သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀က်တုပ်ကွေးရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေးထိုးခြင်း အကောင်းဆုံး


အောက်တိုဘာ ၂၈၊ ၂၀၀၉။ ကမ္ဘာ့မြောက်ခြမ်းတိုင်းပြည်တွေမှာ တုပ်ကွေးရာသီရောက်လာပြီမို့၊ ကမ္ဘာတဝှမ်း ပျံနှံလာတဲ့ H1N1 ဝက်တုပ်ကွေးဗိုင်းရပ် ကာကွယ်ရေးအစီအမံတရပ်အနေနဲ့ H1N1 ဝက်တုပ်ကွေး ကာကွယ်ဆေးတွေကို အဲဒီ နိုင်ငံတွေမှာ စတင် ဖြန့်ဖြူးနေကြပါပြီ။

ကလေးမိဘတွေနဲ့ ပညာရှင်အချို့ကတော့ ကာကွယ်ဆေးဟာ ဘယ်လောက်စိတ်ချရမလဲဆိုတာ မေးခွန်းထုတ် စိုးရိမ်နေကြသလို၊ ဆရာဝန်အချို့ကတော့ ဒီရောဂါဆိုးကို နိုင်နင်းအောင် ကိုင်တွယ်ဖို့ ဆေးရုံ ဆေးခန်းတွေက တကယ်ပဲ စွမ်းဆောင်နိုင်ပါ့မလား မေးခွန်းထုတ်နေကြပါတယ်။

အမေရိကန်ပြည်ထောင်စု တလွှားမှာတော့ H1N1 ဝက်တုပ်ကွေး ကာကွယ်ဆေးထိုးဖို့အတွက် လူအတော်များများဟာ ကာကွယ်ဆေးထိုးပေးတဲ့ ဆေးရုံ ဆေးခန်းတွေကို သွားနေကြတယ်။ Michelle Lowrey ဟာ သူ့ရဲ့ကလေးငယ် သုံးဦးနဲ့အတူ ကာကွယ်ဆေးထိုးမယ့် ဆေးခန်းကို ရောက်လာပါတယ်။

"ကျမကတော့ မဖြစ်မနေ ဒီကို လာကို လာရမယ့်သူလေ."

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်ကတော့ H1N1 ဝက်တုပ်ကွေးကနေပြီးတော့ နောက်ထပ် ရောဂါသစ်တွေ ထပ်ရလာဖို့ အန္တရာယ်များပါတယ်။ အခုဆိုရင် ဒီတုပ်ကွေးဗိုင်းရပ်သစ်ကြောင့် အမေရိကန်ကလေးငယ် အနည်းဆုံး ၈၆ဦး သေဆုံးခဲ့ရပြီးပါပြီ။ ဒါကြောင့်လည်း Katherine Blake ကတော့ သူ့ရဲ့ သားငယ်အတွက် အတော်လေးစိတ်ပူပင်မိပါတယ်။

"သူမှာ အန္တရာယ်အတော်ကြီးပါတယ်။ သူဟာ ငယ်ငယ်ရွယ်ရွယ်ကလေးတဦးဘဝမှာပဲ နှလုံးခွဲစိတ်ကုသထားရပါတယ်။ ဒါကြောင့် သူ့အတွက် ကျမအတော်လေး စိတ်ပူပင် လှုပ်ရှားရပါတယ်ရှင်။"

အခု H1N1 ဗိုင်းရပ်သစ်ဟာ အမေရိကန်ပြည်ထောင်စု နေရာအတော်များများကို ကူးစက်ပျံနှံနေတယ်လို့ CDC ခေါ် အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးဌာနက အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့်လည်း အမေရိကန်လူမျိုးအချို့ကတော့ အခု ဒီ ဗိုင်းရပ်ကာကွယ်ဆေး ယူဖို့ စိတ်ကူးမရှိပါဘူး။

"ကျနော်တို့ Sacramento မှာ နေကြတာပါ။ အဲဒီမှာတော့ ဝက်တုပ်ကွေးဗိုင်းရပ်ကူးစက်ခံရတဲ့ အရည်အတွက်က နည်းနည်းပါးပါးပါ။ အများကြီးမဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့ဆီမှာတော့ ဒီရောဂါပိုးက ဆိုးဆိုးဝါးဝါးကြီးမဟုတ်ပါဘူး။"


အမေရိကန်ပြည်ထောင်စုမှာဆိုရင် နှစ်စဉ်လိုလို တုပ်ကွေးပိုးကြောင့် ယေဘူယျအားဖြင့် လူ ၃သောင်း ၆ထောင်လောက် သေဆုံးပြီး၊ လူနှစ်သိန်းကျော် ဆေးရုံတင် ကုသရပါတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးဌာနက ဆိုပါတယ်။ ဒီအတွက် အခု H1N1 တုပ်ကွေးဗိုင်းရပ်သစ်ကြောင့် ပိုပြီးတော့များ အထိအခိုက်များမလား စိုးရိမ်ကြတာပါ။ ဒါကြောင်လည်း ရာသီတုပ်ကွေးဒဏ်ခံနိုင်ဖို့ အမေရိကန်ပြည်ထောင်စုမှာအတော်များများဟာ နှစ်စဉ်အလိုက်ထုတ်တဲ့ တုပ်ကွေးကာကွယ်ဆေးတွေ ထိုးကြပါတယ်။

နှလုံးရောဂါ ရင်ကြပ်ရောဂါမျိုး တုပ်ကွေးကာကွယ်ဆေးထိုးဖို့ အန္တရာယ်ရှိတဲ့ ရောဂါသည်တွေအဖို့တော့ နှာခေါင်းကနေ ရှုသွင်းတဲ့ ကာကွယ်ဆေးမျိုးလည်း သုံးကြပါတယ်။

အခု ထုတ်လုပ်လိုက်တဲ့ H1N1 ဝက်တုပ်ကွေး ကာကွယ်ဆေးကို တုပ်ကွေးရာသီအမှီ မြန်မြန်ဆန်ဆန် ထုတ်လုပ်လိုက်ရတာမို့၊ စိတ်ချရပါ့မလားလို့ စိုးရိမ်သူအချို့လည်း ရှိနေပါတယ်။ အခု ဆေးထဲမှာ တာရှည်ခံမယ့်ပစ္စည်းမျိုးတွေ ထည့်သွင်းထားတော့ - ဒီကနေ အမေရိကန်ပြည်ထောင်စုမှာ အဖြစ်များတဲ့ autism လို့ ရောဂါမျိုး ကလေးတွေမှာ ဖြစ်လာမှာ မိဘတွေက စိုးရိမ်နေကြပါတယ်။

CDC အမေရိကန် ရောဂါထိန်းချုပ်ရေးဌာနက Dr.Anne Shuchat ကတော့ ဒီ ရောဂါပိုး ကာကွယ်ဆေးဟာ စိတ်ချရပါတယ်လို့ ပြောပါတယ်။

"ဒီ ကာကွယ်ဆေး စမ်းသပ်မှုပိုင်းမှာရော ထုတ်လုပ်မှုပိုင်းမှာ လုံခြုံစိတ်ချစေရေးအတွက်ဆိုတာ ဦးစားပေးပြီး၊ ကျမတို့အနေနဲ့ လွယ်လွယ်ကူကူနဲ့ စရိတ်စက ချွေချွေတာတာ လုပ်ခဲ့တာမျိုး မရှိပါဘူး။"

ဒီ ကာကွယ်ဆေးတွေဟာ H1N1 ဝက်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အကောင်းဆုံးဖြစ်တယ်လို့ လူထုကျန်းမာရေးတာဝန်ရှိသူတွေရော ဆရာဝန်တွေပါ အများပြည်သူကို စည်းရုံးပြောဆိုနေကြပါတယ်။

Dr.Peter Holbrook ဟာ ဝါရှင်တန်ဒီစီက ကလေးဆေးရုံကြီးကပါ။ လူတွေဟာ တုပ်ကွေးကို သာမန်အအေးမိ ရောဂါလိုမျိုး အထင်မှားနေကြတယ်လို့ သူက ပြောပါတယ်။

"ဒီ ကာကွယ်ဆေးနဲ့ ရောဂါအကြောင်းကို အသေအချာ ကောင်းကောင်းမွန်မွန် နားလည်တတ်ဖို့ အရမ်း အရေးကြီးပါတယ်။"

"ဒီရောဂါက မပြင်းထန်ဘူးဆိုတာ မဟုတ်ပါဘူး။ ကူးစက်ပျံနှံ ထိခိုက်မှုတွေက အထင်အရှားရှိနေပါတယ်။"

အပြင်းအထန် ရောဂါမရတဲ့သူတွေမှာတောင် အသဲအသန်ဖျားနာတာတွေ ဖြစ်တတ်တာကြောင့်၊ ရောဂါပြင်းထန်တယ်ဆိုရင်တော့ အလျှင်အမြန် ပိုမိုးဆိုးဆိုးဝါးဝါးဖြစ်စေနိုင်တယ်လို့ Dr.Holbrook က ပြောပါတယ်။

ဒါကြောင့် အကယ်လို့များ ရောဂါပျံနှံမှုတွေ အကြီးအကျယ်ဖြစ်လာခဲ့မယ်ဆိုရင် ဒီအခြေအနေကို ကိုင်တွယ်နိုင်ဖို့ ဆေးရုံ ဆေးခန်းအတော်များများမှာ ဆရာဝန်တွေ သူနာပြုတွေ အလုံအလောက်ရှိပါ့မလားဆိုတာကို ဆရာဝန်တွေ စိုးရိမ်နေကြပါတယ်။ အသဲအသန်ဖြစ်နေတဲ့ အတွင်းလူနာအဖြစ်ပြုစုကုသရမယ့် လူနာတွေကို ဘယ်နေရာတွေ သွားထားရမလဲဆိုတာကို Emory ဆေးတက္ကသိုလ်က Dr.Arthur Kellermann က စိုးရိမ်ပူပင်နေပါတယ်။

" လာတဲ့ လူနာတွေထဲက ဘယ်လူလူနာမျိုးကို အတွင်းလူနာအဖြစ်ထားရမယ်ဆိုတဲ့ ခက်ခက်ခဲခဲ ဆုံးဖြတ်ရမယ့် ဖြစ်လာနိုင်ချေ အခြေအနေအတွက် ကျနော်တို့ရဲ့ အရေးပေါ်ဌာနတွေ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကို ပြင်ဆင်ထားဖို့လိုပါလိမ့်မယ်။ "

H1N1 တုပ်ကွေးပိုး ပျံနှံမှုဟာ ပြီးခဲ့တဲ့ မတ်လတုန်းက အခြေအနေမျိုး ပြန်ဖြစ်လာမယ်ဆိုရင်တော့ ရောဂါဟာ အကြမ်းဖျဉ်း ရက်သတင်းပတ်ခုနှစ်ပတ်အတွင်း အဆိုးဆုံးအခြေအနေကို ရောက်ပြီး၊ ပြန်ကျသွားနိုင်ပါတယ်။ ဒီအခြေအနေအတိုင်း ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုမှာ အဆိုးဆုံးအခြေအနေရောက်ဖို့နီးနေပြီလို့ Dr.Holbrook က ပြောပါတယ်။

" ဒါပေမယ့်လည်း ဒီခန့်မှန်းချက်ဆိုတာ အခု ဆောင်းတွင်းမှာ H1N1 တုပ်ကွေးပိုး ဒုတိယလှိုင်းအဆင့် ပျံနှံလာနိုင်တယ်ဆိုတဲ့ နားလည်ထားမှုသက်သက်ပါပဲ။"

ဒါပေမယ့်လည်း ဆေးပညာရှင်တွေ ကျွမ်းကျင်သူတွေရဲ့ တညီတည်း လက်ခံထားချက်ကတော့ အခု Novel Flu ဗိုင်းရပ်ကို ဘယ်လိုမှ ကြိုတင်ခန့်မှန်းတွက်ချက်လို့မရနိုင်ဘူးဆိုတဲ့ အချက်ပါ။ ဒါ့အပြင် စိုးရိမ်နေကြတာကတော့ အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာနေရာအနှံမှာ H1N1 ဗိုင်းရပ်ကာကွယ်ဆေး အလုံအလောက်မရှိထားတဲ့ ပြဿနာပါ။

နိုင်ငံအရပ်ရပ်က လှုဒါန်းပေးတဲ့ ဒီ ကာကွယ်ဆေးတွေကို ဖွံဖြိုးဆဲတတိယနိုင်ငံတွေကိုတော့ လာမယ့် ရက်သတင်းပတ်အတွင်းမှာ ရောက်ရှိသင့်တယ်လို့ WHO ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးက ပြောဆိုနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG