သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ရွေးကောက်ပွဲ ပြဿနာ ဖြေရှင်းဖို့ သမ္မတ ခါဇိုင်း ကို တောင်းဆို


အချေအတင် ဖြစ်နေရတဲ့ အာဖဂနစ္စတန်နိုင်ငံက ရွေးကောက်ပွဲမှာ မသမာမှုတွေ အကြီးအကျယ် ရှိခဲ့တယ် ဆိုတာတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက ကျောထောက်နောက်ခံပေးထားတဲ့ ကော်မရှင်က အစီရင်ခံစာ ထုတ်ပြန်ဖို့ ရှိနေချိန်မှာပဲ သမ္မတ ဟာမစ် ခါဇိုင်း အနေနဲ့ ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ ဖြေရှင်းဖို့ နိုင်ငံတကာက ထိပ်တန်း တာဝန်ရှိသူတွေ ကလည်း တောင်းဆိုလိုက်ကြပါတယ်။

ရွေးကောက်ပွဲ တိုင်ကြားရေး ကော်မရှင်ရဲ့ နှောင့်နှေးကြန့်ကြာနေတဲ့ ကြေငြာချက် ထွက်ပေါ်မလာမီ မနေ့တုန်းကတော့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး ဘားနက် ကူချ်နာ (Bernard Kouchner)၊ အမေရိကန် အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ ဂျွန် ကယ်ရီ (John Kerry)၊ အမေရိကန် ပြည်ထောင်စုရဲ့ အာဖဂန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်း ဇာလ်မေး ခါလီဇက် (Zalmay Khalilzad) တို့ မြို့တော် ကဘူးလ် မှာ သမ္မတ ခါဇိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း တို့ဟာလည်း သောကြာနေ့တုန်းက အာဖဂန်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ကြပြီး ရှေ့မှာ နိုင်ငံကို ဘယ်သူက ခေါင်းဆောင်သွားမယ်၊ ဘယ်အချိန်မှာ စတင်နိုင်မယ် ဆိုတာတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မှုတွေကိုလည်း ပြောဆို ခဲ့ကြတာပါ။ ရွေးကောက်ပွဲ ရလဒ်တွေ ရှင်းရှင်းလင်းလင်း မရှိသေးဘဲနဲ့ အမေရိကန်က တပ်တွေ တိုးပြီး စေလွှတ်တာမျိုး လုပ်မယ်ဆိုရင်တော့ ဒါဟာ တာဝန်မဲ့ရာ ရောက်လိမ့်မယ် ဆိုပြီးတော့လည်း အထက်လွှတ်တော်အမတ် ကယ်ရီ က CNN ရုပ်မြင်သံကြား မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

အကြိုမဲရလဒ်မှာတော့ သမ္မတ ဟာမစ် ခါဇိုင်း က မဲအရေအတွက်ရဲ့ ၅၄ % ရရှိထားပြီး အဓိက စိန်ခေါ်ဖက်ဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း အဗ္ဗဒူလာ အဗ္ဗဒူလာ ကတော့ ၂၈ % ရရှိထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရွေးကောက်ပွဲ တိုင်ကြားရေး ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုတွေက သမ္မတ ခါဇိုင်း ရထားတဲ့ မဲအရေအတွက် ၅၀ % အောက် လျော့သွား နိုင်ပြီး၊ နောက်တကြိမ် ယှဉ်ပြိုင်ဖို့တွေလည်း ဖြစ်လာနိုင်ပါတယ်။

XS
SM
MD
LG