သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ လူထုအခြေပြု ညီလာခံ မြန်မာနိုင်ငံ ကိုယ်စားပြုရေး အငြင်းပွား


ထိုင်းနိုင်ငံမှာ လာမယ့် သီတင်းပတ်အကုန်မှာ ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ အခုတော့ အာဆီယံ လူထုအခြေပြု ညီလာခံ ကျင်းပနေပါတယ်။ ဒီညီလာခံမှာ မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်နေကြတဲ့ ပြည်တွင်းနဲ့ ပြည်ပက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေအကြား အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ နိုင်ငံကိုယ်စားပြုတယောက် ရွေးချယ်ရာမှာ သဘောတူညီမှု မရသေးဘူးလို့ သိရပါတယ်။ အကြောင်းစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ ချအမ်းမြို့မှာ ပြုလုပ်နေတဲ့ အာဆီယံ လူထုအခြေပြု ညီလာခံမှာ မြန်မာနိုင်ငံ ကိုယ်စားပြု NGO ကိုယ်စားလှယ်တဦး ရွေးချယ်ဖို့ ပြည်တွင်းကိုယ်စားလှယ်တွေနဲ့ ပြည်ပနိုင်ငံ ကိုယ်စားလှယ်တွေအကြား ညှိနှိုင်းလို့မရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

အစည်းအဝေး တက်နေတဲ့ ထိုင်းနိုင်ငံအခြေစိုက် FED ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေရှင်း ဒါရိုက်တာ ဦးထူးချစ်က အခြေအနေကို ခုလိုရှင်းပြပါတယ်။

“ဒီနှစ်ကတော့ ကျနော်တို့ ဗမာပြည်ရဲ့ ကိုယ်စားလှယ်ကို ရွေးဖို့ ခက်ခဲနေတယ်။ ပြည်တွင်းကလာတဲ့ ကိုယ်စားလှယ်တွေကလည်း သူတို့ရဲ့ ကိုယ်စားလှယ်ကို ရွေးဖို့နဲ့ ဒီဘက်ကလူတွေနဲ့ နည်းနည်းတော့ ညှိနှိုင်းတုန်း ရှိနေတော့ အဲဒီ အာဆီယံရဲ့ ဦးဆောင်မှု ကော်မတီက ဗမာပြည်အတွက် ကိုယ်စားလှယ် ရွေးပေးမယ်ဆိုတဲ့ဟာမျိုး အခုပြောဆိုနေတယ်။

“ရွေးချယ်ပေးမယ်၊ ဘာလို့လဲဆိုတော့ မနေ့တုန်းက ကျနော်တို့ နှစ်ဘက် အစည်းအဝေး လုပ်ကြတယ်၊ ပြည်တွင်းကလာတဲ့ အခြေခံ လူ့အဖွဲ့အစည်းတွေပေါ့နော်၊ ကျနော်တို့ ဒီဘက်မှာ ထိုင်းနဲ့ အချို့နေရာတွေမှာ အခြေစိုက်တဲ့ ဗမာအဖွဲ့စည်းတွေနဲ့ ဆွေးနွေးတယ်။ တယောက်ပဲ ရွေးရမယ်ဆိုတော့ သူတို့ကလည်း သူတို့ဆီကလူကို အတည်ပြုတယ်၊ ကျနော်တို့ဆီကလူကို ကျနော်တို့ အတည်ပြုတော့ လက်မခံဘူးဖြစ်တယ်။”

အာဆီယံ ဦးဆောင်မှု ကော်မတီရဲ့ ကိုယ်စားလှယ် ရွေးချယ်ပေးမှုကိုလည်း ပြည်ပရောက် မြန်မာ NGO တွေက လက်ခံမှာ မဟုတ်ဘူးလို့ ဦးထူးချစ်က ဆက်ပြောပါတယ်။

ပြည်တွင်းကလာတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ NGO ၂၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ Myanmar NGO Network အပြင် အမျိုးသမီးရေးရာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

အာဆီယံပဋိညာဉ်အရ နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံကိုယ်စားပြု NGO တွေ တွေ့ဆုံဆွေးနွေးတဲ့ အစီအစဉ်ကို မနှစ်က စတင်ခဲ့ပြီး အဲဒီတုန်းက မြန်မာနိုင်ငံကိုယ်စား ရွေးချယ်ခံခဲ့ရတဲ့ မခင်ဥမ္မာကို ကမ္ဘောဒီးယားနဲ့ မြန်မာအစိုးရတို့က ကန့်ကွက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံက NGO တွေဟာ အစိုးရနဲ့ ဆက်နွယ်မှုရှိတယ် ဆိုတာကို လူထုအခြေပြု ညီလာခံမှာ တင်ပြခဲ့တယ်လို့ ဦးထူးချစ်က ဆက်ပြောပါတယ်။

“အဓိကတော့ မြန်မာပြည်မှာ လက်ရှိအခြေအနေနဲ့ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO မရှိဘူးဆိုတဲ့အကြောင်း၊ ဗမာပြည်ကလာတဲ့ သူတွေဟာ အစိုးရက တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ပံ့ပိုးပေးပြီး အစိုးရနဲ့ တိုက်ရိုက်လုပ်တဲ့ အဖွဲ့အစည်းတွေပဲ ဖြစ်တယ်။ ဒါကြောင့်မို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း စစ်စစ်လို့ ပြောလို့မရဘူး။ ဒါကြောင့်မို့ လူမှုရေး ဖွံ့ဖြိုးမှု လုပ်ငန်းတွေမှာ လုပ်ရတာ အခက်အခဲ ရှိမယ်ဆိုတဲ့အကြောင်း ပြောတယ်။”

ဒါပေမဲ့ ညီလာခံ တက်ရောက်နေတဲ့ သံလွင်မြစ် စောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူ ကိုစိုင်းစိုင်းကတော့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာနဲ့ ပတ်သက်လို့ ပြည်တွင်းကိုယ်စားလှယ်တွေနဲ့လည်း အတွေ့အကြုံ ဖလှယ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ရဲ့ Section အပေါ်မှာ အဲဒီလိုမျိုး ဆွေးနွေးမယ်ဆိုရင်လည်း အထဲမှာရှိနေတဲ့ အတွေးအခေါ်ပေ့ါနော်၊ အဲဒီအခြေအနေတွေကို ကျနော်တို့အနေနဲ့ အပြန်အလှန် နှီးနှောဖလှယ်တဲ့ အနေနဲ့ ဆွေးနွေးချင်တယ်ပေါ့နော်၊ ဖြစ်နိုင်မယ်ဆိုရင်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အထဲကလူတွေ အတွေးအခေါ်လည်း ဘယ်လိုရှိနေသလဲဆိုတာ ကျနော်တို့လည်း သိချင်တယ်။ နောက်ပြီး နယ်စပ်ဒေသမှာ လှုပ်ရှားနေကြတဲ့ ကျနော်တို့ အတွေ့အကြုံ၊ ကျနော်တို့ လှုပ်ရှားနေတဲ့ ဒေသမှာ ဘယ်လိုမျိုး အခြေအနေ ရှိနေသလဲဆိုတာ မျက်နှာချင်းဆိုင် သို့မဟုတ် အပြန်အလှန် ဆွေးနွေးနိုင်ရင် ပိုကောင်းတာပေါ့။”

တချိန်တည်းမှာပဲ သံလွင်မြစ်ပေါ်က ရေကာတာကြီးတွေ တည်ဆောက်မယ့် နေရာတွေဟာ အချိန်မရွေး စစ်မက်ဖြစ်ပွားနိုင်တဲ့ ဒေသတွေ ဖြစ်တာမို့ အမြန်ဆုံး ရပ်တန့်ပေးဖို့ နယ်စပ်အခြေစိုက် သဘာ၀ ပတ်ဝန်းကျင်အရေး လှုပ်ရှားတဲ့ ၅၁ ဖွဲ့က ထိုင်းအစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG