သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bed စကားလုံး အီဒီယံ အသုံးအနှုန်းများ


ဒီတပတ် တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ bed of roses, a bed of nails နဲ့ on the wrong side of bed တို့ ဖြစ်ပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံ အသုံးအနှုန်းကတော့ Bed of Roses ဖြစ်ပါတယ်။ Bed အိပ်ယာ၊ ကုတင်၊ Roses ကတော့ နှင်းဆီပွင့်တွေ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က နှင်းဆီပန်းတွေ စီထားတဲ့ ကုတင်အိပ်ယာ ဖြစ်ပါတယ်။

ကျမတို့ မြန်မာစကားမှာလည်း ဖဲမွေ့ရာ လို့ တင်စားပြောဆိုတာမျိုး ရှိပါတယ်။ နှင်းဆီပန်းတွေ ပြည့်နှက်နေတဲ့ ကုတင်ဟာ တကယ်ဆိုရင် နူးညံ့ပျော့ပြောင်းပြီး ရနံ့သင်းတာမို့ မက်မောစရာပါ။ ဒါကြောင့်မို့လည်း အားလုံး စိုပြေသာယာနေတဲ့ ဘဝမျိုးကို Bed of Roses လို့ တင်စားပြောဆိုလေ့ရှိပါတယ်။ အခု နောက်ပိုင်းမှာတော့ ဒီအသုံးကို မဟုတ်သဘောပြတဲ့ not စကားလုံးနဲ့ တွဲသုံးလေ့ရှိတာကို တွေ့ရပါတယ်။ အဲဒါကြောင့် not a bed of roses လို့ ပြောဆိုတဲ့အခါ ဘဝမှာ အရာရာ အဆင်ပြေလိမ့်မယ်လို့ မမျှော်လင့်နဲ့။ အဲဒီလို မျှော်လင့်ထားရင် အမှားကြီးမှားလိမ့်မယ်။ စိတ်ဓာတ်ကျရလိမ့်မယ်ဆိုပြီး သတိပေးတဲ့ သဘောမျိုး ပြောလေ့ရှိကြပါတယ်။

ကျမတို့ မြန်မာမှာတော့ ပန်းခင်းတဲ့ လမ်းလိုသဘော ဖြစ်ပါတယ်။ တကယ်တော့ ဘဝဟာ ပန်းခင်းတဲ့ လမ်းမဟုတ်ဘဲ၊ ဆူးညောင့်ခလုတ်တွေ ပြည့်နေတဲ့ လမ်းလို့ ဆိုလို့ရပါတယ်။ ဒါကြောင့် လက်တွေမှာ ဘဝဟာ ပန်းခင်းတဲ့ လမ်းမဟုတ်သလို၊ ဖဲမွေ့ရာမဟုတ်သလို၊ ဘ၀ သံသရာမှာ အတက်အကျ ရှိစမြဲမို့ ဘာမဆို ရင်ဆိုင်ရမှာ ဖြစ်သလို တရားနဲ့လည်း ဖြေနိုင်ဖို့ ဆုံးမပြောဆိုလေ့ရှိတာကို လူအများ သိကြပါတယ်။

အလုပ်က တဘက်၊ ကလေးငယ် နှစ်ယောက်ကလည်း တဘက်၊ တချက်မှ မအားရလို့ မစားသာတဲ့ဘဝ ရောက်နေတဲ့ မိခင်တဦးဖြစ်သူ ညီမအကြောင်း George Crows ပေးတဲ့ ဥပမာ လေ့လာကြည့်ပါစို့။

“My sister Irene works out of a full time job and has two young sons to take care of when she gets home. Her husband, Bob, tries to help out, of course but he just isn’t too handy with kids. Believe me. Her life these days is no bed of roses”.

“ကျွန်တော့် ညီမငယ် Irene က အလုပ်ကလည်း အချိန်ပြည့် လုပ်သေးတယ်။ အိမ်ပြန်ရောက်ရင်လည်း သူ့သားငယ် နှစ်ယောက်ကို ကြည့်ရသေးတယ်။ ခင်ပွန်းသည် Bob ကတော့ ကြိုးစား အကူအညီပေးပါတယ်။ ဒါပေမဲ့ သိတဲ့အတိုင်းဘဲ သူ့က ကလေးငယ်တွေကို ကောင်းကောင်း မကြည့်တတ်ဘူး။ ဒါကြောင့်မို့ ကျွန်တော့် ညီမရဲ့ဘဝက အမှန်တကယ် မစားသာပါဘူး။”

နောက်ထပ် တင်ပြပေးမယ့် အီဒီယံ အသုံးအနှုန်းကတော့ A bed of nails ဖြစ်ပါတယ်။ ဒီနေရာမှာ nails ကတော့ သံမှိုတွေလို့ လုံးကောက် အဓိပ္ဗါယ်ရတဲ့အတွက်ကြောင့် စကားစုတခုလုံးရဲ့တိုက်ရိုက်အဓိပ္ဗါယ်ကတော့ သံမှိုတွေ စိုက်ထားတဲ့ ကုတင်အိပ်ရာ ဖြစ်ပါတယ်။

ကျမတို့ မြန်မာမှာတော့ အထက်မှာတင်ပြခဲ့တဲ့ ဖဲမွေ့ရာနဲ့ ဆန့်ကျင်တဲ့ ဆူးမွေ့ရာ ဆိုတဲ့ စကား၊ ဘဝရဲ့ ကြမ်းတမ်း ခက်ထန်မှုရဲ့ အခြေအနေကို ထင်ဟပ် ပေါ်လွင်စေတာကို bed of nails ဆိုတဲ့ အီဒီယမ် အသုံးနဲ့ ရည်ညွှန်း ပြောဆိုနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်တဲ့ George Crows ပေးတဲ့ ဥပမာ ကို လေ့လာကြည့်ပါစို့။

“Mike is looking for another job. His boss is rude and very bad temper. And, the five people who work for Mike are lazy and untrained. So Mike has to explain everything to them at least three times. So, his job is a real bed of nails for him”.

“Mike က နောက်ထပ် အလုပ်တခုကို လိုက်ရှာနေတယ်။ သူ့အလုပ်ရှင်ဆရာက ရိုင်းလည်းရိုင်း၊ စိတ်ကလည်း တိုပါပေ့။ နောက်ပြီး Mike နဲ့ အတူ အလုပ်လုပ်တဲ့ လူ (၅) ဦးက ပျင်းလည်းပျင်းတယ်၊ လုပ်ငန်းကလည်း မကျွမ်းကျင်ကြဘူးလေ။ အဲဒီတော့ ဘာပဲလုပ်လုပ် Mike က သူတို့ အနဲဆုံး (၃) ခါလောက် ပြန်ရှင်းပြနေရတယ်။ သူ့အလုပ်က တကယ်ကို မစားသာလှပါဘူး။”

နောက်ဆုံး တင်ပြပေးမယ့် အီဒီယမ် အသုံးအနှုန်းက On the wrong side of bed ဆိုတာဘဲ ဖြစ်ပါတယ်။ On က အပေါ်မှာ၊ wrong မှားသည်၊ side ကတော့ ဘက် ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက် အဓိပ္ဗါယ်ကတော့ အိပ်ယာက အနိုး၊ ကုတင်ဘက် မှားဆင်းတယ်လို့ အဓိပ္ဗါယ်ရပါတယ်။ ဆိုလိုတာကတော့ မနက် မျက်စိ နှစ်လုံးပွင့်ကတည်းက အကြောင်းမရှိ အကြောင်းရှာ ဂျီကျနေတဲ့ လူကို ဘယ်လို ဖြစ်နေတာလဲ၊ အိပ်ရာဘက်များ မှားဆင်းလို့ ဂဂျီဂဂျောင် လုပ်နေတာလားလို့ ငေါ့တော့တော့ ပြောဆိုတဲ့အခါမှာ ဒီအသုံးကို တင်စားပြောဆိုလေ့ ရှိပါတယ်။

သာမန် စိတ်သဘော ကောင်းသူတဦးက သူစိတ်တိုပြီး ဂျီကျမိတဲ့အတွက် ရောင်းရင်းတွေကို တောင်းပန်ပြောကြားတဲ့ George Crows ပေးတဲ့ ဥပမာ တခုကို လေ့လာကြည့်ရအောင်ပါ။

“I am sorry. I am in such a bad mood today. I just got up on the wrong side of the bed. I forgot to set the alarm. So I had no time to eat breakfast. After a good night sleep, I will be ok again”.

“ကျနော် ဒီနေ့ ဂျီကျမိတဲ့ အတွက် တောင်းပန်ပါတယ်ဗျာ။ အကြောင်းမရှိ အကြောင်းရှာ ဂျီကျမိတာမို့ ကျွန်တော် အိပ်ယာနိုးကတည်းက ဘက်မှား ဆင်းမိတယ်လို့ အကြောင်းပြ တောင်းပန်ရတော့မှာဘဲ။ တကယ်တော့ ကျနော်က (နာရီ) နှိုးစက် ပေးဖို့လည်း မေ့သွားတယ်။ ဒါကြောင့်မို့ မနက်စာလည်း စားဖို့ အချိန် မရလိုက်ဘူးလေ။ ဒီညတော့ ကောင်းကောင်း အိပ်ပျော်ရင်တော့ ကျနော် ပြန်ကောင်းသွားမှာပါ။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG