သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ရွေးကောက်ပွဲရလဒ် မကြာမီ ကြေညာမည်


အာဖဂန်နစ္စတန်နိုင်ငံက သမ္မတ ရွေးကောက်ပွဲတွေမှာ မသမာမှုတွေ ရှိခဲ့တာကြောင့် နောက်တကြိမ် ရွေးကောက်ပွဲတွေ ပြန်လုပ်ဖို့ သင့်မသင့် ကိစ္စကို မကြာခင်ရက်တွေမှာ ကြေညာနိုင်လိမ့်မယ်လို့ မျှော်လင့်ရတဲ့အကြောင်း ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ အာဖဂန်မှာရှိတဲ့ ကုလသမဂ္ဂ အရာရှိတွေကတော့ ရွေးကောက်ပွဲ ရလဒ်တွေဟာ လာမယ့် စနေ၊ တနင်္ဂနွေနေ့လောက်မှာ ထုတ်ပြန်နိုင်မှာ ဖြစ်တယ်လို့လည်း ဗွီအိုအေ သတင်းထောက် ရှောင် မာရိုနီ (Sean Maroney) က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

သြဂုတ်လ ၂၀ ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲက အကြိုရလဒ်တွေအရ ဆိုရင်တော့ အာဖဂန်သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) က မဲအရေအတွက် ၅၄% နဲ့ အသာရထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကုလသမဂ္ဂ ကျောထောက်နောက်ခံနဲ့ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ တိုင်ကြားရေး ကော်မရှင်က မမှန်ကန်တဲ့ ဆန္ဒမဲတွေကို ပယ်ဖျက်တာတွေ လုပ်လာမယ် ဆိုရင်တော့ သမ္မတ ခါဇိုင်း ရဖို့လိုတဲ့ မဲအရေအတွက် ၅၀% အောက် ရောက်သွားနိုင်ပြီး အဓိက စိန်ခေါ်သူ နိုင်ငံခြားရေး ဝန်ကြီးဟောင်း အဗ္ဗဒူလာ အဗ္ဗဒူလာ (Abdullah Abdullah) နဲ့ နောက်တကြိမ် ပြန်လည်ယှဉ်ပြိုင်ရတဲ့ အခြေအနေမျိုး ဖြစ်လာစရာ ရှိပါတယ်။

ရွေးကောက်ပွဲမှာ လုံး၀ ပွင့်လင်းမြင်သာမှု ရှိစေဖို့အရေး သမ္မတလောင်းတွေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ကိုယ်စားလှယ်တွေ ပုံမှန်ဆက်သွယ်မှုတွေ ရှိတဲ့အကြောင်း အာဖဂနစ္စတန်နိုင်ငံက ကုလသမဂ္ဂရုံး ပြောခွင့်ရသူ နာဒင်း ဆစ်ဒ်ဒစ် (Nadeem Saddique) က ဗွီအိုအေကို ပြောပါတယ်။

“ဒါဟာ အာဖဂန်နိုင်ငံရဲ့ ရွေးကောက်ပွဲ ဖြစ်ပြီးတော့ ဒါကိုလည်း အာဖဂန် ပြည်သူတွေကပဲ အဆုံးအဖြတ် ပေးကြမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ လက်ရှိ အခြေအနေအရ၊ ပြောရဆိုရမယ့် ကိစ္စတွေအတွက် တွက်ဖို့ချက်ဖို့တွေ လိုနေပါတယ်။”

အဓိက ယှဉ်ပြိုင်ဘက်ဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း အဗ္ဗဒူလာကတော့ ဒီလို အတွက်အချက်တွေကို မယုံကြည်ပါဘူး။ သူ့အနေနဲ့ နောက်တကြိမ် အခွင့်အလမ်း ရဖို့ကိုပဲ လိုလားနေတာပါ။

“ကျနော့်သဘောကတော့ နောက်တကြိမ် ပြန်ပြီး ယှဉ်ပြိုင်ချင်ပါတယ်။ ဒီတကြိမ်မှာ မဲဆွယ်လှုပ်ရှားမှုတွေ အသွင်တမျိုး ဖြစ်နိုင်ပေမဲ့ ကျနော်တို့အနေနဲ့ အခြေခံ အဆောက်အအုံတွေကို ဖျက်ပစ်တာတော့ မဟုတ်ပါဘူး။”

မြို့တော် ကဘူးလ်မှာ သတင်းထောက်တွေကို ပြောဆိုရာမှာတော့ သမ္မတ ခါဇိုင်းနဲ့ အာဏာခွဲဝေရေး အပေးအယူလုပ်ဖို့ ညှိနှိုင်းမှုတွေ ရှိနေတယ်ဆိုတဲ့ ကောလာဟာလတွေဟာ မမှန်ကန်ကြောင်း မစ္စတာအဗ္ဗဒူလာက ပြောဆိုခဲ့တာပါ။ သမ္မတ ခါဇိုင်း အနေနဲ့လည်း ညွန့်ပေါင်းအစိုးရတရပ် ဖွဲ့စည်းဖို့ လက်ခံမှာ မဟုတ်ဘူးလို့ သူ့ရဲ့ကိုယ်စားလှယ်က ဗွီအိုအေကို ပြောပါတယ်။ ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲတွေမှာ မသမာမှုတွေ၊ မဲခိုးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ လွှမ်းမိုးနေတာနဲ့အမျှ ရွေးကောက်ပွဲရဲ့ တရားဝင်မှုနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မှုတွေလည်း ထွက်ပေါ်လာနေတာပါ။

ကုလသမဂ္ဂရုံး ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီရွေးကောက်ပွဲဟာ အာဖဂန်ပြည်သူတွေအတွက် ရှေ့ဆက်ရမယ့် အဓိက ခြေလှမ်းတရပ် ဖြစ်မယ်လို့ ဆိုခဲ့တာပါ။

“ဒီတိုင်းပြည်အနေနဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက သိပ်ကို ကြီးမားပါတယ်။ အချိန်ကတော့ ကျနော်တို့ဘက်မှာ မရှိပါဘူး။ ဒီနိုင်ငံရဲ့ တိုင်းသူပြည်သားတွေ ရင်ဆိုင်နေရတဲ့ ဒီ ကြီးမားလှတဲ့ စိန်ခေါ်မှုတွေထဲက တချို့ကို ဖြေရှင်းနိုင်မယ့် အခွင့်အလမ်းမျိုး အာဖဂန်နိုင်ငံသားတွေ ရဖို့ကတော့ အင်မတန် အရေးကြီးပါတယ်။”

ရွေးကောက်ပွဲတွေ သြဂုတ်လ ၂၀ ရက်နေ့က ကျင်းပခဲ့ပြီး ၂ လ နီးပါး ကြာလာတဲ့အချိန်မှာ နိုင်ငံရေးအရ မရေရာမှုတွေနဲ့အတူ တာလီဘန်တွေ ဦးဆောင်တဲ့ သောင်းကျန်းမှုတွေကလည်း ဖြစ်ပွားနေတာမို့ နိုင်ငံတကာ အသိုင်းအဝန်းက အာဖဂန်နိုင်ငံ တည်ငြိမ်ရေး ကြိုးပမ်းမှုတွေကိုလည်း ထိခိုက်စရာတွေ ဖြစ်နေရတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG