သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆာ့ဘ်ခေါင်းဆောင် ကာရာဒစ်ရ်ှအမှု စစ်ရာဇဝတ်ခုံရုံး စတင်ကြားနာ


စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေနဲ့ နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးမှာ တရားစွဲခံနေရတဲ့ ဘော့စနီးယား ဆာ့ဘ် ခေါင်းဆောင်ဟောင်း ရာဒိုဗန် ကာရာဒစ်ရှ် (Radovan Karadzic) ရဲ့အမှု ဒီကနေ့ စတင်ပေမဲ့ တရားခံ မစ္စတာကာရာဒစ်ရှ် ကတော့ ခုံရုံးရှေ့မှောက် ရောက်မလာခဲ့ပါဘူး။

နယ်သာလန်နိုင်ငံ The Hague မြို့က ခုံရုံးမှာ စစ်ဆေးနေတဲ့ အမှုအတွက် ပြင်ဆင်ချိန် လိုသေးတယ်လို့ ပြောပြီး မစ္စတာကာရာဒစ်ရှ်က တရားခွင်ဆီကို လာဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

အမှုစစ်ဆေးပွဲ စတင်ပြီး မိနစ် ၂၀ လောက် အကြာမှာပဲ နောက်ထပ် အမှုစစ်ဖို့ ရက်ရွှေ့ခဲ့ရပါတယ်။ သူ့ကို ဖမ်းဆီးထားတဲ့ ၁၅ လအတွင်း ဥပဒေ အကြံပေးတွေနဲ့လည်း တွေ့ခွင့်ရနေတဲ့ မစ္စတာကာရာဒစ်ရှ် အနေနဲ့ အမှုအတွက် အဆင်သင့် ဖြစ်နေသင့်တယ်လို့ တရားလို အကျိုးဆောင်တွေက ပြောပါတယ်။

မစ္စတာကာရာဒစ်ရှ်ဟာ သူ့အမှုအတွက် လိုအပ်တဲ့ ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့အတွက် အချိန်တိုးရအောင်လို့ တရားခွင်ကို လိုအပ်သလို လှည့်ဖျားနေတယ်လို့ တရားလိုရှေ့နေ ဟေလ်ဒယ်ဂါ့ဒ် ရက်တ်ဇ်လက်ဖ် (Hildegard Uertz-Retzlaff) က ပြောပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရပိုင်ခွင့်ကိုတော့ လေးစားရမယ်လို့ ခုံရုံးက ပြောပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေက ဖြစ်ပွားခဲ့တဲ့ ဘော့စနီးယား စစ်ပွဲအတွင်း ၁၉၉၅ ခုနှစ်က ဆာဘရာနီဆာ (Srerbrenica) မှာ မွတ်ဆလင် အမျိုးသား ၈,၀၀၀ ကို သတ်ဖြတ်ခဲ့မှုကို ကြိုးကိုင်တယ်ဆိုတဲ့အတွက် မစ္စတာကာရာဒစ်ရှ်အပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်တို့အပေါ် ရာဇဝတ်မှု ကျူးလွန်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်မှု အပါအဝင် အမှုပေါင်း ၁၁ မှုနဲ့ တရားစွဲထားပါတယ်။

အသတ်ခံခဲ့ရသူတွေရဲ့ မိသားစု ဆွေမျိုးတချို့က The Hague မြို့အထိလာပြီး တနင်္လာနေ့ စတင်တဲ့ ခုံရုံးအပြင်ဘက်မှာ စောင့်ဆိုင်းနေခဲ့ကြပါတယ်။

အမှုကို မနက်ဖြန် အင်္ဂါနေ့မှာ ပြန်စမှာဖြစ်ပေမဲ့ ဘဲလ်ဂရိတ်မြို့မှာ ရှိနေတဲ့ မစ္စတာကာရာဒစ်ရှ်ရဲ့ ဥပဒေ အကြံပေးတွေကတော့ သူ့ကို အချိန်နောက်ထပ် လနဲ့ချီ ထပ်ပြီး တိုးမပေးရင် အင်္ဂါနေ့ တရားခွင်ကိုလည်း လာမှာမဟုတ်ဘူးလို့ ပြောခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG