သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်တွေကို ပါကစ္စတန်စစ်တပ် စတင်ထိုးစစ်ဆင်


ပါကစ္စတန်နိုင်ငံက အိမ်နီးချင်း အာဖဂနစ္စတန်နယ်စပ်အနီးက တောင် ဝါဇီရစ္စတန်ပြည်နယ်ထဲမှာရှိတဲ့ တာလီဘန်တွေ အပေါ် ထိုးစစ်ဆင်ဖို့ အချိန်အတော်ကြာကတည်းက ပြင်ဆင်ထားခဲ့ရာက မနေ့တုန်းကတော့ တိုက်လေယာဉ် အကူအညီ တွေနဲ့ စစ်ဆင်ရေးတွေ စတင်လိုက်ပါပြီ။ စစ်ဆင်ရေးတွေ စတင်လိုက်တဲ့အကြောင်းကိုတော့ ပါကစ္စတန် စစ်တပ် ပြောခွင့်ရ သူက အတည်ပြုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေ အပါအဝင် ခန့်မှန်းချေ စစ်သွေးကြွ ၁ သောင်းလောက်ကို တိုက်ခိုက်ဖို့အတွက် ပါကစ္စတန် တပ်ဖွဲ့ဝင် ၃သောင်းကျော်က လမ်းကြောင်း ၃ ကြောင်းခွဲပြီး သောင်းကျန်းသူတွေရဲ့ အမာခံဒေသဘက်ကို ဦးတည်သွားခဲ့ကြတာပါ။ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ စစ်သွေးကြွတွေ ခိုအောင်းရာ နေရာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

Spinkai Ranghzai နဲ့ Sharwangai ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေ အတွင်းမှာတော့ အနည်းဆုံး စစ်သား ၄ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်သားတယောက်ကတော့ လမ်းဘေး ထောင်ဗုံးတလုံးကြောင့် သေဆုံးခဲ့တာလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်တုန်းက လူပေါင်း ၁၇၅ ယောက်ကျော် သေဆုံးခဲ့ရတဲ့ ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုတွေနောက် ပါကစ္စတန် အစိုးရရဲ့ ထိုးစစ်တွေ ဆင်နွှဲလာ တာပါ။ ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေ အတွက် တောင် ဝါဇီရစ္စတန်မှာရှိတဲ့ ပါကစ္စတန် တာလီဘန်တွေကို အစိုးရက အပြစ်ဖို့ ထားတာပါ။ မြေပြင်တိုက်ပွဲတွေက ရှောင်ရှားပြီး ထွက်ပြေးသူ ဒေသခံတွေဟာ ထောင်နဲ့ချီ ရှိနေကြောင်းလည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။

XS
SM
MD
LG