သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုနေဆဲ


မြန်မာစစ်အစိုးရက ကလေးစစ်သား အသုံးပြုမှု မရှိအောင် ဆောင်ရွက်နေတယ်လို့ ပြောဆိုနေပေမဲ့လည်း ကလေးငယ်တွေကို စစ်သားအဖြစ် စုဆောင်းမှုတွေ ရှိနေဆဲ ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအတွက် စစ်သားအဖြစ် စုဆောင်းခံရသူ ကလေးငယ်တွေကို ပြန်လွှတ်ပေးဖို့ လက်နက်ကိုင် ကလေးငယ်တွေနဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ရာဒီကာ ကုမာရာဆွာမိ (Radhika Kumaraswamy) က တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရတပ်တွေကရော၊ တိုင်းရင်းသား လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့တွေကပါ ကလေးစစ်သား စုဆောင်းမှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က လုံခြုံရေးကောင်စီကို မတ်လထဲမှာ အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။ မြန်မာအစိုးရ တပ်တွေထဲ ကလေးစစ်သားအဖြစ် စုဆောင်း တာဝန်ပေးထားမှုတွေကို ရှာဖွေဖော်ထုတ်ပြီး ပြန်လွှတ်ပေးမယ်လို့ မြန်မာအာဏာပိုင်တွေက ပြောခဲ့ပေမဲ့ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့က သိရှိပြီး တာဝန်ယူ ဆောင်ရွက်မှုကြောင့် လွတ်လာသူတွေကိုသာ ကုလသမဂ္ဂက သိရပြီး ကျန်ကလေးငယ်တွေနဲ့ ပတ်သက်ပြီး မသိရဘူးလို့ လက်နက်ကိုင် ပဋိပက္ခနဲ့ ကလေးသူငယ်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ တာဝန်ခံ မစ္စ ရာဒီကာ ကုမာရာဆွာမိက ပြောပါတယ်။

“ဒီကလေးတွေနဲ့ရော ဒီကလေးတွေကို စစ်သားအဖြစ် စုဆောင်းနေတဲ့ နေရာတွေကိုပါ ကျမတို့ကို သွားခွင့် တွေ့ခွင့် မပေးတဲ့အပြင် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားတဲ့ နေရာတွေကိုလည်း သွားခွင့်မပေးခဲ့ပါဘူး။ ဒါ့ကြောင့် အတွင်းရေးမှူးချုပ်ရဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာထဲမှာ ဒါကို အဓိက ပြဿနာအဖြစ် တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာတွေကို ကိုယ်တိုင်သွားပြီးတော့ ဒီကလေးတွေနဲ့ တွေ့မှ ကျမတို့က စောင့်ကြည့် စစ်ဆေးတာ၊ အစီရင်ခံတာတွေနဲ့ အကူအညီ ပေးနိုင်မှာပါ။”

ဒီလို မတွေ့နိုင်တာဟာ အဓိကပြဿနာ ဖြစ်နေတဲ့အပြင် ဒီကလေးစစ်သားတွေကို နောက်ဆက်တွဲ စိတ်ဓာတ်ရေးရာ မြေတောင်မြှောက်ပေးရမယ့် ကိစ္စတွေကိုပါ မလုပ်နိုင်ဘူးလို့ ပြောပါတယ်။ မြန်မာစစ်အစိုးရဘက်က အခုလို ပူးပေါင်းဆောင်ရွက်မှု ကောင်းကောင်းမရတဲ့အပြင် တချု့ိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ကုလသမဂ္ဂနဲ့ ပူးပေါင်းချင်တဲ့ ကိစ္စတွေမှာလည်း အဟန့်အတားတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကလေးစစ်သား အသုံးမချဖို့ အရေးယူဆောင်ရွက်တဲ့ စီမံကိန်းတွေမှာ ပူးပေါင်း ပါဝင်ချင်တဲ့အတွက် ကျမတို့ဆီ တောင်းဆို စာရေးသားခဲ့ပေမဲ့ ဒီအဖွဲ့တွေနဲ့ တွေ့ဆုံခွင့် မြန်မာစစ်အစိုးရက မပေးခဲ့ပါဘူး။ ဒါကြောင့် ဘာမှ ဆက်လုပ်လို့ မရဘူးလို့ လုံခြုံရေးကောင်စီကို အစီရင်ခံစာ တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို တိုင်းရင်းသား လက်နက်ကိုင်တွေ ပူးပေါင်း ဆောင်ရွက်ချင်ပါလျက်နဲ့ အခက်အခဲ တွေ့နေရတာနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီရဲ့ ညွှန်ကြားချက်ကို ကျမတို့ စောင့်နေပါတယ်။”

မစ္စ ကုမာရာဆွာမိဟာ ၂၀၀၇ ခုနှစ်ထဲမှာ မြန်မာနိုင်ငံကို ကိုယ်တိုင်လာရောက်ပြီး ကလေးစစ်သား ပြဿနာကို ကိုင်တွယ် ဆောင်ရွက်ခဲ့ပါတယ်။ အခု ၂ နှစ်ကျော် ကြာလာတဲ့ အချိန်အထိလည်း မြန်မာစစ်အစိုးရဟာ ကလေးစစ်သား ဆက်ပြီး စုဆောင်းနေဆဲပဲလို့ ပြောပါတယ်။

“မြန်မာစစ်အစိုးရဟာ ကလေးစစ်သားတွေ အခုထိ စုဆောင်းနေဆဲပဲလို့ ကျမတို့ ယုံကြည်ထားပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာအတိုင်း မြန်မာနိုင်ငံကို ကလေးစစ်သား အသုံးပြုနေတဲ့ စာရင်းမှာ သွင်းထားပြီး အခုထိလည်း မရပ်သေးတဲ့အတွက် လက်တွေ့ အရေးယူ ဆောင်ရွက်မယ့် အစီအစဉ်ကို ချခဲ့ရပြီး ဒီအစီအစဉ်အတိုင်း ကလေးတွေကို ပြန်ပြီး လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို ဖိအားပေးဖို့ ကြိုးစားနေပါတယ်။”

ကုလသမဂ္ဂက အရေးယူဆောင်ရွက်တဲ့ လုပ်ငန်းအဖွဲ့ကို သြဂုတ်လထဲမှာ မြန်မာနိုင်ငံကို စေလွှတ်ခဲ့ပြီး အခုလောလောဆယ်မှာ မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတယ်လို့လည်း ပြောပါတယ်။

“မြန်မာနိုင်ငံထဲမှာရှိတဲ့ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် အဖွဲ့ဝင်တွေ၊ ကော်မတီဝင်တွေ အပြင် နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံ စကားပြောဖို့ သွားခဲ့တာပါ။ သူတို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး တကယ်လို့ အရေးယူဆောင်ရွက်မယ့် အစီအစဉ်အတိုင်း မြန်မာစစ်အစိုးရဘက်က လိုက်နာခဲ့ရင်တောင်မှ သူတို့ကို နာမည်ပျက်စာရင်းကနေ ထုတ်ဖို့ အခက်အခဲရှိတယ် ဆိုတာကိုလည်း ရှင်းပြခဲ့ပါတယ်။ အခုတော့ ညှိနှိုင်းမှုတွေ ဆက်လုပ်နေပါတယ်။”

မြန်မာစစ်အစိုးရဘက်က အရင်ကထက်ပိုပြီး ကလေးစစ်သား ပြဿနာကို ဂရုစိုက်လာတာ တွေ့ရပေမဲ့ ဘယ်လိုပုံစံနဲ့ အရေးယူ ဆောင်ရွက်နေတယ် ဆိုတာကိုတော့ မသိရဘူးလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ကုမာရာဆွာမိက ပြောပါတယ်။

အာရှဒေသတွေထဲမှာ နီပေါနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ ကလေးစစ်သားတွေ ရှိနေပေမဲ့ မြန်မာနိုင်ငံ တနိုင်ငံတည်းမှာပဲ အုပ်ချုပ်တဲ့ အစိုးရ ကိုယ်တိုင်က ကလေးစစ်သား စုဆောင်းနေတာကို တွေ့ရတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG