သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ရွေးကောက်ပွဲ နဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေး


မြန်မာနိုင်ငံမှာ ၂၀၁၀ မှာ ကျင်းပပြုလုပ်မယ်လို့ စစ်အစိုးရကြေညာထားတဲ့ အထွေထွေရွေးကောက်ပွဲက တိုင်းရင်းသား လူမျိုးစုတွေအတွက် အခွင့်အလမ်းကောင်းတရပ် ဖြစ်တယ်လို့ ယူဆလို့ ရနိုင်ပါသလား။ ဒီလာမယ် ရွေးကောက်ပွဲက ၂၀၀၈ ခုနှစ်က စစ်အစိုးရ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံဥပဒေပေါ်မှာ အခြေခံထားတာမို့ ဒီဖွဲ့စည်းပုံထဲမှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေးတွေကို အတိအကျပြဌာန်းသလားဆိုတာ မေးစရာ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (Forum for Democracy in Burma - FDB) နိုင်ငံခြားရေးကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးစိုးအောင် ကို ဗွီအိုအေ မြန်မာ သတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်းပြီး ရွေးကောက်ပွဲ နဲ့ တိုင်းရင်းသားများအခွင့်အရေး အကြောင်းအရာများကို ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးစိုးအောင် ။ ။ ၂၀၁၀ ရွေးကောက်ပွဲက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အခြေခံပြီး လုပ်မှာဖြစ်တယ်။ အဲဒီတော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေဖွဲ့စည်ပုံ ဖြစ်လာဖို့အတွက် ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံမှာ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့ (၁၃)ဖွဲ့ ကနေ အချက် (၁၉) ချက်ပါတဲ့ အဆိုပြုလွှာတရပ်ကို တင်သွင်းခဲ့တာရှိတယ်။ အဲဒါဘာလဲဆိုတော့ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကိစ္စတွေကို ထည့်သွင်းစဉ်းစားပေးဖို့ ပြောထားတဲ့ အဆိုပြုလွှာဖြစ်တယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာ ဒီထဲက အချက်တချက်ကိုတောင် ထည့်သွင်းရေးဆွဲခဲ့တာ မရှိဘူး။ ဒီ ဖွဲ့စည်းပုံဥပဒေကို အခြေခံထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲက သူတို့ရဲ့ အနာဂတ်ကို ပိုပြီးတော့ ကောင်းမွန်တိုးတက်အောင် ဖြစ်လာစေမလား၊ ပိုပြီးတော့ ဆုတ်ယုတ်စေမလားဆိုတာကို တိုင်းရင်းသားတွေက အခြေခံပြီးတော့ ဒီ ရွေးကောက်ပွဲကို ဝင်သင့် မဝင်သင့် ဆိုတာကို အလေးအနက် စဉ်းစားကြရမယ်။

ဦးသန်းလွင်ထွန်း ။ ။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ရေးဆွဲနေတဲ့ အမျိုးသားညီလာခံ ကျင်းပနေဆဲကာလမှာ ဦးစိုးအောင် ပြောခဲ့သလို အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားအဖွဲ့အစည်းတွေက သူတို့လိုလားတဲ့အချက်တွေကို တင်ပြခဲ့တယ်။ ဒါပေမဲ့ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိဘူးလို့ဆိုတယ်။ ဒါပေမဲ့ အဲဒီ အချက်တွေထဲမှာ အရေးကြီးဆုံးအချက်က ဘာလဲ။ အဲဒီ အချက်တချက်လောက်ကို ပြောပြပေးပါ။

ဦးစိုးအောင် ။ ။ အရေးကြီးဆုံး အချက်တချက်က ဘာလဲဆိုတော့ တိုင်းရင်းသားတွေက သူတို့ ယဉ်ကျေးမှု၊ ဘာသာစကား အခြေခံတဲ့ ပညာရေး အစရှိသဖြင့် အဲဒီအချက်တွေကို သူတို့ကိုယ်တိုင် ဘယ်လိုလုပ်ဆောင်ခွင့် ရှိမလဲ။ ဆိုလိုချက်က တိုင်းရင်းသားဒေသတွေမှာ ယဉ်ကျေးမှုနဲ့ ပတ်သက်တာ ကိုယ့်ဘာသာစကားကို သင်ကြားခွင့် ရှိမယ့်ဟာ အချက်တွေ ရှိတယ်။ အဲဒီအချက်တွေကို အာမခံတဲ့ဟာ နအဖချခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံထဲမှာ ဒါတွေ အာမခံတဲ့အချက်က လုံးဝမပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဒါအပြင်ကို တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့ ကိုယ့်နယ်မြေကို ကိုယ် ကာကွယ် စောင့်ရှောက် ပိုင်ခွင့်ပေါ့။ အခုလက်ရှိ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့တွေ ဆိုလိုရှိရင် အပစ်အခတ် ရပ်စဲထားပေမဲ့ သူတို့အနေနဲ့ လက်နက် တွေ စွဲကိုင်ထားပြီးတော့ လက်နက်ကိုင်အဖွဲ့တွေ ရှိနေဆဲ အဲဒီအဖွဲ့တွေရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဒီဖွဲ့စည်းပုံဥပဒေထဲမှာ တိတိကျကျ ပြဌာန်းထားတာ ရှိသလား။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ရည်ရွယ်ချက်အတိုင်း တိုင်းရင်းသား အဖွဲ့အစည်းတွေ အနေနဲ့ တိုင်းပြည်မှာ စစ်တပ်တခုတည်းပဲ ရှိရမယ်ဆိုတဲ့ အနေအထားမျိုးရောက်အောင် သဘောတူညီမယ့် အနေအထား မှာ ရှိနေသလား။

ဦးစိုးအောင် ။ ။ တိုင်းရင်းသားများအနေနဲ့တော့ ကျနော်အမြင် ပြောရရင် တိုင်းရင်းသားတွေ ကိုယ်ပိုင်အခွင့်အရေး၊ တန်းတူ ရည်တူ ရဖို့အတွက် တကယ်တမ်း ဖွဲ့စည်းပုံအခြေခံဥပဒေ တခုခုက အာမခံပေးနိုင်တယ် ဆိုလို့ရှိရင် တိုင်းပြည်တခုတည်းမှာ စစ်တပ်တခုတည်း ရှိရမယ်ဆိုတာကို သဘောတူဖို့ ဝင်မလေးဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ အဲဒါကို အခြေခံပေးမယ်ဆိုတဲ့ အချက်ကိုရဖို့က ပိုပြီးအရေးကြီးတယ်လို့ မြင်ပါတယ်။ အခုဖြစ်နေတဲ့ အချက်က ဘာကိုတွေ့ရသလဲဆိုလို့ရှိရင် မင်းတို့ လာပြီး တော့ ငြိမ်းချမ်းရေးလုပ်တယ်ဆိုရင် ငါတို့အောက်မှာပဲ နေရမယ်၊ ငါတို့ပြောစကား နားထောင်ရမယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေ တော့ ဒီကိစ္စမျိုးကိုတော့ ဘယ်တိုင်းရင်းသားအဖွဲ့အစည်းကမှ လိုလားတယ်လို့ မမြင်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်အားဖြင့် မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့အချက်တွေအရဆိုရင် ကေအန်အို ခေါ် ကချင်အမျိုးသားအဖွဲ့၊ ကေအန်ပီပီ ခေါ် ကယားပြည်သူတိုးတက်ရေးပါတီ အဖွဲ့တွေက ၂၀၀၈ ခုနှစ်အခြေခံဥပဒေတွေကို လက်မခံဘူး၊ ရွေးကောက်ပွဲကို မဝင်ဘူးဆိုပြီး တိတိကျကျ ကြေညာထားတာကို ကြားရပါတယ်။ ဒါပေမဲ့ တဖက်မှာ အီအန်စီ ခေါ်တဲ့ တိုင်းရင်းသားကောင်စီအဖွဲ့ က ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လက်မခံဘူးဆိုပေမဲ့ တိုင်းရင်းသားတွေအနေနဲ့ တခြား ရွေးစရာမရှိတဲ့အတွက်ကြောင့် ရွေးကောက်ပွဲကို ဝင်ဖို့လုပ်သင့်ရင်လည်း လုပ်ရမယ်လို့ဆိုတဲ့ သဘောမျိုးကို အမေရိကန်လွှတ်တော်အမတ်ဆီကို ရေးတဲ့စာတစောင်မှာ တွေ့ရတယ်။ အဲဒါနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေကြားမှာ သဘောထားကွဲနေတဲ့ သဘောလား။

ဦးစိုးအောင် ။ ။ ကျနော်အမြင်ကတော့ အီးအန်စီရဲ့ နောက်ဆုံးညီလာခံ အစည်းအဝေးက ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ကို ကြည့်မယ်ဆိုရင် အဲဒီအတိုင်းပြောထားတာ တွေ့ရတယ်။ ဒါပေမဲ့ ကျနော်တို့ အမေရိကန် အထက်လွှတ်တော်အမတ်ကို ရေးတဲ့စာထဲမှာတော့ အဲဒီဟာထက် ပိုပြီးတော့ ပိုပိုသာသာ လာမယ့်ရွေးကောက်ပွဲကို ဆန့်ကျင်မလုပ်ပါဘူးဆိုတာ ရှိတဲ့ အတွက် ဒါတွေက အီးအန်စီအဖွဲ့ထဲမှာ ပြန်ပြီးတော့ ညှိနှိုင်းဆွေးနွေးရမယ့် အနေအထားတွေရှိနေတာကို ကျနော်တို့ တွေ့ရ ပါတယ်။ ဘာဖြစ်လိုလည်းဆိုတော့ နောက်ပိုင်းမှာစာတွေ ပြန်လည်ထုတ်ပြီးတော့ ပြောဆိုတဲ့အချက်တွေမှာ ဒီကိစ္စက သူတို့ အပြန်အလှန် အကြေအလည်ဆွေးနွေးရမယ့် အချက်ဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားအများစုကတော့ ကျနော့် အမြင် ပြောရရင် သူတို့က တန်တူရည်တူ အခွင့်အရေးရတယ်ဆိုလိုရှိရင် ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေက သူတို့ရဲ့ အခွင့်အရေးတွေကို အာမခံနိုင်တယ်ဆိုလိုရှိရင် ဘာရွေးကောက်ပွဲမဆို တရားမျှတတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတခုကို အခြေခံတယ်ဆိုရင် သူတို့ ပါဝင်ပြီးတော့ ယှဉ်ပြိုင်အရွေးခံကြမှာဘဲ။ ရွေးကောက်ပွဲကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပိုပြီး အရေးကြီးတဲ့ အချက်ကို ထောက်ပြနေတယ်လို့ ကျနော်မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာအစိုးရဘက်ကတော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေက ပြည်သူတွေက တခဲနက်ထောက်ခံတဲ့ ဖွဲ့စည်းပုံဖြစ်နေတယ်၊ အဲဒါအပြင် အမျိုးသားညီလာခံမှာ အားလုံးနဲ့ ညှိနှိုင်းပြီးတော့ ရေးဆွဲထားတဲ့ အခြေခံဖွဲ့စည်းပုံ ဖြစ်တယ်လို့ဆိုတယ်။ အဲဒီတော့ သူတို့အနေနဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြန်ပြင်ပေးဖို့ဆိုတာ သိပ်ပြီးတော့ အလားအလာ မရှိဘူးဆိုတဲ့ သဘောမျိုးရှိနေတယ်။ အဲဒီတော့ အမျိုးသားညီလာခံ ကျင်းပနေတုန်းကလည်း တိုင်းရင်းသား အဖွဲ့အစည်းတွေကြားမှာ အမျိုးသားညီလာခံကို တက်ပြီးတော့ ဆွေးနွေးခွင့်တခုကို အခွင့်အရေးတရပ်အနေနဲ့ အသုံးချဖို့ အယူအဆ ရှိခဲ့သလို အခုရွေးကောက်ပွဲမှာလည်း ရွေးကောက်ပွဲဝင်ပြီးတော့ မိမိအခွင့်အရေးအတွက် ရယူဖို့ ပုံစံမျိုး ပြောဆိုကြတာတွေ ရှိကြတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဦးစိုးအောင် အနေနဲ့ ဘယ်လို သဘောမျိုး ကြားနေရပါသလဲ။

ဦးစိုးအောင် ။ ။ ကျနော်မြင်တာကတော့ အမျိုးသားညီလာခံကျင်းပချိန်တုန်းကလည်း ဒီ တိုင်းရင်းသား အဖွဲ့အစည်းတွေ ကလည်း မိမိတင်ပြဆွေးနွေးလိုတဲ့ အချက်တွေကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပိုင်ခွင့်မရှိခဲ့ဘူး၊ တင်ပြ ဆွေးနွေးတဲ့ အခါမှာလည်း ထည့်သွင်းပြီးတော့ ဒီအချက်တွေကို စဉ်းစားလက်ခံ အတည်ပြုတာမျိုးတွေ မရှိဘူးဆိုတော့ အခုလာမယ့် ရွေးကောက်ပွဲမှာလည်း အဲဒီလို အနေအထား အမျိုးမျိုးတော့ ရှိနိုင်တာပေါ့။ တချို့ကလည်း အထဲဝင်ပြီတော့ လုပ်ကြည့်ရင် ကောင်းမလား၊ ရွေးကောက်ပွဲဝင်ရင် ကောင်းမလား၊ ရသလောက်အနေအထား ယူကြည့်ရင် ကောင်းမလား။ ဒါပေမဲ့ အများစုကတော့ အနာဂတ်မှာ ငါတို့ တိုင်းရင်းသားတွေအပေါ်ကို အခြေခံတဲ့၊ တိုင်းရင်းသားတွေကို အခွင့်အရေး ရနိုင်တဲ့ တန်တူရည်တူ အခွင့်အရေးရနိုင်တဲ့ အခြေအနေကို ဘယ်လိုဖြစ်အောင် လုပ်ကြမလဲ ဆိုတာကို စဉ်းစဉ်းစားစား လုပ်ကြရ မယ် ဆိုတဲ့ အချက်ကို အလေးသာပြီးတော့ စဉ်းစားကြမယ်လို့ ကျနော် မြင်ပါတယ်။ တချို့ကလည်း ရတဲ့ field ထဲကနေ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အနေအထားမျိုးပေါ်မှာ စဉ်းစားနေတာ ရှိနိုင်ပါတယ်။ အထူးသဖြင့် အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေဆိုရင် သူတို့ကို တဖြည်းဖြည်းနဲ့ အင်အားချည့်နဲ့လာအောင် လုပ်လာတဲ့ကိစ္စမျိုးတွေရှိတယ်။ အဲဒီတော့ သူက ရတဲ့ဘောင်ထဲမှာ ဘယ်လို စဉ်းစားပြီးတော့ လုပ်ကြမလဲဆိုတဲ့ဟာကို အလေးအနက် အသည်းအသန် စဉ်းစားနေရတဲ့ အနေအထားမျိုး ရှိတယ်လို့ ကျနော်မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဆိုတော့ ရွေးကောက်ပွဲကို ရက်အတိအကျတော့ မကြေညာရသေးဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ရွေးကောက်ပွဲ ကော်မရှင်လည်း မဖွဲ့ရသေးဘူး။ ဒါပေမဲ့လည်း ယခုလက်ရှိ အခြေအနေကို ရွေးကောက်ပွဲအကြိုကာလလို့လည်း ပြောလို့ရတယ်ဆိုတဲ့ အနေအထားပေါ့။ နည်းနည်းတော့ စောသေးတာပေါ့။ ဒါပေမဲ့ လည်း အခုလက်ရှိအခြေအနေမှာ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးဆိုင်ရာတွေ ဒါမှမဟုတ် တိုက်ခိုက်မှုကိစ္စတွေ ဟာ ဆက်ဖြစ်နေတုန်းပဲလား။ အခြေအနေ တိုးတက်မှုတွေ ရှိနေသလား။

ဦးစိုးအောင် ။ ။ လူ့အခွင့်အရေး အခြေအနေတွေကတော့ တိုင်းရင်းသားဒေသတွေမှာ ဘယ်တုန်းကမှ တိုးတက်တာ မရှိဘူး။ ဆုတ်ယုတ်နေတာဘဲရှိတယ်။ မတရားအဓမ္မ ပေါ်တာဆွဲမှုတွေ၊ သတ်ဖြတ်မှုတွေ၊ မုဒိန်းကျင့်မှုတွေ၊ ရွာမီးရှို့မှုတွေက ပြောလို့ကို မကောင်းဘူး အမြဲတမ်း ဖြစ်ပျက်နေတယ်။ ပြီးခဲ့တဲ့ လတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ ကြည့်မယ်ဆိုရင် အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသားအဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်မှုတွေ၊ လက်ရှိတိုင်းရင်းသားနယ်မြေတွေမှာ ထိုးစစ်ဆင် ဆက်လက်လုပ်ဆောင်နေမှုတွေ အထူးသဖြင့် ရှမ်းပြည်နယ် နယ်ပိုင်းမှာဆိုရင် ဒီ ထိုးစစ်ဆင်မှုတွေကြောင့် လူပေါင်းသောင်းနဲ့ချီပြီး ရွှေ့ပြောင်းဒုက္ခရောက်တာတွေ၊ အိမ်ခြေယာခြေ စုစုပေါင်း ငါးရာကျော်လောက်ကို မီးရှို့ပြီးတော့ မြေလှန်စနစ် ကျင့်သုံးပြီးတော့ တိုက်ခိုက်နေတာတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို တိုင်းရင်းသားတွေက အလေးအနက် အခြေခံပြီး စဉ်းစားကြရမှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘာပြဿနာပေါ်နေသလဲဆိုတာကို နည်းနည်းလေး ရှင်းပြပါလား။ ဒီတိုင်းရင်းသားဒေသတွေမှာ။

ဦးစိုးအောင် ။ ။ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးဆိုတာက နအဖ အပြောအရဆိုရင် လက်နက်နဲ့ ငြိမ်းချမ်းရေး လှဲတယ်ပေါ့။ အဲဒီလိုဆိုပြီးတော့ ငြိမ်းချမ်းရေး ယူထားတယ် တိုင်းရင်းသားတွေကို ဘာအခွင့်အရေးမှ ပေးတာမရှိဘူး၊ နိုင်ငံရေးအရလည်း လုပ်ပိုင်ခွင့်လည်း မရှိဘူး။ တိုင်းရင်းသား ခေါင်းဆောင်တွေကို ထောင်ချထားတာရှိတယ်၊ တချို့ဆိုရင် ကျန်းမာရေးလည်း မကောင်းဘူး။ ဦးခွန်ထွန်းဦး -- တို့ကို ကြည့်ပေါ့။ အဲဒီလိုမျိုးအဖြစ်တွေက ဖြစ်နေတော့ ဒီ ငြိမ်းချမ်းရေး ယူထားတဲ့ ကိစ္စက ဘာလဲဆိုတာကို အများကြီးမေးခွန်း ထုတ်စရာရှိပါတယ်။ နောက်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှု တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ဟာကို ဘယ်ဟာနဲ့မှ နှိုင်းယှဉ်ကြည့်လို့ မရဘူး။ အမြဲတမ်းဘဲ အပစ်အခတ် ရပ်စဲရေး လုပ်မလဲ၊ ဘယ်တော့ တကယ်တမ်း ဒီဒေသတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်မလဲဆိုတဲ့ မေးခွန်းတွေက အမြဲတမ်းထုတ်နေတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ကိုးကန့်အဖွဲ့ နဲ့ မြန်မာစစ်အစိုးရတပ် တို့ တိုက်ပွဲပြန်ဖြစ်တဲ့ ကိစ္စက အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေ နဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ဒေသတွေအပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိခဲ့သလဲ။


ဦးစိုးအောင် ။ ။ ကျနော်မြင်တာကတော့ ကိုးကန့်အဖွဲ့ကို target ထားပြီး တိုက်တယ်ဆိုတာက ကိုးကန့်အဖွဲ့က အဲဒီနေရာမှာ အင်အားအနည်းဆုံးအဖွဲ့ ဖြစ်နေတာရယ်၊ နောက်ပြီးတော့ သူတို့ပြောတာကို နားမထောင်ဘူးဆိုရင် ဒီလို ကံကြမ္မာမျိုးနဲ့ တွေ့ကြုံရမယ်မျိုး ပြောချင်တာရယ် အဲဒီအဖွဲ့ကို ရွေးချယ်ပြီးတော့ တိုက်တယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ အင်အားကြီးတဲ့အဖွဲ့ ဝ တပ်ဖွဲ့လို အဖွဲ့မျိုးကို တိုက်ရဲသလားဆိုတာက နောက်အနေအထားတခုရှိတယ်။ နောက်ပြီးတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက ကန့်ကွက်မှုတွေကို သူတို့က ရင်ဆိုင်နေရတယ်ဆိုတော့ အဲဒီလို အနေအထားမျိုးထိ ရောက်သွားအောင် လုပ်ကြမလား။ တကယ်တမ်းပဲ အမြစ်ပြုတ်ချကြမလား၊ အပစ်အခတ်ရပ်စဲရေးတွေကို ငါ့စကားနားမထောင်ရင် ငါ လုပ်တာ ခံရမယ်ဆိုတာမျိုးကို ကျနော်တို့ စောင့်ပြီးကြည့်ရမယ် ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလောလောဆယ် ကြားသိနေရတဲ့ အခြေအနေအရဆိုရင် အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသား အဖွဲ့ တွေ ကြားထဲမှာ တော်တော်များများက မြန်မာစစ်အစိုးရ ချထားတဲ့လမ်းစဉ်အတိုင်း နယ်ခြားစောင့် လက်နက်ကိုင်အဖွဲ့ အသွင်ပြောင်းရေးကို လက်ခံမယ်၊ ရွေးကောက်ပွဲကို တနည်းမဟုတ်တနည်း နဲ့ ဝင်ရောက်လို့ ယှဉ်ပြိုင်ကြမယ်ဆိုတဲ့ အနေအထားပဲ ဖြစ်နေကြတယ်မဟုတ်လား။ ဒါ အများစု ဖြစ်နေတဲ့အခြေအနေ မဟုတ်လား။

ဦးစိုးအောင် ။ ။ ကျနော်မြင်တာကတော့ အများစုရယ်လို့ ပြောလို့မရဘူးလို့ ထင်တယ်ခင်များ။ တိုင်းရင်းသားအများစုတွေက အဖွဲ့အစည်းအများစုက စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန် လုပ်နိုင်တဲ့ အဖွဲ့အစည်းတွေ များတယ်။ သူတို့က တကယ်တမ်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ သူတို့ရဲ့ အခြေအနေ တိုးတက်မှုရှိမလား ဆိုတဲ့ဟာကို တကယ်တမ်းကတော့ ဖြစ်နိုင်ဖို့ အလားအလာနည်းတယ်ဆိုတဲ့ အချက်ပေါ်မှာ အခြေခံပြီးတော့ စဉ်းစားကြမှာဘဲ။ အဲဒီတော့ အဲဒီလိုမျိုးက အများစု ဖြစ်တယ်လို့ ကျနော်ထင်တယ် လုံးဝ ပြောလို့မရပါဘူး။



ဆက်စပ်သတင်းများ ...

XS
SM
MD
LG