သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်စစ်ရေး အောင်မြင်ဖို့ ယုံကြည်ထိုက်တဲ့ အစိုးရ ရှိစေလို


အာဖဂန်အစိုးရ အနေနဲ့ အမေရိကန် ပြည်ထောင်စုက ကျေနပ်မှု ရလောက်အောင် ထိထိရောက်ရောက် မဆောင်ရွက်နိုင်မချင်း နောက်ထပ် တပ်ဖွဲ့တွေ စေလွှတ်ဖို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဆုံးဖြတ်ဦးမှာ မဟုတ်တဲ့အကြောင်း အိမ်ဖြူတော် ထိပ်တန်း အရာရှိတဦးက ပြောဆိုလိုက်ပါတယ်။

အာဖဂန်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ တကယ့်မိတ်ဖက် နိုင်ငံတခုဖြစ်ဖို့ အဆင်သင့် ဖြစ်မဖြစ် မသိရဘဲနဲ့ နောက်ထပ် တပ်တွေ စေလွှတ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် ဒါဟာ အဆင်အခြင်မဲ့ရာ ရောက်လိမ့်မယ်လို့ အိမ်ဖြူတော် အုပ်ချုပ်ရေးမှူး ရမ်းမ် အီမန်နျူယယ်လ် (Rahm Emanuel) က တနင်္ဂနွေနေ့တုန်းက အမေရိကန် ရုပ်သံဌာနတွေနဲ့ မေးမြန်းရာမှာ ပြောဆိုလိုက် တာပါ။

အိမ်ဖြူတော် စစ်ဘက်နဲ့ ကာကွယ်ရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တွေနဲ့ သမ္မတက ဒီတပတ်နဲ့ ရှေ့ ရက်သတ္တပတ်တွေမှာ တွေ့ဆုံ ဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

အာဖဂန်သမ္မတ ရွေးကောက်ပွဲမှာ အငြင်းပွားစရာ ဖြစ်နေရတာတွေနဲ့ ပတ်သက်တဲ့ ရလဒ်တွေကို မသိရဘဲနဲ့ တပ်တွေ ထပ်ပြီး စေလွှတ်မယ်ဆိုရင် ဒါဟာ တာဝန်မဲ့ရာ ရောက်လိမ့်မယ် ဆိုပြီးတော့လည်း အမေရိကန် ထိပ်တန်း အထက်လွှတ်တော် အမတ်ဖြစ်တဲ့ ဂျွန် ကယ်ရီ (John Kerry) က မနေ့တုန်းကပဲ ပြောဆိုလိုက်တာပါ။

ဒီအတောအတွင်း အာဖဂန် သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) အနေနဲ့ နောက်တကြိမ် ပြန်လည်ယှဉ်ပြိုင်ဖို့ နိုင်ငံတကာက ဖိအားတွေလည်း ကြီးထွားလာနေတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိနေတာနဲ့ ပတ်သက်လို့ နောက်တကြိမ် သမ္မတလောင်းတွေ ပြန်လည်ယှဉ်ပြိုင်မှုတွေ လုပ်ဖို့ ဆုံးဖြတ်ချက် ချနိုင်တဲ့ ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပေးထားတဲ့ ရွေးကောက်ပွဲ တိုင်ကြားရေး ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို လက်ခံဖို့ နိုင်ငံတကာ သံတမန် အသိုင်းအဝန်းက တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG