သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီးများနှင့် တွေ့ဆုံမည့်အစီအစဉ် မခင်ဥမ္မာ ပယ်ချခံရ


အာဆီယံ အဖွဲ့ကြီးဟာ ဒေသတွင်း ပြည်သူတွေရဲ့ ပါဝင်ခွင့်ကို မြှင့်တင်ပြီး ပြည်သူကို ဗဟိုပြုတဲ့ အဖွဲ့အစည်းတခု ဖြစ်အောင် ကြိုးစားသွားမယ်လို့ (၁၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကြီးမှာ ထိုင်း ဝန်ကြီးချုပ်နဲ့ အာဆီယံ ခေါင်းဆောင်တွေက ပြောဆိုပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံအပါအဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံက ခေါင်းဆောင်တွေက Civil Society ခေါ် လူထုအခြေပြု လူ့အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေကို တွေ့ဆုံဖို့ ငြင်းပယ် လိုက်ပါတယ်။ အသေးစိတ်ကို ထိုင်းနိုင်ငံကနေ ကိုသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။

ဒေသတွင်းနိုင်ငံတွေအကြား သမိုင်းမှာ ပထမဆုံးအကြိမ် AIHRC လို့ခေါ်တဲ့ လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်တဲ့ (၁၅) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကြီးကို ထိုင်းနိုင်ငံ ဟွာဟင်း အပန်းဖြေ ကမ်းခြေမြို့မှာ ဒီနေ့ စတင် ကျင်းပပါတယ်။

ဒေသတွင်း နိုင်ငံတွေအကြား အစိုးရတွေရဲ့ အခန်းကဏ္ဍကို အဓိကထားတဲ့ အဖွဲ့အစည်းကနေ ပြည်သူတွေရဲ့ ပါဝင်ခွင့် ပြည်သူကို ပိုပြီးဦးစားပေးတဲ့ အဖွဲ့အစည်းတခု ဖြစ်လာဖို့ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဌဖြစ်တဲ့ ထိုင်းနိုင်ငံ ခေါင်းဆောင်တွေက တိုက်တွန်းနေပါတယ်။ ထိုင်း ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ က ထိပ်သီးစည်းဝေးပွဲ အဖွင့်မိန့်ခွန်း မှာ အခုလို ပြောကြားခဲ့ပါတယ်။

"အာဆီယံဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့ တန်ဖိုးတွေကို သင်္ကေတပြုတဲ့ အဖွဲ့အစည်းတခု ဖြစ်ရပါလိမ့်မယ်။ အာဆီယံ ပဋိညာဉ် စာတမ်းပါ အခြေခံမှုတွေကို အလေးထား လိုက်နာဖို့ ဦးတည်ကြိုးစားတဲ့တချိန်တည်းမှာ လူ့အခွင့်အရေးနဲ့ အခြေခံမှုတွေကို လေးစားလိုက်နာတဲ့ တိကျတဲ့ အရေးယူဆောင်ရွက်မှုတွေ ရှိရပါလိမ့်မယ်။"

အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝမ် ကလည်း ဒီနေ့ စတင်ထုတ်လွှင့်တဲ့ အာဆီယံ ရုပ်မြင်သံကြားကနေ အခုလို ပြောပါတယ်။

"ကျနော်တို့ ဒေသတွင်းနိုင်ငံတွေမှာ လူသန်းပေါင်း ၅၅၈ သန်းရှိပါတယ်။ ဒီ ပြည်သူတွေကို အာဆီယံ လူ့အဖွဲ့အစည်း တည်ထောင်ရေးမှာ ပါဝင်ခွင့်ရဖို့ လိုပါတယ်။ ဒီအဖွဲ့အစည်းကနေ ရလာမယ့် အကျိုးခံစားခွင့်တွေကလည်း ပြည်သူတွေပဲ ရရမှာပါ။"

အာဆီယံဟာ ရည်မှန်းချက်တခုအောက်မှာ ပေါင်းစည်းနိုင်ရေး၊ ပြည်သူတွေကို မဏ္ဍိုင်ပြုတဲ့ အဖွဲ့အစည်းတခု ဖြစ်ဖို့ ဦးတည် ကြိုးပမ်းနေတယ်လို့ သူက ပြောပါတယ်။

ဒီလို အာဆီယံ ခေါင်းဆောင်တွေက ပြည်သူတွေရဲ့ ပါဝင်ခွင့်ကို ပြောနေပေမဲ့ မြန်မာနိုင်ငံအပါဝင် ဒေသတွင်းနိုင်ငံ စုစုပေါင်း ၅ နိုင်ငံက Civil Society ခေါ် အာဆီယံ လူထုအခြေပြု အဖွဲ့အစည်းတွေက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ် တွေကို တွေ့ဆုံဖို့ ငြင်းပယ်လိုက်ပါတယ်။

မြန်မာ၊ ကမ္ဘောဒီးယား၊ လော၊ ဖိလစ်ပိုင်နဲ့ စကာၤပူနိုင်ငံတွေ ဖြစ်ပါတယ်။ မြန်မာနဲ့ စင်္ကာပူနိုင်ငံတွေကတော့ သူတို့ဘာသာ ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေကိုပဲ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံခွင့်ရတဲ့ ကိုယ်စားလှယ်တွေကိုလည်း အာဆီယံခေါင်းဆောင်တွေက ဆွေးနွေးခွင့် မပေးခဲ့တဲ့အကြောင်း ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့တခု ဖြစ်တဲ့ Alternative ASEAN Network အဖွဲ့က Debbie Stothard က အခုလို ပြောပါတယ်။

"အဲဒီမှာသွားတက်တဲ့ ကိုယ်စားလှယ်တွေ အံအားသင့်သွားတာက မြန်မာနိုင်ငံ မူးယစ်တိုက်ဖျက်ရေးအဖွဲ့က နှစ်ယောက်ကို မြန်မာစစ်အစိုးရက လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေအဖြစ် တက်ရောက်ခွင့်ပေးထားတာကို အစည်းအဝေးခန်းထဲမှာ တွေ့လိုက်ရလို့ပါ။ ဒါကြောင့် ဒီဆွေးနွေးပွဲဟာ လူထုအခြေပြု လူ့အဖွဲ့စည်းတွေနဲ့ အစိုးရအကြား ဆွေးနွေးပွဲ မဟုတ်ဘူးဆိုပြီး မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံက ကိုယ်စားလှယ်တွေက အစည်းအဝေးခန်းထဲကနေ ထွက်သွားခဲ့ကြပါတယ်။"

အောက်တိုဘာလ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ အခု အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကျင်းပနေတဲ့ ဟွာဟင်းအပန်းဖြေ ကမ်းခြေနဲ့ကပ်ရပ် ချာအမ်း ကမ်းခြေမှာ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့် ကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေက ရွေးချယ်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ ထိုင်းအခြေစိုက် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အင်အားစု NDD က မခင်ဥမ္မာကို လူထုအခြေပြု အဖွဲ့တွေက ရွေးချယ်ခဲ့ကြပါတယ်။ မခင်ဥမ္မာကတော့ တွေ့ဆုံခွင့် ငြင်းပယ်ခံရတာနဲ့ပတ်သက်လို့ ဗွီအိုအေကို အခုလို ပြောပါတယ်။

"Civil Society ကိုယ်စားလှယ်တွေကို အစည်းအဝေး ပေးမတက်ဘဲနဲ့ ပယ်ချရုံတင်မကဘဲနဲ့ သူတို့လူတွေကို သူတို့ ထည့်ပြီးတော့မှ ဒီအစည်းအဝေးကို ဖြစ်အောင် ကျင်းပတာဟာ ရှင်းရှင်းပြောရလို့ရှိရင် ကျမတို့ ဒီဒေသတွင်း အာဆီယံနိုင်ငံတွေရဲ့ ပြည်သူတွေ လွတ်လပ် တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့အဖွဲ့အစည်းတွေ Civil Society တွေအပေါ်မှာ သူတို့ လူလည်ကျတာ။ သာမန်ပြည်သူတွေကြားထဲမှာ ဒီလိုလုပ်တဲ့နည်းနဲ့ လှည့်စားပြီး တော့မှ လွတ်လပ်တဲ့ ပြည်သူ့အသံတွေကို ပိတ်ပင်ဖို့ ကြိုးစားတယ်လို့ပဲ ကျမ မြင်ပါတယ်။"

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ပထမအကြိမ် အာဆီယံ ခေါင်းဆောင်တွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ အစည်းအဝေး တုန်းကလည်း မခင်ဥမ္မာ ပါရင် အစည်းအဝေး တက်ရောက်မှာမဟုတ်ဘူး ဆိုပြီး မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ကန့်ကွက်ခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံ လူထုအဖွဲ့အစည်းတွေကို ကိုယ်စားပြုတက်ရောက်ဖို့ ရွေးချယ်ခံခဲ့ရတဲ့ မခင်ဥမ္မာ အပါအဝင် ကမ္ဘောဒီးယား၊ လော၊ ဖိလစ်ပိုင်နဲ့ စင်္ကာပူ နိုင်ငံတို့က ကိုယ်စားလှယ်တွေကိုလည်း တွေ့ဆုံဖို့ ငြင်းပယ်ခဲ့ပါတယ်။ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နဲ့ ဘရူနိုင်းနိုင်ငံတွေက ကိုယ်စားလှယ်တွေကို တွေ့ဆုံဖို့ သဘောတူခဲ့ပေမဲ့ အဲဒီကိုယ်စားလှယ်တွေကို အစည်းအဝေးအခန်းထဲမှာ စကားပြောဆိုခွင့် မပေးခဲ့ပါဘူး။ စကားပြောခွင့်ပေးတဲ့ တဦးတည်းသောသူကတော့ ချူလာလောင်ကွန် တက္ကသိုလ်က ဒေါက်တာ Surichai Wangaeo ပဲ ဖြစ်ပါတယ်။ တကယ်ကတော့ တွေ့ဆုံပွဲမှာ ညှိနှိုင်းစီစဉ် ပေးဖို့ သူ့ကို မူလက ရွေးချယ်ထားတာပါ။ ဒါ့ကြောင့်လည်း ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှား လူထုအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေဟာ စည်းဝေးပွဲကို မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ကမ္ဘောဒီးယား၊ လာအို၊ စင်္ကာပူ၊ ဖိလစ်ပိုင်နဲ့ မြန်မာအစိုးရတွေရဲ့လုပ်ရပ်ဟာ ဒီကနေ့ ကြာသပတေးနေ့မှာပဲ စတင် ဖွဲ့စည်း လိုက်တဲ့ အာဆီယံလူ့အခွင့်အရေး ကော်မရှင်အပေါ် ယုံကြည် ကိုးစားရမှုကို ထိခိုက် ပျက်စီးစေတယ်လို့ အာဆီယံဒေသ တွင်း လူထု အခြေပြု အဖွဲ့အစည်းတွေက ဝေဖန် ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG