သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် တကျော့ပြန် ရွေးကောက်ပွဲကို တာလီဘန်တွေ ခြိမ်းခြောက်


အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေရဲ့ ခြိမ်းခြောက်မှုတွေကြားကနေ ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲကို ပြန်ပြီး ကျင်းပပါတော့မယ်။ နိုဝင်ဘာလ ၇ ရက်နေ့မှာကျင်းပမယ့် ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲတွေမှာ မဲပေးမယ့် အာဖဂန် နိုင်ငံသားတွေကို တာလီဘန် လက်နက်ကိုင်တွေက ခြိမ်းခြောက်နေပါတယ်။ ဒီလိုခြိမ်းခြောက်နေတဲ့ ကြားကနေပဲ မဲမသမာမှုတွေ နည်းနိုင်သမျှနည်းဖို့နဲ့ လုံခြုံရေးတွေ တိုးလာစေဖို့ အာဖဂန်ရွေးကောက်ပွဲ အရာရှိတွေ ဘယ်လို ဆောင်ရွက် နေကြတယ် ဆိုတာကို အစ္စလာမ်မာဘက် မြို့ကနေ ဗွီအိုအေ သတင်းထောက် Sean Maroney သတင်းပို့ထားပါတယ်။ ဒေါ်ခင်မျိုးသက်က အပြည့်စုံ တင်ပြထားပါတယ်။

အာဖဂန်နစ်စတန်နိုင်ငံက ဒုတိယအကျော့ ရွေးကောက်ပွဲဟာ ပထမအချီလိုပဲ မဲမပေးနိုင်အောင် အကြမ်းဖက်မှုတွေ လုပ်မယ်လို့ တာလီဘန်တွေက ခြိမ်းခြောက်ရင်း အစပျိုးလာတာကို တွေ့ရပါတယ်။ လက်ရှိသမ္မတ ဟာမစ်ခါဇိုင်း နဲ့ သူရဲ့ ပြိုင်ဖက် နိုင်ငံခြားရေးဝန်ကြီးဟောင်း အက်ဘ်ဒူလာ အက်ဘ်ဒူလာ တို့်ရဲ့ ဒုတိယအကျော့ ရွေးကောက်ပွဲ မဲဆွယ်မှုတွေကို စနေနေ့မှာ တရားဝင်စတင်လိုက်ပါပြီ။ ဒီလိုစတင်လိုက်ချိန်မှာပဲ တာလီဘန်တွေဘက်က ကြေညာချက်တစောင် စနေနေ့က ထုတ်ပြန်လိုက်ပြီး ဒီရွေးကောက်ပွဲဟာ အမေရိကန်တွေ လုပ်ဆောင်တဲ့ လုပ်ငန်းတခု ဖြစ်တာမို့ ရှုတ်ချလိုက်ပြီး ဒါကို နှောက်ယှက် ဖျက်ဆီးဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ ဆိုပါတယ်။

အာဖဂန်နိုင်ငံရဲ့ သီးခြားလွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင်က ပြောခွင့်ရ Noor Mohammad Noor ကတော့ အခု အချိန်အထိ ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်နေမှုတွေအတွက် အနှောက်အယှက်မရှိ ချောချောမောမော ရှိနေသေးတယ်လို့ ပြောပါတယ်။

"အခုကျနော်တို့ ဒုတိယအကျော့ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်နေကြပါတယ်။ အခုချိန်အထိတော့ ထူးထူးခြားခြား ခက်ခဲမှုတွေ စိန်ခေါ်မှုတွေ မတွေ့ရသေးတဲ့အတွက် ဆက်ပြီးလုပ်မှာပါ။"

သြဂုတ်လ ၂၀ ရွေးကောက်ပွဲတုန်းက မဲမသမာမှုတွေ အများအပြားရှိခဲ့တာမို့ အခုလို ဒုတိယအကျော့ ရွေးကောက်ပွဲကို ပြန်ပြီး ကျင်းပရတာပါ။

အာဖဂန်နစ္စတန် နိုင်ငံဆိုင်ရာ အမေရိကန်အထူး ကိုယ်စားလှယ် ရစ်ချက် ဟိုးဘရု(က်) (Richard Holbrooke) ကတော့ အခုကျင်းပမယ့် ရွေးကောက်ပွဲမှာ ရွေးကောက်ခံ ယှဉ်ပြိုင်သူက ၂ ဦးပဲ ရှိတဲ့အပြင် ရွေးကောက်ပွဲကို စောင့်ကြည့်မယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း ပိုပြီး ထားရှိမှာမို့ ဒီတခါ မဲမသမာမှုတွေ နည်းပါးလိမ့်မယ်လို့ သူယုံကြည်ကြောင်း သောကြာနေ့က ပြောပါတယ်။

ဒါပေမဲ့ လုံခြုံရေးကို အဓိက စိုးရိမ်ရတာမို့ ဆိုးရွားတဲ့ ဆောင်းရာသီကြောင့် လမ်းပမ်းဆက်သွယ်ရေးတွေ မပြတ်တောက်ခင် မဲရုံတွေဆီ လိုအပ်တဲ့ ပစ္စည်းတွေရောက်နေအောင် ရွေးကောက်ပွဲ အရာရှိတွေ အမြန်ဆုံး ဆောင်ရွက်နေကြပါတယ်။

နိုင်ငံတကာ အရာရှိတွေကလည်း မဲပေးသူတွေရဲ့ လုံခြုံရေးကို အာမခံချက်တွေပေးနိုင်စေဖို့ မဟာမိတ်တပ်တွေကို ချထားပေးမယ်လို့ ကတိတွေ ပေးကြပါတယ်။

သြဂုတ်လရွေးကောက်ပွဲတုန်းကတော့ မဲပေးသူတွေရဲ့ ဆေးမှင်စွန်းထင်းနေတဲ့ လက်ချောင်းတွေကို ဖြတ်တောက်တာ၊ ရော့ကတ် ဒုံးကျည်နဲ့ ပစ်ခတ်တာတွေ အပါအဝင် တာလီဘန်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အများအပြား ရှိခဲ့ပါ တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG