သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်စစ်သင်္ဘောနဲ့ တောင်ကိုရီးယား ကုန်တင်သင်္ဘောတို့ တိုက်မိ


ဂျပန်နိုင်ငံ တောင်ဘက် ကမ်းလွန်မှာ အင်္ဂါနေ့က ဂျပန်ရေတပ် ဖျက်သင်္ဘောနဲ့ တောင်ကိုရီးယား ကုန်သင်္ဘောတစင်း တိုက်မိခဲ့တဲ့အတွက် ၂ စင်းစလုံး မီးလောင်ခဲ့တဲ့အပြင် ဂျပန်သင်္ဘောပေါ်က သင်္ဘောသား ၃ ဦးပါ ဒဏ်ရာရရှိခဲ့ပါတယ်။

ဂျပန်နိုင်ငံ ကျူရှူး (Kyushu) နဲ့ ဟွန်ရှူး (Honshu) ကျွန်း ၂ ကျွန်းကြားက ကျဉ်းမြောင်းတဲ့ ကန်မွန် (Kanmon) ရေလက်ကြားမှာ ဂျပန်ဖျက်သင်္ဘော ကုရာမ (Kurama) နဲ့ တောင်ကိုရီးယား ကုန်တင်သင်္ဘော ကရီနာ စတား (Carina Star) တို့ မတော်တဆ တိုက်ခိုက်မိခဲ့တယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြား ပါတယ်။

တိုက်မိတဲ့အရှိန်ကြောင့် ၂ စင်းစလုံး မီးလောင်ခဲ့ပြီး ဂျပန်သင်္ဘောပေါ်က သင်္ဘောသားတဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး နောက် ၂ ဦးကတော့ မီးခိုးတွေကို ရှူရှိုက်ခဲ့မိတဲ့အတွက် ဆေးကုသမှု ခံယူနေရပါတယ်။

ကိုရီးယား ကုန်သင်္ဘောပေါ် ပါလာသူ တဦးတယောက်မှ ဒဏ်ရာမရခဲ့ဘူးလို့ အရာရှိတွေက ပြောပါတယ်။

တန်ချိန် ၇,၄၀၀ ရှိတဲ့ ကုန်သင်္ဘော ကရီနာ စတားဟာ တောင်ကိုရီးယားနိုင်ငံ ဘူဆန်းဆိပ်ကမ်းကနေ ဂျပန်နိုင်ငံ အနောက်ပိုင်း အိုဆာကာကို ထွက်လာတာ ဖြစ်ပါတယ်။ သင်္ဘောအမှုထမ်း ၁၆ ဦးထဲမှာ မြန်မာ ၄ ဦး ပါဝင်နေပါတယ်။

ဂျပန်ရေတပ် သင်္ဘောကတော့ သင်္ဘောသား ၃၆၀ ကို တင်ဆောင်ပြီး ကျူရှူးကျွန်းက မိခင်ဆိပ်ကမ်းကို ပြန်လာတာ ဖြစ်ပါတယ်။

အခုလို မတော်တဆတိုက်မှု ဖြစ်ပွားခဲ့ရတဲ့အတွက် ဝမ်းနည်းကြောင်းနဲ့ ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဂျပန်အစိုးရက စုံစမ်းမှာဖြစ်ကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီး တိုးရှိမိ ကိတာဇာဝါ (Toshimi Kitazawa) က ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG