သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ရွေးကောက်ပွဲအရေး သမ္မတ ခါဇိုင်း ကြေညာမည်


အငြင်းပွားနေကြတဲ့ အာဖဂန်နစ္စတန် သမ္မတရွေးကောက်ပွဲ မဲအနိုင်အရှုံးစာရင်းနဲ့ ပတ်သက်ပြီး အာဖဂန်သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) က သူဖြေရှင်းပေးမယ့် အစီအစဉ်တွေကို ဒီကနေ့ အင်္ဂါနေ့မှာ ကြေညာလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က မနေ့က ဝါရှင်တန်ဒီစီ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ အခုလို ပြောဆိုပါတယ်။

“အာဖဂန် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ဆုံးဖြတ်ချက်တခု ချတာကို လာမယ့်ရက်တွေအတွင်း တွေ့ကြရလိမ့်မယ်လို့ ကျမတို့ သိပ်ကို မျှော်လင့်ထားတာပါ။ ဒါပေမဲ့ ကျမတို့အနေနဲ့ ဘာကိုမှ ကြိုတင်ပြီး ပြောမထားချင်ပါဘူး။ နောက်တဆင့် ရှေ့ကို ဘယ်လိုဆက်သွားကြမလဲ ဆိုတာကို သမ္မတ ခါဇိုင်း အင်္ဂါနေ့မှာ ထုတ်ပြန်မယ့် ကြေညာချက်ထဲမှာ ဖော်ပြထားမှာပါ။”

တနင်္လာနေ့ အစောပိုင်းက အာဖဂန်နစ္စတန် ကုလသမဂ္ဂ ရွေးကောက်ပွဲ တိုင်ကြားမှု စစ်ဆေးရေး ကော်မရှင် (ECC) က မဲရုံပေါင်း ၂၁၀ ကို စစ်ဆေးတွေ့ရှိချက်အရ အာဖဂန်နစ္စတန် သမ္မတ ရွေးကောက်ပွဲကို တကျော့ပြန် ပြုလုပ်ရဖွယ် ရှိပါတယ်။ အခုလို တကျော့ပြန် ရွေးကောက်ပွဲကို သမ္မတ ခါဇိုင်း အနေနဲ့ လက်ခံမလား ဆိုတာကိုတော့ ဝန်ကြီး ကလင်တန်က ပြောဆိုသွားခြင်း မရှိပါဘူး။

အာဖဂန်နစ္စတန် သမ္မတ ရွေးကောက်ပွဲကို တကျော့ပြန် ပြုလုပ်ရေးကို ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲတုန်းက သမ္မတ ခါဇိုင်းရဲ့ အဓိကပြိုင်ဘက် နိုင်ငံခြားရေး ဝန်ကြီးဟောင်း အဗ္ဗဒူလာ အဗ္ဗဒူလာ (Abdullah Abdullah) က တောင်းဆိုနေတာပါ။

ကုလသမဂ္ဂ ကျောထောက်နောက်ခံ ပေးထားတဲ့ အာဖဂန် ရွေးကောက်ပွဲ တိုင်ကြားမှု စစ်ဆေးရေး ကော်မရှင် (ECC) က မဲရုံတွေက မဲစာရင်းတွေကို စစ်ဆေးပြီးတဲ့နောက် မဲမသမာမှုတွေရှိကြောင်း ရှင်းလင်းတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့ရတယ်လို့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG