သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် အစီရင်ခံစာမှာ မြန်မာနိုင်ငံ အဆင့် ၁၇၁


မြန်မာနိုင်ငံမှာ သတင်းသမားတွေကို ပိုပြီး ဖိနှိပ်ချုပ်ချယ်လာတာမို့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်မှု အဆင့်ဟာ မနှစ်က ၁၇၀ ရှိနေရာက အခု ၁၇၁ ကို ကျသွားတယ်လို့ RSF ခေါ် ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ကြီးက ပြောလိုက်ပါတယ်။

၂၀၀၈ ခုနှစ် စက်တင်ဘာလကနေ ၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်း နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် ဘယ်လောက်ရှိတယ်ဆိုတဲ့ အတိုင်းအတာကို RSF က စောင့်ကြည့် လေ့လာထားတဲ့ နှစ်လည် အစီရင်ခံစာကို အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းသမားတွေကို ပိုပြီး ဖမ်းဆီးမှုတွေနဲ့ ကန့်သတ်မှုတွေ ပိုပြီး များလာတာကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဆိုးဝါးနေဆဲပဲလို့ ဆိုပါတယ်။

မြန်မာနိုင်ငံအပြင် မြောက်ကိုရီးယား၊ အီရန်၊ အီရစ်ထရီးယားနဲ့ တာ့ခ်မင်နစ္စတန် နိုင်ငံတွေမှာလည်း ဆိုးဝါးဆဲ ဖြစ်နေသလို တရုတ်နိုင်ငံမှာတော့ နိုင်ငံတကာက ဝိုင်းဝန်း ဝေဖန်နေတဲ့ကြားက တိုးတက်လာတာ မတွေ့ရဘူးလို့ ဖော်ပြထားပါတယ်။

ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ဒေသတွေက တချို့နေရာတွေမှာ သတင်းလွတ်လပ်ခွင့် အခြေအနေ လျော့ပါးလာတဲ့ နိုင်ငံတွေ ရှိလာတာမို့ ရှုတ်ချ ပြစ်တင်ခဲ့တဲ့အပြင် ဥရောပမှာတော့ နိုင်ငံ ၁၃ နိုင်ငံဟာ သတင်းလွတ်လပ်ခွင့် အပြည့်ရှိတဲ့ နိုင်ငံတွေအဖြစ်နဲ့ ထိပ်ဆုံးမှာ ဆက်လက်တည်နေတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG