သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ပဋိညာဉ်စာတမ်းနဲ့ လူထုအခြေပြု အဖွဲ့အစည်းများ


အာဆီယံ (ASEAN) ဟာ လူထုအခြေပြု အဖွဲ့အစည်းတခု ဖြစ်ရမည်ဆိုတဲ့ အချက် ထည့်သွင်းထားတဲ့ ပဋိညာဉ်စာတမ်း (ASEAN Charter) ကို အဖွဲ့ဝင်ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့ကြစဉ်တုန်းက ဒီလိုဆုံးဖြတ် လုပ်ဆောင်ချက်ဟာ အာဆီယံသမိုင်းမှာ စာမျက်သစ် ဖွင့်လှစ်နိုင်လိုက်တာလို့ အာဆီယံအဖွဲ့ကြီး လက်ရှိ အထွေထွေအတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) က ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစာတမ်းကို သက်ဆိုင်ရာနိုင်ငံတွေ အတည်ပြုပြီး လူထုကို အခြေပြုသော အာဆီယံ ဖြစ်တယ်ဆိုတဲ့ မူ (policy) ကို အကောင်အထည်ဖော်ဖို့ လုပ်လာတဲ့ အခါမှာတော့ အခက်အခဲများကို ရင်ဆိုင်နေရပါတယ်။

ထိုင်းနိုင်ငံ ဟွာဟင် (Hua Hin) ကမ်းခြေမှာ အောက်တိုဘာလ ၂၃-၂၅ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ၁၅ ကြိမ်မြောက် အာဆီယံထိပ်သီး (15th ASEAN Summit) အစည်းအဝေးမှာ လူထုကိုယ်စားပြု ကိုယ်စားလှယ်တွေနဲ့ အာဆီယံ ခေါင်းဆောင်များ တွေ့မယ့် အစီအစဉ်အတွက် လူထုကိုယ်စားလှယ် ရွေးချယ်ဖို့ ခက်ခဲနေပါတယ်။ လက်ရှိ အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပမယ့် ဟွာဟင်ကမ်းခြေမြို့ကို ရောက်ရှိနေတဲ့ မြန်မာ့အရေး လေ့လာသုံးသပ်နေသူ ကိုကျော်လင်းဦးနဲ့ လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) က ညွှန်ကြားရေးမှူး ကိုအောင်မျိုးမင်း တို့ကို အာဆီယံအဖွဲ့ကြီးရဲ့ ASEAN Charter နဲ့ လူထုအခြေပြု အဖွဲ့အစည်းများ ရပိုင်ခွင့်၊ ပါဝင်ခွင့် အခြေအနေများကို သိရှိနိုင်ဖို့ ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ကိုကျော်လင်းဦး ။ ။ အခြေအနေကတော့ ဒီနေ့လုပ်တဲ့ ASEAN People Forum မှာ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ အဓိကအားဖြင့် NGO တွေမှာ နှစ်ဖွဲ့ဖြစ်နေတယ်။ နှစ်ဖွဲ့မှာ ပြည်သူကို ကိုယ်စားပြုတဲ့ အဖွဲ့လို့ ပြောရမလား၊ ပြည်သူနဲ့ နီးစပ်တဲ့အဖွဲ့နဲ့ အစိုးရဘက်က လွှတ်တဲ့အဖွဲ့၊ အစိုးရနဲ့ နီးစပ်တဲ့အဖွဲ့ စတဲ့ အဖွဲ့နှစ်ဖွဲ့ နိုင်ငံတွေမှာ ဖြစ်နေတယ်။ ဖြစ်နေတဲ့အခါကြတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ လုပ်ခဲ့တဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲမှာ အာဆီယံ ၁၀ နိုင်ငံ ခေါင်းဆောင် တွေကနေ NGO ကိုယ်စားလှယ် ၁၀ ယောက်၊ တနိုင်ငံ တယောက်အနေနဲ့ ကိုယ်စားပြုပြီးတော့ တွေ့မယ်လို့ စီစဉ်တယ်။ ဒီတခါ အလားတူ စီစဉ်တဲ့အခါ မြန်မာအပါအဝင် တချို့နိုင်ငံတွေက သူတို့တွေ့ချင်တဲ့ NGO ကိုယ်စားလှယ်တွေကို သူတို့ဘာသာသူတို့ ရွေးပြီးသား ဖြစ်နေတယ်။ ရွေးပြီးသား ဖြစ်နေတော့ ဒီဘက်ကနေပြီး တကယ့် civil society ကနေ ကိုယ်စားလှယ် လွှတ်မယ့်အခါကျတော့ အဲဒီမှာ နှစ်ဘက် အချေအတင် ဖြစ်သွားတဲ့ဟာမျိုးတွေ ရှိခဲ့တယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်မျိုးမင်း၊ NGO ကို ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။ အခုအတိုင်းဆိုရင် မြန်မာနိုင်ငံ အပါအဝင် စောစောက ကိုကျော်လင်းဦးပြောတဲ့ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့မှာလည်း အစိုးရလွှတ်တဲ့လူတွေ ပါဝင်တယ်ဆိုတော့ အစိုးရလွှတ်တဲ့ လူတွေဟာ NGO ဖြစ်နိုင်ပါသလား။ NGO အစစ်အမှန်ဆိုတာ ဘယ်လို definition ဘယ်လိုအဓိပ္ပာယ် ဖွင့်ဆို နိုင်သလဲ။

ကိုအောင်မျိုးမင်း ။ ။ ဟုတ်ကဲ့ NGO ဆိုတာ အင်္ဂလိပ်လို non-governmental organization (NGO) ပါ။ သူ့ရဲ့ နာမည် ကိုယ်တိုင်က အစိုးရမဟုတ်သော အဖွဲ့အစည်းလို့ ပြောနိုင်ပါတယ်။ တချို့ဒေသတွေမှာ ဒါကိုတော့ လူထုအခြေပြု အဖွဲ့အစည်း civil society organization လို့လည်း ခေါ်ပါတယ်။ ဘယ်လိုပဲ အဓိပ္ပာယ်သတ်မှတ်၊ သတ်မှတ်ချက်ကတော့ ဒီအဖွဲ့ဟာ အစိုးရရဲ့ အချုပ်အနှောင်မှု ကင်းရမယ်၊ အစိုးရရဲ့ သြဇာသက်ရောက်မှု ကင်းပြီးတော့ အစိုးရရဲ့ လိုအပ်ချက် တွေကို ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ပြီးတော့ ပြည်သူလူထုရဲ့ အမှန်တကယ် လိုအပ်ချက်ကို တင်ပြနိုင်တဲ့ အဖွဲ့အစည်းမျိုး ဖြစ်ရမယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပြောမယ်ဆိုရင် NGO တွေက အစိုးရရဲ့ ပေါ်လစီပေါ်မှာ အများကြီး မူတည်နေ တာကို တွေ့ရတယ်။ အစိုးရတရပ်က ဒီ NGO တွေရဲ့ လုပ်ဆောင်မှုကို အားပေးမယ်ဆိုရင် အဖွဲ့အစည်းက အားကောင်း လာတယ်။ ဒါမှမဟုတ်ဘဲ အစိုးရက NGO တွေကို ကန့်သတ်ချက်တွေ လုပ်ပြီးတော့ သူတို့ရဲ့ ပုံစံအတိုင်း မူဝါဒကို အကောင်အထည်ဖော် ဝါဒဖြန့်တဲ့နေရာမှာ အသုံးချတဲ့ government NGO ဆိုတဲ့ ပုံစံဖြစ်အောင် ဖန်တီးနေပါတယ်။ ဒီလိုမျိုး က NGO လို့ မခေါ်ဘဲ GONGO (government-organized NGO) လို့ခေါ်တဲ့ ကိစ္စမျိုးကို တွေ့ရတယ်။

မြန်မာနိုင်ငံ အပါအဝင် တပါတီစနစ်တွေ ကျင့်သုံးနေတဲ့ တရုတ်နိုင်ငံမျိုး၊ စင်ကာပူနိုင်ငံမျိုးမှာ အဲဒီလို အဖွဲ့အစည်းတွေကို တွေ့ရတယ်။ ကြည့်လိုက်လို့ရှိရင် အစိုးရမဟုတ်တဲ့လူတွေ ဖြစ်ပေမဲ့ အစိုးရပေါ်လစီကို အကောင်အထည်ဖော်တဲ့ ပုံစံမျိုး တွေ ဖြစ်နေတာကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုကျော်လင်းဦး အနေနဲ့ အခုတွေ့ရတာ စင်ကာပူတော့ မပါဘူး။ ကိုကျော်လင်းဦး ပြောတဲ့အထဲမှာ မြန်မာရယ်၊ ဗီယက်နမ်ရယ်၊ ကမ္ဘောဒီးယားလား။

ကိုကျော်လင်းဦး ။ ။ အခု ကျနော်တို့ တွေ့ရတာက ကမ္ဘောဒီးယား၊ မြန်မာနဲ့ ဗီယက်နမ်တို့က အဓိကပေါ့။ ဘာလို့လဲဆိုတော့ နှစ်ဖွဲ့လာတဲ့အခါကျတော့။ စင်ကာပူ ကိုယ်စားလှယ်ကလည်း လာပါတယ်။ စင်ကာပူ ကိုယ်စားလှယ်က စင်ကာပူ အစိုးရနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ NGO ဘက်က မလာတဲ့အတွက် စင်ကာပူက ကြီးကြီးမားမား ပြဿနာမရှိတဲ့ သဘောရှိတယ်။ ဒါပေမဲ့ အာဆီယံ ခေါင်းဆောင်တွေနဲ့ ကျနော်တို့ civil society ကိုယ်စားလှယ်တွေ တွေ့တဲ့အခါမှာတော့ အစိုးရဘက်က ရွေးချယ် ထားတဲ့ အထဲမှာ စင်ကာပူနိုင်ငံလည်း ပါတယ်။ သူတို့ကလည်း သူ့လူ သူပဲ ရွေးပြီးတော့ အဆိုပြုထားတာ ရှိတယ်။ ကျနော် သိသလောက် အာဆီယံ ၁၀ နိုင်ငံထဲမှာ အနည်းဆုံး ၇ နိုင်ငံလောက်က အဲဒီလို လုပ်ထားတယ်။ ဆိုတော့ တကယ့် civil society အစစ်အမှန် တက်တာဆိုလို့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ပဲ ရှိတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်မျိုးမင်း၊ အာဆီယံ ပဋိညာဉ်စာတမ်းရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ။ အဲဒီလို အစိုးရက ဦးဆောင်တဲ့ အစိုးရရဲ့ သြဇာရိပ်အောက်က မကင်းလွတ်တဲ့ NGO တွေနဲ့ပဲ ကျေနပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိသလား။ ဒီဟာထက် ပိုပြီးတော့ ဘယ်လောက်ထိ လူထုကို တိုက်ရိုက်ထိတွေ့ ဆက်ဆံဖို့ ရည်ရွယ်ချက် ရှိပါသလဲ။

ကိုအောင်မျိုးမင်း ။ ။ အာဆီယံရဲ့ Charter ထဲမှာ အတိအကျ ဖော်ပြထားတာ တခုကတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း civil society အဖွဲ့အစည်းတွေရဲ့ အတွေးအမြင်၊ အယူအဆတွေကို ထည့်သွင်းစဉ်းစားရမယ်။ သူတို့နဲ့ တတ်နိုင်သရွေ့ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်မှုတွေ ရှိရမယ်ဆိုတာ အတိအလင်း ဖော်ပြထားပါတယ်။ အာဆီယံရဲ့ အခုလက်ရှိ အထွေထွေ အတွင်းရေးမှူးဖြစ်တဲ့ မစ္စတာ ဆူရင် ပစ်ဆူဝန်ဆိုရင် အာဆီယံက community တွေရဲ့ center ဖြစ်တယ်၊ လူထုအဖွဲ့အစည်းတွေရဲ့ center ဖြစ်တယ်၊ လူထုအဖွဲ့အစည်းတွေရဲ့ တန်ဖိုးကို လေးစားရမယ်လို့ အကြိမ်ကြိမ် အခါခါ ပြောထားပါတယ်။

အဲဒီတော့ ဒီ လူထုဖွဲ့စည်းမှု အခြေပြုတဲ့ အဖွဲ့ဆိုတာက အစိုးရရဲ့ ပေါ်လစီကို ယူနီဖောင်းပြောင်းပြီး လာပြောတဲ့ အဖွဲ့မျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ ပြည်သူလူထုကြားထဲမှာ နေပြီး ပြည်သူလူထုတွေရဲ့ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို တကယ်တမ်း ကိုယ်တိုင်ခံစား၊ လေ့လာပြီးတော့မှ ပြည်သူလူထုရဲ့ အသံကို ယူဆောင်ပြီး ပြောတဲ့ NGO မျိုးကို ဆိုလိုတာပါ။ civil society ဆိုတာက တကယ့်ကို လူထုအဖွဲ့အစည်း ကြားထဲမှာ အခြေခံတဲ့ အဖွဲ့အစည်းမျိုးကို ဆိုလိုတာပါ။

အာဆီယံအနေနဲ့ သူ့ရဲ့ မူဝါဒအတိုင်း လူထုအဖွဲ့အစည်းတွေကို လက်ခံတွေ့ဆုံမယ်လို့ ပြောပေမဲ့ လူထုအဖွဲ့အစည်းတွေက တကယ်ကို ကိုယ်စားပြုတဲ့ လူထုအဖွဲ့ မဟုတ်ဘဲနဲ့ အစိုးရရဲ့ အာဘော်တွေကို လာရောက်ပြီး ပြောဆိုတဲ့ပုံစံမျိုး ဖြစ်ရင်တော့ သူတို့ပြောထားတဲ့ ASEAN Charter မှာပါတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ဆန္ဒကို ခံယူ တန်ဖိုးထားရမယ်ဆိုတဲ့ အချက်နဲ့ လုံးဝ ဖီလာဆန့်ကျင် ဖြစ်နေတာ တွေ့ရမှာပါ။

ဦးကျော်ဇံသာ ။ ။ ကိုကျော်လင်းဦးရော ဘယ်လိုမြင်လဲ၊ ASEAN Charter ဟာ အာဆီယံရဲ့ လက်ရှိ အခြေအနေထက် ရှေ့ကို ရောက်နေတယ်။ ASEAN Charter မှာ ရေးထားတဲ့အတိုင်း အာဆီယံရဲ့ လက်ရှိအခြေအနေက မလိုက်နိုင်တဲ့ သဘောမျိုး ဖြစ်မနေဘူးလား။

ကိုကျော်လင်းဦး ။ ။ ကျနော်မြင်တာကတော့ အခု ASEAN People Forum လုပ်တဲ့တကြိမ်မှာ ပြီးခဲ့တဲ့ အကြိမ်ကထက်စာရင် နောက်ကိုဆုတ်သွားတဲ့ သဘောလို့တောင် မြင်ရတယ်ခင်ဗျ။ ဘာလို့လဲဆိုရင် ပြီးခဲ့တဲ့အကြိမ်မှာ ထိုင်းအစိုးရဘက်က နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ် (Kasit Piromya) တို့၊ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန်တို့က လာပြီး အဖွင့်အမှာစကား ပြောတာတွေ ရှိတယ်။ အခု ဒီတခေါက်ကြတော့ ထိုင်းအစိုးရဘက်က လွှတ်လိုက်တဲ့ ဘယ် ကိုယ်စားလှယ်မှ မလာဘူး။ ပွဲလုပ်မယ့် အစီအစဉ်ထဲမှာ သူတို့နာမည်တွေ ပါတယ်။ ဒါပေမဲ့ သူတို့ တခါတည်းပဲ အဲဒါကို အစီအစဉ်ဖျက်တယ်လို့ ပြန်ပြောတဲ့ အခါကျတော့ ကျနော်ထင်တယ်၊ ဒီဘက် civil society ဘက်က လုပ်နေတဲ့ဟာကို အာဆီယံ အစိုးရတွေဘက်က နောက်ဆုတ်သွားတဲ့ သဘောမျိုးလို့ မြင်နေတယ်။ အလားအလာ သိပ်မကောင်းတဲ့ သဘော တော့ ရှိနေတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အာဆီယံ ပဋိညာဉ်စာတမ်း၊ လူ့အဖွဲ့အစည်း ကွန်ယက် ဖြစ်ရမယ် ဘာညာဆိုတာ အာဆီယံ အတွင်းရေးမှူးချုပ် ဖြစ်နေတဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဆူရင် ပစ်ဆူဝန်က အဓိက စတင်ပြီး လုပ်လိုက်တယ်လို့ ကျနော် နားလည်ပါတယ်။ ဆူရင် ပစ်ဆူဝန်ကိုယ်တိုင် သူလုပ်ထားတဲ့အတိုင်း သူ အကောင်အထည် မဖော်နိုင်ဘဲနဲ့ လက်မြှောက်ရမယ့်သဘော ဖြစ်နေပါသလား၊ ကိုအောင်မျိုးမင်း ဘယ်လိုသဘောရပါသလဲ။

ကိုအောင်မျိုးမင်း ။ ။ ခုန ကိုကျော်လင်းဦး ပြောသလိုပါပဲ။ အခြေအနေက နည်းနည်း နောက်ပြန်ဆုတ်တဲ့ပုံစံ ဖြစ်ပါတယ်။ လက်ရှိ အထွေထွေ အတွင်းရေးမှူးချုပ်က စပြီးတော့ နှစ်စဉ်နှစ်တိုင်း ကျင်းပနေတဲ့ အာဆီယံ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ တွေ့ဆုံမှုကို သူက စတင် လုပ်ဆောင်ခဲ့တာ။ ပြီးခဲ့တဲ့တခေါက် ဖေဖော်ဝါရီလတုန်းက လုပ်ဆောင် ခဲ့တုန်းက တော်တော်အားကောင်းခဲ့တယ်။ တကယ့်ကို ဒီကိစ္စကြီးကို နှစ်ထောင်းအားရ ဖြစ်မိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း သူတို့ကိုယ်တိုင်ကလည်း ပါဝင်မှုတွေ အားနည်းလာတယ်။ ဘာကြောင့်လဲဆိုတော့ အာဆီယံမှာ အဓိက ထိပ်သီး တာဝန် ယူနေတဲ့ သူတွေက လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ လုံး၀ အဆင်သင့်မဖြစ်တာ တွေ့ရတယ်။

ဘယ်လောက်အထိ ကြားရလဲဆိုရင် ဒီဟာမျိုး မကျင်းပခင်မှာ လာအိုနိုင်ငံ ကိုယ်စားလှယ်က အခုလိုမျိုး တွေ့ဆုံမှုတွေကို သူတို့ အားမပေးဘူး၊ နောက်တခါ တွေ့ဆုံမယ်ဆိုရင်တော့ သာမန် ထမင်းစားပွဲလောက်ခေါ်ပြီး တွေ့တဲ့ပုံစံဖြစ်အောင် လုပ်ပါလို့ ပြောကြားတဲ့ ပုံစံမျိုးလည်း ဖြစ်တယ်။ နောက်နှစ် အာဆီယံ summit ကျင်းပမယ့် ဗီယက်နမ် အစိုးရကလည်း အခုလိုမျိုးဟာတွေ ခွင့်ပြုနိုင်မှာ မဟုတ်ဘူးဆိုတဲ့ လေသံထိုး ပြောဆိုမှုတွေ ကျနော်တို့ ကြုံတွေ့ရတဲ့အတွက် အခုထက်ပိုပြီး နောက်ရောက်သွားတဲ့သဘော ဖြစ်တယ်။

အဲဒီတော့ ASEAN Charter မှာ ရှိနေဦးတော့၊ လက်ရှိ အလှည့်ကျ အိမ်ရှင်တာဝန် ထမ်းဆောင်တဲ့ နိုင်ငံတွေရဲ့ တာဝန် ယူမှုတွေ၊ သူတို့ရဲ့ စိတ်ဆန္ဒတွေက လူထုရဲ့ ပူးပေါင်းပါဝင်မှုကို အဟန့်အတားဖြစ်စေတယ်၊ ဒါမှမဟုတ် ပိုမိုအားပျော့အောင် လုပ်ဆောင်နေတယ်လို့လည်း ကျနော် တွက်ဆချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လူထုအဖွဲ့အစည်းကို ကိုယ်စားပြုမယ်ဆိုတဲ့ ASEAN Charter ရဲ့ အလားအလာကရော ကောင်းလာနိုင်ပါ့ မလား။ အခု စိန်ခေါ်ခံနေရတဲ့ သဘောမျိုး ဖြစ်မနေဘူးလား ကိုကျော်လင်းဦးခင်ဗျ။

ကိုကျော်လင်းဦး ။ ။ ကျနော်ထင်တာကတော့ သူတို့ စာရွက်ပေါ်မှာ ရေးထားတဲ့ ASEAN Charter က ဘယ်လောက်ပဲ ကောင်းကောင်း အာဆီယံ အစိုးရတွေက ဒါကို လက်တွေ့ လိုက်ပြီး မလုပ်နိုင်ဘူး၊ တကယ်ကို အားပေးအားမြှောက် မလုပ်ဘူး ဆိုရင် သူတို့ရည်မှန်းထားတဲ့ လူထုအခြေပြုတဲ့၊ လူထုကပါ ပါတဲ့ အာဆီယံ ဆိုတာမျိုးကြီး ဖြစ်လာမယ်လို့ ကျနော် မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံက တည်ထောင်လာတာ နှစ်ပေါင်း ၄၀၊ ၅၀ လောက်ရှိနေပြီ၊ ဒါပေမဲ့ ASEAN Charter က အခုမှပဲ ရေးနိုင်တယ်။ အခုရေးနိုင်တဲ့ ASEAN Charter မှာတောင် အစိုးရ တော်တော်များများက ဒါကို မျက်နှာလွှဲ ခဲပစ် လုပ်နေတော့ ကျနော်ထင်တယ်၊ EU လိုဖြစ်မယ့် အာဆီယံရဲ့ အလားအလာတော့ တော်တော်လေး ဝေးနေသေးတဲ့ အနေအထားတော့ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ EU ဥရောပသမဂ္ဂကတော့ အဖွဲ့ဝင်နိုင်ငံ အားလုံးက ဒီမိုကရေစီနိုင်ငံဖြစ်မှ လက်ခံတာဆိုတော့ သူတို့မှာ ဒီမိုကရေစီစံတွေ ရှိပြီးသားဖြစ်တဲ့အတွက် လုပ်လို့ရတယ်။ အာဆီယံမှာ အဲဒီလို ဖြစ်လာဖို့ဆိုရင် နိုင်ငံတော်တော်များများ ဒီမိုကရေစီထွန်းကားဖို့ ပထမ လုပ်ရမလို ဖြစ်မနေဘူးလား ကိုအောင်မျိုးမင်းခင်ဗျ။

ကိုအောင်မျိုးမင်း ။ ။ ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရရဲ့ စနစ်တွေက နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ဥပဒေ ထဲမှာ ထင်ဟပ်နေပါတယ်။ အာဆီယံမှာ ခုနပြောသလို အဖွဲ့ဝင်နိုင်ငံက ဒီမိုကရေစီ ကျင့်သုံးတဲ့နိုင်ငံ ဖြစ်ရမယ်ဆိုတဲ့ စည်းကမ်းချက် မရှိဘူး၊ နောက်တခါ ဒီမိုကရေစီ ထွန်းကားအောင် လုပ်ဆောင်ပေးရမယ့် တာဝန်ပေးမှုတွေလည်း မရှိဘူး။ အဲတော့ အာဆီယံမှာ ကြည့်မယ်ဆိုရင် EU လို အခြေအနေဖြစ်ဖို့ အများကြီး လိုအပ်သေးတယ်။

နောက်တခါ ASEAN Charter မှာ ပြည်သူလူထုရဲ့ ပါဝင်မှုကို ခွင့်ပြုတဲ့အပိုဒ်က ဒီတပိုဒ်ပဲရှိတယ်။ ဒီတပိုဒ်ကို အခုလို အခြေအနေမျိုးတောင် ခွင့်ပြုမှု မရှိဘူးဆိုရင် ကျနော်တို့ အရင်တုန်းက မျှော်မှန်းထားတဲ့ မျှော်မှန်းချက်တွေက တော်တော် အားနည်းသွားတာ တွေ့ရတယ်။ ဒါပေမဲ့ ထူးခြားချက်တခုက အဲလိုမျိုး ပြည်သူလူထုရဲ့ ပါဝင်မှု၊ civil society တွေ ပါဝင်မှုကို ခွင့်ပြုတာကို ဝိုင်းဝန်း ကန့်ကွက်နေပေမဲ့ ASEAN Charter တခြားအချက်မှာ ပါနေတဲ့ တခြားတိုင်းပြည်ရဲ့ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရဘူးဆိုတဲ့ အပိုဒ်ကိုတော့ နိုင်ငံတိုင်း အားလုံးက တကယ့်ကို အလေးထားပြီး ဒါကိုပဲ ကိုင်စွဲပြီး နိုင်ငံ တနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စကို ဝင်ရောက် မစွက်ဖက်ဖို့ အဲဒီနေရာမှာ သွားပြီး ညီနေတာ တွေ့ရတယ်။ အာဆီယံရဲ့ တကယ့်ကို ရှက်ဖို့ကောင်းတဲ့ အလုပ်တခုပါပဲ။

ဦးကျော်ဇံသာ ။ ။ ဒီလိုဆိုရင် ASEAN Charter ထဲမှာပါတဲ့ အချက်တွေထဲက ကိုယ့်အကျိုးစီးပွားကို ကာကွယ်ဖို့ လိုအပ်တာ လောက်ကိုပဲ လက်ခံပြီး မကြိုက်တဲ့အချက်တွေကို မလိုက်နာဘဲ နေကြမယ် ဆိုရင်တော့ အစတုန်းက ဘာကြောင့် လက်မှတ် ရေးထိုးခဲ့ကြသလဲ၊ ဘာကြောင့် အတည်ပြုခဲ့ကြပါသလဲလို့ပဲ မေးရမလို ဖြစ်နေပါတယ်။ တကယ်တော့ အာဆီယံအနေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတရပ်ဖြစ်ဖို့ ကြိုးပမ်းတယ်ဆိုတာဟာ မဖြစ်နိုင်သေးတဲ့ အရာတခုကို စိတ်ကူးယဉ် ကြိုးပမ်းခြင်း သာ ဖြစ်တယ်လို့ ဆိုရင် မှားမယ်မဟုတ်ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG