သုံးရလွယ်ကူစေသည့် Link များ

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပဖို့ မြန်မာစစ်အစိုးရကို အာဆီယံတိုက်တွန်း


ထိုင်းနိုင်ငံ ဟွာဟင်း အပန်းဖြေစခန်းမှာ ကျင်းပနေတဲ့ အာဆီယံစည်းဝေးပွဲက မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ စစ်အစိုးရကို တိုက်တွန်းပြောဆိုနေကြပါတယ်။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထား တဲ့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ကလည်း သူကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချင်တယ်လို့ မြန်မာနိုင်ငံ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကို ပြောကြားလိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အဲဒီအစည်းအဝေးမှာ သတင်းတက်ရောက်ယူနေတဲ့ ဗွီအိုအေ ၀ိုင်းတော်သား ကိုသိန်းထိုက်ဦးက အခုလို ရှင်းပြပါတယ်။

"အခု (၁၅) ကြိမ်မြောက် ဟွာဟင်းမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲဟာ ထိုင်းနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဌဖြစ်တဲ့ ကာလအတွင်းမှာ အရင်တခါကလည်း ပြည်တွင်းမငြိမ်သက်မှုနဲ့ ဆန္ဒပြပွဲတွေနဲ့ အစည်းအဝေးက ပယ်ဖျက်ခဲ့ရ တာမျိုး ဖြစ်တော့ အခုတခါတော့ ထူးထူးကဲကဲ လုံခြုံရေးတွေ ချထားတာ တွေ့ရပါတယ်။ စစ်တာဆေးတာတွေ လုပ်ပြီး ကျင်းပနေပါတယ်။ ဆန္ဒပြတဲ့ ၀န်ကြီးချုပ်ဟောင်း တက်ဆင်ကို ထောက်ခံတဲ့ အင်္ကျီနီဝတ်တဲ့သူတွေ တချို့တော့ အစည်းအဝေး ကျင်းပတဲ့နေရာနဲ့ တမိုင်လောက်အနီးထိ ရောက်လာတယ်လို့ ကြားရပေမဲ့ တကယ်တမ်းကျတော့ ဆန္ဒပြပွဲ လည်း မရှိပါဘူး။ အစည်းအဝေးကတော့ ခုချိန်ထိ ဒုတိယနေ့မှာ ချောချောမောမောပဲ တွေ့နေရပါတယ်။"

ဒီအစည်းအဝေးမှာ အဓိက ဆွေးနွေးကြတဲ့ အကြောင်းအရာတွေကရော ဘယ်နိုင်ငံက အကြောင်းအရာတွေကို အဓိကထားပြီး ဆွေးနွေးကြပါသလဲ။ နိုင်ငံတွေအရေးကို ကြည့်မယ်ဆိုရင် -

"နိုင်ငံတွေအရေး အနေနဲ့ နည်းပညာ၊ ပညာရေး၊ ယဉ်ကျေးမှု စတဲ့ ကိစ္စတွေ ဆွေးနွေးကြပြီးတော့ ဒေသတွင်း နိုင်ငံအနေနဲ့ အထူးပြုပြီးတော့ ပြောတာကတော့ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယား ကိစ္စပါ။ မြောက်ကိုရီးယားနိုင်ငံကတော့ နျူကလီးယား ဖျက်သိမ်းရေး ၆ နိုင်ငံဆွေးနွေးပွဲမှာ ပြန်ပြီးတော့ ပါဝင်ဖို့အတွက် သူတို့ တိုက်တွန်းထားတာပါ။ မြန်မာနိုင်ငံကတော့ ၂၀၁၀ ခုနှစ်မှာ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတဖို့၊ အများက လက်ခံပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာလည်း ထင်သာမြင်သာရှိပြီးတော့ ထိမ်ချန်ဖုံးကွယ်မှုမရှိဖို့အတွက် တိုက်တွန်းထားတာပါ။ အဲဒါကိုတော့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ ကြေညာချက်မှာလည်း ဖော်ပြထားပါတယ်။"

ဒီနိုင်ငံတွေက ရွေးကောက်ပွဲကိုပဲ ပြောနေတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့နေရာမှာ အခြေခံမယ့် ဖွဲ့စည်းပုံရဲ့ အားနည်းချက် ဆိုတဲ့ မြန်မာအတိုက်အခံတွေ ထောက်ပြနေတဲ့ အချက်ကိုရော အာဆီယံ နိုင်ငံတွေက ဖော်ထုတ်ပြောကြားတာ ရှိပါသလား။ - အာဆီယံနိုင်ငံတွေဘက်က ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ ကိစ္စကိုတော့ ပြောဆိုတာမျိုး ဆွေးနွေးတာမျိုး မကြားရပါဘူးခင်ဗျ။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်း ထပ်ပြီးတော့ တိုးတဲ့ကိစ္စက အနောက်နိုင်ငံတွေအမြင်မှာ ရွေးကောက်ပွဲကို ယုံကြည်မှု ပျက်ပြားစေနိုင်တယ် ဆိုပြီးတော့၊ စစ်အစိုးရဘက်က အားလုံး ပါဝင်ခွင့် ပေးဖို့ ဆိုပြီးတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ပီရွန် ကလည်း အစည်းအဝေး အစီအစဉ်ပြင်ပ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါသေးတယ်။"

နောက်တခုက အဲဒီ အာဆီယံ နိုင်ငံစုံ အစည်းအဝေးအပြင် နှစ်နိုင်ငံချင်း တွေ့ဆုံဆွေးနွေးပွဲတွေ တချို့လည်း ရှိတယ်လို့ ကြားရပါတယ်။ -

"ဟုတ်ပါတယ်ခင်ဗျ။ အစည်းအဝေး အစီအစဉ်ပြင်ပ သီးခြားတွေ့ဆုံတာကတော့ မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ကို ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိုက်ချာချီဝ က တွေ့ခဲ့ပါတယ်။ အဲဒီတွေ့တဲ့ပွဲမှာပဲ မြန်မာနိုင်ငံမှာ စစ်အစိုးရက ချထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံနဲ့ပတ်သက်ပြီးတော့ တခြား ဒေသတွင်းနိုင်ငံတွေကို မြန်မာစစ်အစိုးရဘက်က ရှင်းပြသင့် တယ် ဆိုပြီးတော့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိုက်ချာချီဝ က ဗိုလ်ချုပ်ကြီး သိန်းစိန်ကို တိုက်တွန်းခဲ့ပါတယ်။ နောက်တခု ကတော့ ထိုင်းဝန်ကြီးချုပ် ကိုယ်တိုင် မြန်မာနိုင်ငံကို သွားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်တယ်၊ ဒီလို တွေ့ချင် တာက မြန်မာနိုင်ငံအတွက် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကို ထိုင်းနိုင်ငံအနေနဲ့ ထောက်ခံတယ်တာကို ပြသဖို့အတွက် တွေ့ချင်တာဆိုပြီးတော့ ထိုင်းဝန်ကြီးက ပြောပါတယ်။ ထိုင်းဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်တယ်လို့ ပြောတဲ့တချိန်တည်းမှာပဲ ကမ္ဘောဒီယား ၀န်ကြီးချုပ် ဟွန်ဆန် ကလည်း ထိုင်းနိုင်ငံမှာ ရာထူးက ဖယ်ရှားခံထားရတဲ့ ၀န်ကြီးချုပ်ဟောင်း တက်ဆင် က ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူတူပါပဲလို့ ပြောလို့ အငြင်းပွားနေတာတွေလည်း ရှိပါသေး တယ်။ ဒီ အာဆီယံ ထိပ်သီးစည်းဝေးကာလမှာ မဆီမဆိုင် ဒီလို ပြောရမလား ဆိုပြီးတော့ ထိုင်းဝန်ကြီးချုပ်က ပြန်ချေပတာ လည်း ရှိပါတယ်။ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်ကတော့ လူတွေက ဒေါ်အောင်ဆန်းစုကြည် အကြောင်းကိုပဲ ပြောနေ ကြတယ်၊ တက်ဆင်ကလည်း ၂၀၀၆ ခုနှစ် ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့အတွက် အာဏာသိမ်းမှုရဲ့ သားကောင် ဖြစ်နေတယ် ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တက်ဆင်ကို နှိုင်းယှဉ်ပြောသွားတာပါခင်ဗျ။ ဒီကိစ္စကို ထိုင်းဝန်ကြီးချုပ် က ပယ်ချပြီးတော့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား နယ်စပ် ပရ၀ိဟာ ဘုရားကိစ္စ အခြေခံပြီးတော့ အငြင်းပွားနေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ နှိုင်းတဲ့ကိစ္စကလည်း ထပ်ပြီးတော့ ထွက်လာတာပါခင်ဗျ။"

ထိုင်းနိုင်ငံ ဟွာဟင်း အပန်းဖြေစခန်းက အာဆီယံ ထိပ်သီးဆွေးဝေးပွဲကနေ ကိုသိန်းထိုက်ဦး ကို ဦးကျော်ဇံသာက ဆက်သွယ် မေးမြန်းခဲ့တာပါ။ တဆက်တည်းမှာပဲ AICHR လို့ခေါ်တဲ့ အာဆီယံ လူ့အခွင့်အရေး ကော်မရှင်မှာ မြန်မာနိုင်ငံရဲ့ အမြဲတမ်း ကိုယ်စားလှယ် အဖြစ် အငြိမ်းစားသံအမတ်ကြီး ဦးကျော်တင့်ဆွေကို စစ်အစိုးရက ရွေးချယ်ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ အခုလေးတင် ကျင်းပပြီးစီးသွားတဲ့ သတင်းစာရှင်းလင်းပွဲတရပ်မှာလည်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကဆစ်ပီရွန် က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပရင် လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ ထိုင်းနိုင်ငံက ကမ်းလှမ်းထားပြီး မြန်မာဘက်ကတော့ တစုံတရာ တုံ့ပြန်ပြောကြားခြင်း မရှိသေးဘူး ဆိုတာကိုလည်း ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG