သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် တောင် ဝါဇီရစ္စတန် ဒေသ ထိုးစစ်မှာ စစ်သွေးကြွ ၆၀ သေဆုံး


တာလီဘန်နဲ့ အယ်လ်ကိုင်းဒါး သူပုန်တွေ အဓိက ခိုအောင်းရာ ပါကစ္စတန်နိုင်ငံက တောင် ဝါဇီရစ္စတန်ဒေသမှာ တိုက်လေယာဉ်တွေရဲ့ အကူအညီနဲ့ ပါကစ္စတန် တပ်ဖွဲ့တွေက စစ်သွေးကြွတွေအပေါ် ဒုတိယနေ့အဖြစ် ထိုးစစ်တွေ အကြီးအကျယ် ဆင်နွှဲနေပါတယ်။

စနေနေ့က စတင်ခဲ့တဲ့ ထိုးစစ်အတွင်း စစ်သွေးကြွ ၆၀ နဲ့ ပါကစ္စတန်စစ်သား ၅ ယောက် သေဆုံးခဲ့ကြောင်း အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ တာလီဘန် ပြောခွင့်ရသူကတော့ စစ်သွေးကြွတွေဘက်က အစိုးရတပ်ဖွဲ့တွေကို ခုခံတိုက်ခိုက်နိုင်ခဲ့သလို အထိအခိုက် အကျအဆုံးလည်း မများဘူးလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားရာ နေရာကို သွားရောက်ဖို့ စစ်တပ်က တားမြစ်ထားတာမို့ အထိအခိုက် အရေအတွက်နဲ့ ပတ်သက်လို့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေ အပါအဝင် စစ်သွေးကြွ ၁၀,၀၀၀ ကျော်လောက် ရှိနေတဲ့ သောင်းကျန်းသူတွေရဲ့ အမာခံစခန်းတွေရှိရာ နေရာကို ပါကစ္စတန်တပ်ဖွဲ့ ၃၀,၀၀၀ ကျော်က လမ်းကြောင်း ၃ ကြောင်းခွဲပြီး စနေနေ့ကစပြီး ဦးတည်သွားခဲ့ကြတာ ဖြစ်ပါတယ်။

ဆောင်းရာသီရောက်လာပြီး တိုက်ခိုက်ဖို့ အခက်အခဲတွေနဲ့ မကြုံရမီ စစ်ဆင်ရေးတွေဟာ ရက်သတ္တပတ် ၆ ပတ်ကနေ ၈ ပတ်အထိ ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းထားကြောင်းလည်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်တုန်းက လူပေါင်း ၁၇၅ ယောက်ကျော် သေဆုံးခဲ့ရတဲ့ ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုတွေနောက် ပါကစ္စတန် အစိုးရက ထိုးစစ်တွေ ဆင်နွှဲလာတာပါ။

ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေအတွက် တောင် ဝါဇီရစ္စတန်မှာရှိတဲ့ ပါကစ္စတန် တာလီဘန်တွေကို အစိုးရက အပြစ်တင်ထားပါတယ်။ ဒေသခံ ၁၀၀,၀၀၀ ကျော်ဟာတော့ ဒီထိုးစစ်တွေကနေ ရှောင်ရှားပြီး ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG