှုတွေကို ကြုံနေရတယ်လို့လည်း ပြောပြကြပါတယ်။

NLD အဖွဲ့ဝင်တွေကြားမှာလည်း ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သဘောထားအမြင် အမျိုးမျိုးလည်း ရှိနေတာကြောင့် ဒီနှစ်အတွင်းမှာ ချမှတ်ခဲ့တဲ့ ရွှေဂုံတိုင် ကြေညာချက် သဘောထားတွေကို သွေဖည်သွားခြင်း မဖြစ်စေဖို့အတွက် အောက်ခြေထုက နိုင်ငံလုံးဆိုင်ရာ ညီလာခံ ခေါ်သင့်ကြောင်း တောင်းဆိုခဲ့တာ ဖြစ်တယ်လို့လည်း ပြောကြပါတယ်။

NLD အနေနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်သွားဖို့ လိုအပ်တာကြောင့် မကွေးတိုင်းနဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း စတဲ့ နေရာအသီးသီးက မြို့နယ်ခေါင်းဆောင်တွေကတော့ ညီလာခံခေါ်ဖို့အတွက် သူတို့ရဲ့ သဘောထားတွေကို လက်မှတ်ရေးထိုးပြီး တင်ပြထားတယ်လို့လည်း ပြောပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG