သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီး မြန်မာ့အရေး ဘာတွေလုပ်ဆောင်နိုင်သလဲ?


အောက်တိုဘာလ ၂၃-၂၅ ရက်အတွင်း ထိုင်းနိုင်ငံ ဟွာဟင်း (Hua Hin) ကမ်းခြေမြို့မှာ ၁၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး (15th ASEAN Summit) ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ နှစ်စဉ် ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ မြန်မာပြည်အနေနဲ့ အာဆီယံအဖွဲ့ဝင် ဖြစ်လာချိန်မှာ လက်ရှိအာဏာရ စစ်အစိုးရက အာဆီယံအဖွဲ့ဝင် ဖြစ်လာလို့ မြန်မာပြည်အတွက် အကျိုးဖြစ်ထွန်းမယ်လို့ ပြောဆိုခဲ့တယ်။ အာဆီယံအဖွဲ့ကြီးအနေနဲ့ မြန်မာပြည်အရေးကိစ္စကို အပြုသဘောဆောင် ဆက်ဆံရေး (Construction Engagement) မူဝါဒနဲ့ ဆောင်ရွက်လုပ်ကိုင်ခဲ့ပါတယ်။ ဒီနှစ် ၂၀၀၉ မှာ အာဆီယံအဖွဲ့ကြီးအနေနဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး တိုးတက်ပြောင်းလဲရေးအတွက် ဘာတွေစွမ်းဆောင် လုပ်ကိုင်နိုင်ခဲ့သလဲ ဆိုတာကို အသေးစိတ် သိရှိနိုင်ဖို့ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကို သွားရောက် သတင်းရယူခဲ့တဲ့ ဗွီအိုအေမြန်မာသတင်းဌာန ဝိုင်းတော်သား ဦးသိန်းထိုက်ဦး၊ ဧရာဝတီသတင်း အယ်ဒီတာချုပ် ဦးအောင်ဇော် တို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ကျနော်တို့ ဗွီအိုအေ ဝိုင်းတော်သား ကိုသိန်းထိုက်ဦးက အာဆီယံ ထိပ်သီးညီလာခံကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ကိုသိန်းထိုက်ဦးကို စမေးပါရစေ။ ဒီတကြိမ် အာဆီယံ အစည်းအဝေးက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့၊ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ဘာများ ထိထိရောက်ရောက် ပြောနိုင်ခဲ့သလဲ ဆိုတာကို စပြောပါ။

ဦးသိန်းထိုက်ဦး ။ ။ ကျနော်မြင်တာကတော့ မြန်မာစစ်အစိုးရ ဗိုလ်ချုပ်ကြီးတွေကို ချော့နေရတဲ့ အဆင့်ကနေ ထပ်မတက်ဘူးလို့ပဲ မြင်ပါတယ်။ ဒါပေမဲ့ ဒီ အာဆီယံ အစည်းအဝေးမှာတော့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပမှာနဲ့ ပတ်သက်ပြီးတော့ ဘာတွေ ပြင်ဆင်ထားသလဲ ဆိုတာကို ဗိုလ်ချုပ်ကြီးသိန်းစိန်ကို ကျန်တဲ့ အာဆီယံနဲ့ ဆွေးနွေးဘက် နိုင်ငံတွေကို ရှင်းပြခိုင်းခဲ့ပါတယ်။ နောက်တခုကတော့ ဒီ ဥက္ကဋ္ဌရဲ့ ကြေညာချက်ထဲမှာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ၊ ထင်သာမြင်သာရှိတဲ့ လုပ်ငန်းစဉ်များနဲ့ ရွေးကောက်ပွဲကို ကျင်းပပေးဖို့ ဆိုပြီးတော့ တိုက်တွန်းခဲ့တာတွေ ရှိတော့ မြန်မာစစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ အာဆီယံက စိုးရိမ်နေတယ်၊ နောက် အာဆီယံက စစ်အစိုးရက ကတိကဝတ်တွေနဲ့အညီ လုပ်ဆောင်ဖို့ ချော့နေတယ်၊ တဖြည်းဖြည်းခြင်း တိုက်တွန်းနေတယ် ဆိုတာမျိုးကိုတော့ ပေါ်လွင်နေပါတယ်။ ဒါပေမဲ့လည်း ထုံစံအတိုင်းပဲ အာဆီယံက နိုင်ငံတကာ မျက်နှာစာက ကွယ်သွားတဲ့အချိန်၊ နိုင်ငံတကာက အာရုံစူးစိုက်တဲ့ အစည်းအဝေးကြီးတွေ ပြီးသွားတဲ့ အချိန်မှာတော့ မြန်မာနိုင်ငံကိစ္စက အရောင်ပြန်ပြီး မှိန်သွားတာမျိုးတွေ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်ဇော် အမြင်လည်း ကြားပါရစေ။ ဒီတကြိမ်လည်း အာဆီယံ အစည်းအဝေးပွဲက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဘာတွေ ထိထိရောက်ရောက် ပြောနိုင်ခဲ့တာ တွေ့မိပါသလဲ။

ဦးအောင်ဇော် ။ ။ ဒီ အာဆီယံ ထိပ်သီးအစည်းအဝေးက အရင်ပြီးခဲ့တဲ့ အစည်အဝေးထက် ပိုပြီးဆိုးတယ်။ မြန်မာစစ်အစိုးရကိုရော တက်လာတဲ့ ကိုယ်စားလှယ်တွေပေါ်မှာ ထိရောက်တဲ့ ဖိအားပေးမှု ဘာမှမရှိခဲ့ဘူးလို့ ကျနော်မြင်တယ်။ ပြီးခဲ့တဲ့ တခေါက်တုန်းကမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားရုံးကိစ္စတွေကြောင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အကုန်လုံးကနေပြီးတော့ ဝန်ကြီး ဦးဉာဏ်ဝင်းကို ဖိအားပေးမှုတွေ ပေးနိုင်ခဲ့တာရှိတယ်။ အာဆီယံ ကိုယ်တိုင်က statement သေသေချာချာ ထုတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ကိစ္စ၊ election ကိစ္စကို အပ်ကျမပ်ကျ တခါတည်း one voice နဲ့ ပေါ်လစီတခုတည်း ထားပြီးတော့ ပြောနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဒါပေမဲ့ ဒီတခေါက်မှာတော့ တဘက်က အမေရိကန် အစိုးရကလည်း မြန်မာပြည်ကို တိုက်ရိုက် အပြုသဘောဆောင်တဲ့ ဆက်ဆံမှုတွေ စလုပ်ဖို့ ကြိုးစားနေတဲ့ကာလ ဖြစ်တယ်။ တချိန်တည်းမှာပဲ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြုတ်သွားတဲ့ ထိုင်းဝန်ကြီးချုပ် သက်ဆင် ရှင်နဝပ် (Thaksin Shinawatra) ကို နှိုင်းယှဉ်ပြောသွားတဲ့ ကိစ္စတွေက စိုးမိုးထားတဲ့ အတွက်ကြောင့် တက်လာတဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အပါအဝင် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အတော် သက်သာရာ ရသွားတယ်လို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်မှာ ပါဝင်လာပါစေမယ်၊ ဆွေးနွေးမှုတွေ ရှိနေတယ်လို့ ပြောတဲ့သတင်းကိုတော့ သတင်းတွေက အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြတာ တွေ့ရပါတယ်။ ကိုသိန်းထိုက်ဦး ဘယ်လိုသဘောရသလဲ၊ တိုးတက်မှုလား။

ဦးသိန်းထိုက်ဦး ။ ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်မှာ အခန်းကဏ္ဍတခုက ပါဝင်နိုင်တယ် ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး ဖြစ်စဉ်တွေမှာ ပါဝင်ခွင့်ပေးမယ်၊ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပေးမယ် ဆိုတဲ့ ကတိကဝတ်မျိုး မဟုတ်ပါဘူး။ နောက်ပြီးတော့ ဗိုလ်ချုပ်ကြီးသိန်းစိန်က မြန်မာနိုင်ငံမှာ ဖြစ်ပျက်ပြောင်းလဲနေတာနဲ့ ပတ်သက်ပြီးတော့ သူကိုယ်တိုင် သတင်းထောက်တွေရှေ့မှာ ရောက်နေလျက်နဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ၊ အရာရှိတွေ သတင်းထောက်တွေနဲ့ ပြောခဲ့တာ မရှိပါဘူး။ သတင်းထောက်တွေ မေးလို့ရှိရင်လည်း လက်ကာပြပြီးတော့ ထွက်မပြေးရုံတမယ် ရှောင်သွားတာ ရှိပါတယ်။

သူတို့ပြောချင်တာကို ထိုင်းနိုင်ငံကတဆင့် ပြောနေတဲ့ အနေအထားမျိုးပဲ ရှိသေးတော့ ဒီပွဲမှာ ယေဘုယျ သုံးသပ်မယ်ဆိုရင် မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ ဒီမိုကရေစီနဲ့ တော်တော်လေး အလှမ်းဝေးနေသေးတယ်။ နောက်ပြီးတော့ လူထုအဓိက လူ့အဖွဲ့အစည်းလို အဖွဲ့အစည်းမျိုးတွေကို လက်ခံတွေ့ဆုံနိုင်တဲ့ အနေအထားမျိုး အဆင့်မှာ မရှိသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ လူထုအခြေပြုအဖွဲ့ ကိစ္စကို ခဏထားပြီးတော့ ဗိုလ်ချုပ်ကြီးသိန်းစိန်က ထိုင်းဝန်ကြီးချုပ်ကို ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်လာမယ်၊ ဆွေးနွေးမှုတွေ လုပ်နေပါတယ် ဆိုတာ သာမန် ကတိကဝတ်မျှလောက်သာ ပြောတာဖြစ်တယ်ဆိုရင် ထိုင်းက မြန်မာနိုင်ငံနဲ့ အရင်နှီးဆုံး အိမ်နီးချင်းနိုင်ငံ ဖြစ်နေတော့ ထိုင်းဝန်ကြီးချုပ်တို့က ဒီဟာကို ယုံကြည်သက်ဝင်လိမ့်မယ်၊ လက်ခံလာလိမ့်မယ်လို့ ထင်သလား။

ဦးအောင်ဇော် ။ ။ ကျနော်မြင်တာက နံပါတ်တစ်၊ ဗိုလ်ချုပ်ကြီးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည် အခန်းကဏ္ဍတခုအဖြစ် ပါဝင်ခွင့် ရလာမယ်လို့ ပြောတယ်ဆိုတာ အဲဒါ မြန်မာ နအဖစစ်အစိုးရရဲ့ ပေါ်လစီလို့ ကျနော် မထင်ဘူး။ သူက ASEAN plus 3 လုပ်တဲ့ meeting တံခါးပိတ် အစည်းအဝေးမှာ ဟိုဘက်က ကိုယ်စားလှယ်တွေ အာဆီယံက မေးတဲ့မေးခွန်းကို ပြန်ဖြေရင်းနဲ့ ပြောသွားတဲ့စကား ဖြစ်ပါတယ်။ ဆိုတော့ မြန်မာစစ်အစိုးရရဲ့ ပေါ်လစီတခုကို ချပြတယ်လို့ ကျနော် မထင်ဘူး။

အဲဒါကြောင့်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် (Kasit Piromya) အပါအဝင် ဝန်ကြီးချုပ် အဘီဆစ် (Abhisit Vejjajiva) ဆိုရင်လည်း သူသွားရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်တယ်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို စိုက်လိုက်မတ်တပ် ပြောခဲ့သူ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်က မြန်မာ နအဖစစ်အစိုးရက အခုလိုပြောတာကို သံသယရှိတယ်ဆိုပြီး သံတမန် အသိုင်းအဝိုင်းက ချက်ချင်းပဲ သတင်းပြန်ထွက်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ နအဖစစ်အစိုးရက အကျဉ်းအကျပ်ထဲ ရောက်တဲ့အခါတိုင်း၊ ဒါမှမဟုတ် တခြား နိုင်ငံကြီးတွေနဲ့ အဆက်အသွယ် ပြန်ပြီး ကောင်းမွန်အောင်လုပ်ဖို့ ကြိုးစားတဲ့အခါတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပြီး သုံးလေ့ရှိတယ်လို့ သူတို့က သုံးသပ်ပါတယ်။

ဒါကြောင့်လည်း ဒီတခေါက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်သေးဘဲ ထုတ်သုံးတယ်၊ အမြင်ကောင်းအောင် စကားပြောတယ် ဆိုပြီးတော့ပဲ အများစုက သုံးသပ်တာ တွေ့ရတယ်။ တကယ့်တကယ်ကြတော့ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ NLD အပါအဝင် ဦးဝင်းတင်၊ ဦးတင်ဦးတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်တွေ မြန်မာပြည်ကို မလာခင်မှာ အားလုံးတွေ့ဆုံပြီး မဟာဗျူဟာ ဆွေးနွေးပွဲကိစ္စတွေ၊ ဘယ်လိုသုံးသပ်မယ်ဆိုတဲ့ ကိစ္စတွေတောင်မှ နအဖ စစ်အစိုးရက ကြိုးစားမှု မရှိဘဲနဲ့ ပယ်ချထားတာ တွေ့ရဆဲ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ကိုသိန်းထိုက်ဦးက ပြောတယ်၊ ဥက္ကဋ္ဌရဲ့ မိန့်ခွန်းပြောစဉ်တုန်းက မြန်မာနိုင်ငံမှာ ပွင့်လင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ပေးဖို့ဆိုပြီး တိုက်တွန်းတယ်လို့ ပြောတယ်။ ကျနော် တခုစဉ်းစားမိတာ နိုင်ငံတကာ အသိုင်းအဝန်း၊ အာဆီယံ အပါအဝင် အဖွဲ့အစည်းတွေက မြန်မာ့နိုင်ငံရေး ပြုပြင်ဖို့အတွက် ပြောနေကြတဲ့နေရာမှာ ရွေးကောက်ပွဲ တရားမျှတဖို့ချည်းပဲ ပြောနေကြတယ်။

တကယ်တော့ ဒီရွေးကောက်ပွဲကို စစ်အစိုးရက အကုန်လုံးကို ဖွင့်ပေးပြီးတော့ ကျနော်တို့ တရားမျှတအောင် ဖွင့်ပေးတာပဲ၊ သူတို့ သပိတ်မှောက်တာတော့ မတတ်နိုင်ဘူးလို့ အကြောင်းပြမှာပဲ။ ဘာကြောင့် သပိတ်မှောက်ရသလဲ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တရားမမျှတဘူး၊ ဒီဥပဒေကို ပြင်သင့်တယ်ဆိုတဲ့ အချက်ကို ဘယ်သူမှ ထောက်မပြကြဘူး။ အဲဒါကို အာဆီယံကလူတွေ သဘောမှ ပေါက်ကြရဲ့လား။ ဖွဲ့စည်းပုံ အခြေခံဥပဒေက အဓိကဖြစ်တယ်ဆိုတာ၊ ကိုသိန်းထိုက်ဦး ဘယ်လိုသဘောရပါသလဲ။

ဦးသိန်းထိုက်ဦး ။ ။ အာဆီယံက ကျနော်မြင်တာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး နှာစေးနေတယ်လို့ မြင်တယ်။ သူတို့ မသိတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စကို ဘာမှမပြောဘဲနဲ့ ယုတ်စွအဆုံး ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတအောင် ကျင်းပပေးပါလို့ တောင်းဆိုတာတောင်မှ ဒီရွေးကောက်ပွဲမှာ တကယ်တမ်း လွတ်လပ်မှု ရှိမရှိ အာဆီယံအနေနဲ့ စောင့်ကြည့်လေ့လာခွင့် တောင်းမယ်လို့တော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်က ပြောသွားတယ်။ တောင်းပေမဲ့ မြန်မာစစ်အစိုးရဘက်က အာဆီယံပဲ ဖြစ်ဖြစ်၊ နိုင်ငံတကာပဲ ဖြစ်ဖြစ် စောင့်ကြည့်လေ့လာခွင့် ပေးပါ့မယ်ဆိုတဲ့ ကတိကဝတ်မျိုး ဘာမှမရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ကိုအောင်ဇော်ရဲ့ သဘောထားလည်း သိချင်ပါတယ်။ နိုင်ငံတကာက ရွေးကောက်ပွဲကိစ္စပဲ ပြောနေတယ်။ ဖွဲ့စည်းပုံကိစ္စ ဘယ်သူမှ မပြောကြပါလားခင်ဗျ။ နားမလည်လို့လား။

ဦးအောင်ဇော် ။ ။ ကျနော်ထင်တယ်၊ ဖွဲ့စည်းပုံကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာကရော၊ အာဆီယံကရော အသေအချာလည်း နားလည်ပုံမရဘူး၊ ပြောချင်ပုံလည်း မရဘူး။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက အထူးသဖြင့် တိုင်းရင်းသားတွေအတွက် ဘာမှ ခံစားပိုင်ခွင့် မရှိဘူး၊ အနာဂတ်မရှိဘူးဆိုတဲ့ ကိစ္စကိုလည်း သူတို့က တမင်သက်သက် မေ့ထားချင်ပုံရတယ်လို့ ကျနော်ကတော့ သုံးသပ်မိတယ်။ အဲတော့ ကျနော်ထင်တာ အာဆီယံကို ပြန်ကြည့်မယ်ဆိုရင်လည်း အာဆီယံက election ကို မြန်မြန်လုပ်စေချင်ပုံ ရတယ်။

ဘာကြောင့်လဲဆိုတော့ အာဆီယံ နိုင်ငံတွေကိုပဲ ကြည့်မယ်ဆိုရင် election လုပ်တဲ့နိုင်ငံ ရှိတယ်၊ မဲခိုးတဲ့နိုင်ငံ ရှိတယ်၊ အခုထက်ထိ အာဏာသိမ်းတဲ့နိုင်ငံ ရှိတယ်၊ အာဏာရှင်တွေ အုပ်စိုးနေတဲ့ နိုင်ငံရှိတယ်။ ဗီယက်နမ်နဲ့ လာအိုမှာဆိုရင် election တောင် ရှိတာမဟုတ်ဘူး။ ဆိုတော့ ကျနော်ထင်တယ်၊ election လောက် လုပ်ပေးရင်တောင်မှ အာဆီယံက မြန်မာစစ်ဗိုလ်ချုပ်တွေကို လက်ခံမယ့်သဘော ရှိတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အာဆီယံဟာ အခုလောလောဆယ်မှာ မြန်မာ့နိုင်ငံရေး တိုးတက်ပြီး ရှေ့ကို ကောင်းမွန်လာဖို့အတွက်လည်း ဘာမှ ထိထိရောက်ရောက် လုပ်ပေးနိုင်တာ မတွေ့ဘူး၊ တခါ လူထုကိုယ်စားပြု အဖွဲ့အစည်းဖြစ်အောင်၊ လူထုနဲ့ တွေ့ဖို့ဆိုတဲ့ ကိစ္စမှာလည်း မြန်မာနိုင်ငံကို ဘာမှ သူတို့ တွန်းအားပေးနိုင်တဲ့ကိစ္စ မရှိတော့ အာဆီယံဟာ မြန်မာနိုင်ငံအတွက် ဘာကောင်းလဲ၊ စီးပွားရေးအားဖြင့်ရော ကောင်းပါသလား။ အဲဒါလေး တချက်လောက် စဉ်းစားကြည့်ရအောင်ပါ။ ကိုသိန်းထိုက်ဦး ဘယ်လိုသဘောရပါသလဲ။ အာဆီယံကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ ကောင်းကျိုး သက်ရောက်မှုတွေများ တွေ့မိပါသလား။

ဦးသိန်းထိုက်ဦး ။ ။ တကယ်တမ်းကြတော့ အာဆီယံက ကမ္ဘာ့ စီးပွားရေးကောင်းတဲ့ နိုင်ငံကြီးတွေနဲ့ တိုးတဲ့အခါမှာ အာဆီယံနဲ့ ရုရှား၊ အာဆီယံနဲ့ အမေရိကန် ပြည်ထောင်စု၊ အာဆီယံနဲ့ အိန္ဒိယဆိုပြီး ဒေသတွင်းအားကို ယူပြီးတော့ သဘောတူညီချက်တွေရဖို့ လုပ်နေပေမဲ့ တကယ်တမ်း အကျိုးစီးပွားကြတော့ ဒေသတခုလုံးထက် သူ့နိုင်ငံရဲ့ အကျိုးစီးပွားကိုပဲ ရှေ့တန်းတင်သွားတာ မျိုးတွေက သက်သေသာဓက တော်တော်များများ တွေ့ရပါတယ်။ အဲတော့ ဒေသတွင်းနိုင်ငံတွေရဲ့ အားကို ယူပေမဲ့ တကယ်တမ်း ဒေသတွင်း စီးပွားရေးတခုလုံးအတွက် လုပ်ပေးတာမျိုး အာဆီယံအနေနဲ့ လုပ်ပေးနိုင်တာ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ကိုအောင်ဇော်၊ အာဆီယံက မြန်မာနိုင်ငံအတွက် နိုင်ငံရေးတွေ ဘာတွေ သိပ်အသုံးမကျရင် စီးပွားရေးအတွက်ရော အသုံးကျပါသလား။

ဦးအောင်ဇော် ။ ။ ကျနော်မြင်တာ နှစ်ဘက်ကြည့်ရမယ်ထင်တယ်။ ထိုင်းနိုင်ငံက ပြန်ကြည့်မယ်ဆိုရင် နောက်ဆုံးပိတ် EIU ကထုတ်တဲ့ economic data ကို ပြန်ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံ ဖြစ်နေတယ်။ နောက်ပိုင်းပါလာတာတော့ စင်ကာပူတို့၊ အိန္ဒိယတို့၊ တရုတ်တို့ပေါ့။ သူတို့က မြန်မာပြည်ကို engage လုပ်တယ်၊ အပြုသဘောဆောင်တယ် ဆိုတာက မြန်မာပြည်ရဲ့ သဘာ၀ တွင်းထွက်တွေကို သူတို့က လက်ဝါးကြီးအုပ် သွေးစုပ်ဖို့ အဆင့်လောက်ပဲရှိတယ်။ ဒါ့အပြင် ပိုပြီးတော့ မြန်မာပြည်က ပြုပြင်ပြောင်းလဲမှုတွေ၊ economic policy ကိုပဲ ကျနော်ပြောတာ၊ အဲဒါကို ပြုပြင်ပြောင်းလဲဖို့တောင်မှ အာဆီယံက တွန်းအားပေးနိုင်တဲ့အဆင့် မရှိဘူး။ နိုင်ငံရေးကို မပြောနဲ့၊ ဒီမိုကရေစီရေးကို မပြောနဲ့။

ဆိုတော့ အာဆီယံရဲ့ engagement ကလည်း တကယ့်တကယ်ကြတော့ အတော်ကို အကန့်အသတ်ရှိတယ်လို့ ကျနော်တော့ မြင်တယ်။ တချိန်တည်းမှာပဲ မြန်မာ နအဖ စစ်အစိုးရဘက်ကလည်း အာဆီယံကို သူ့မှာရှိတဲ့ တွင်းထွက်တွေကို၊ သူ့မှာရှိတဲ့ဟာတွေကို ထုတ်ရောင်းတဲ့အဆင့် လုပ်ပြီးတော့ သူ့ရဲ့ စစ်တပ်နဲ့ သူ့ရဲ့ ယန္တရားကြီးကို လည်ပတ်ဖို့ အဆင့်လောက်ပဲ အာဆီယံနဲ့ ဆက်သွယ်မှု ရှိတယ်။ ဒါကြောင့် မြန်မာပြည်မှာ ဈေးကွက် စီးပွားရေးစနစ်လို့ ပြောတဲ့ စနစ်ကို ကျင့်သုံးတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကစပြီး အခုအချိန်အထိ မြန်မာပြည်ဟာ ဘာဖြစ်လို့ ချွတ်ခြုံကျအောင် ဆင်းရဲနေလဲဆိုတော့ အဲဒါ အာဆီယံရဲ့ စီးပွားရေးအရ engagement မအောင်မြင်ဘူးဆိုတာ ပြနေတယ်လို့ ကျနော်တော့ သုံးသပ်တယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတချက်က အာဆီယံရဲ့ အဖွဲ့ဝင် ဖြစ်နေတဲ့အတွက် ကျန်တဲ့နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုကို ခံနေရတဲ့ မြန်မာနိုင်ငံ၊ ကျန်တဲ့နိုင်ငံဆိုတာ အမေရိကန်တို့ EU တို့ကိုပြောတာပါ၊ အာဆီယံဆီကလာတဲ့ FDI နိုင်ငံခြားက တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေကြောင့် မြန်မာနိုင်ငံမှာ နည်းပညာတွေ၊ ဖွံ့ဖြိုးတာတွေ၊ စက်ရုံတွေ ဘာတွေ ပေါ်ပေါက်လာပြီး အလုပ်သမားတွေ အလုပ်ရတာရော မရှိဘူးလား ကိုအောင်ဇော်။

ဦးအောင်ဇော် ။ ။ ကျနော်မြင်တာက တကယ်လို့ ဗိုလ်ချုပ်ကြီးတွေကသာ အာဆီယံရယ်၊ ကိုရီးယားရယ်၊ ဂျပန်ရယ်၊ အိန္ဒိယရယ်၊ တရုတ်ရယ်၊ သူတို့နဲ့သာ ကုန်သွယ်နေတာ ဖြစ်ပါတယ်၊ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကစပြီးတော့။ အဲဒီနိုင်ငံတွေနဲ့ တကယ့်တကယ်သာ ကုန်သွယ်နိုင်မယ်ဆိုရင် သူဟာ စီးပွားရေးကို အတော် ခေါင်းထောင်လာအောင် လုပ်ပေးနိုင်မယ်လို့ ကျနော်ထင်တယ်။ ဒါပေမဲ့ အဲဒါကို သူတို့ မလုပ်နိုင်ဘူးလို့ ကျနော်မြင်တယ်။ အဲဒါကြောင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုကလည်း မြန်မာလူမျိုးတွေအတွက် အကျိုးစီးပွား ဖြစ်ထွန်းတယ်လို့ မသုံးသပ်မိဘူး။

ဦးသိန်းထိုက်ဦး ။ ။ ကျနော်လည်း မြင်မိတာကတော့ အခုအချိန်အထိ အာဆီယံဘက်က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တကယ်တမ်း စီးပွားရေးအရ အပြောင်းအလဲတွေ ဖြစ်လာအောင်၊ နည်းပညာတွေ တိုးတက်လာအောင်၊ ပညာရေးမှာ မြှင့်တင်နိုင်အောင် ကူညီတာမျိုး မဟုတ်ဘဲနဲ့ သယံဇာတတွေ ရဖို့အတွက် အိမ်တိုင်ချွတ်ရောင်းတဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ စီးပွားရေးစနစ်ကိုပဲ ပိုပြီးတော့ အားကောင်းလာအောင် အာဆီယံက တလျှောက်လုံး နှစ်ပေါင်းများစွာ အားဖြည့်ခဲ့တယ်လို့ ကျနော်လည်း မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အာဆီယံဟာ မြန်မာနိုင်ငံအတွက် ဘာများ အကျိုးရှိပါသလဲ။ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး တိုးတက်ကောင်းမွန်အောင်လည်း သူတို့ မပံ့ပိုးနိုင်ဘူး၊ လူ့အခွင့်အရေး ထွန်းကားအောင်၊ ဒီမိုကရေစီ ရှေ့တိုးလာအောင်လည်း သူတို့ မဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်း ဖြစ်နေပါတယ်။ ဆိုတော့ မြန်မာအစိုးရ ခေါင်းဆောင်တွေဟာ ပြည်သူ့ဘဏ္ဍာငွေသုံးပြီး တနှစ်တခါ လူတောတိုးနိုင်တယ်ဆိုတာ ပြသရုံကလွဲလို့ အသုံးမကျတဲ့ လုပ်ရပ်တခုသာ ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG