သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ဗုံးကွဲမှု အယ်လ်ကိုင်းဒါး လက်ချက်


အီရတ်နိုင်ငံမှာ လူ ၁၅၅ ဦး သေဆုံးပြီး လူပေါင်း ၅၀၀ ကျော် ဒဏ်ရာရသွားခဲ့တဲ့ တနင်္ဂနွေနေ့က ကားဗုံးခွဲ တိုက်ခိုက်မှုတွေအတွက် အယ်လ်ကိုင်းဒါး ကွန်ယက်နဲ့ ဆက်နွယ်တဲ့ အဖွဲ့က သူတို့ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားသွားပါတယ်။

အသေခံ ဗုံးခွဲတိုက်ခိုက်မှု ၂ ခုကို သူတို့ လုပ်ဆောင်တာပါလို့ စစ်သွေးကြွအဖွဲ့တခုရဲ့ ဝက်ဘ်ဆိုက်မှာ အီရတ်ရဲ့ အစ္စလမ်မစ်နိုင်ငံတော် ဆိုတဲ့ Islamic State in Iraq အဖွဲ့က ကြေညာသွားပါတယ်။

အီရတ်ဝန်ကြီးချုပ် နူရီ အယ်လ်-မာလီးကီး (Nouri al-Maliki) ကတော့ တိုက်ခိုက်မှုတွေအတွက် အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ အရင်က ဘာ့သ်ပါတီ အဖွဲ့ဝင်တွေကို အပြစ်တင် ပြောကြားသွားပါတယ်။

ဗုံးခွဲတိုက်ခိုက်သူတွေက တိုင်းပြည် မတည်မငြိမ်ဖြစ်ဖို့ ဖန်တီးတာဖြစ်ပြီး လာမယ့် ဇန်နဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပမယ့်ကိစ္စ တားဆီးချင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘဂ္ဂဒက်မြို့တော်က လုံခြုံရေး သေသေချာချာ တင်းတင်းကျပ်ကျပ် ချထားတဲ့ Green Zone အနီးမှာ ပေါက်ကွဲမှုတွေ တပြိုင်နက်တည်းလိုလို ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရ အဆောက်အအုံတခုနဲ့ တရားရေးဝန်ကြီးဌာနတို့ကို ပစ်မှတ်ထားခဲ့ပုံ ရပါတယ်။

လူပေါင်း ၇၀ ကျော်ကို အခုထိ ဖမ်းမိထားပြီလို့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပေမဲ့ ဖမ်းဆီးမှု အသေးစိတ်ကို မပြောပြပါဘူး။

ဘဂ္ဂဒက်မြို့တော်မှာ သြဂုတ်လတုန်းက လူ ၁၀၀ ကျော်လောက် သေဆုံးခဲ့ရတဲ့ အစိုးရ ဝန်ကြီးဌာနတွေနား တိုက်ခိုက်မှုတွေ အတွက်လည်း Islamic State in Iraq အဖွဲ့က တာဝန်ယူ ပြောကြားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG