သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ကားဗုံးခွဲမှု လူ ၁၀၀ သေဆုံး၊ ဝန်ကြီး ကလင်တန် ရှုတ်ချ


ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း မငြိမ်မသက် ဖြစ်နေတဲ့ ဒေသက ပက်ရှ်ဝါမြို့မှာ အင်အားပြင်း ကားဗုံးတလုံး ပေါက်ကွဲခဲ့ပြီး လူပေါင်း ၁၀၀ ထက်မနည်း သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့ကြပါတယ်။ ဗုံးဟာ ဗုဒ္ဓဟူးနေ့မှာ လူစည်ကားတဲ့ ဈေးထဲပေါက်ကွဲခဲ့ပြီး ဗလီတခု အပါအဝင် အဆောက်အဦး တော်တော်များများ ပျက်စီးခဲ့ပါတယ်။

အဝတ်အထည်တွေ၊ ကလေး ကစားစရာတွေနဲ့ လက်ဝတ်ရတနာတွေ ရောင်းတဲ့ နေရာနားမှာ ပေါက်ကွဲခဲ့တာမို့ ထိခိုက်သေဆုံးသူ အများစုဟာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ဖြစ်နေတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ကယ်ဆယ်ရေး လုပ်သားတွေဟာ ပြိုပျက်နေတဲ့ ဆိုင်ခန်းတွေထဲ အသက်မသေ ကျန်ရစ်သူတွေကို ရှာဖွေနေကြတဲ့အပြင် လောင်ကျွမ်းနေတဲ့ မီးတွေကိုလည်း ငြှိမ်းသတ်နေရပါတယ်။ ဒီဖောက်ခွဲမှုကို ဘယ်သူလုပ်ဆောင်တယ်ဆိုတာ အခုထိ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

ပက်ရှ်ဝါမြို့ဟာ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခရိုင်ထဲက လူဦးရေ အထူထပ်ဆုံး မြို့တမြို့ဖြစ်ပြီး တာလီဘန် လက်နက်ကိုင်တွေနဲ့ ပါကစ္စတန်စစ်တပ် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ လူမျိုးစုတွေ နေထိုင်ရာ ဒေသတွေကို သွားရာ အချက်အချာကျတဲ့မြို့ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ပါကစ္စတန်မြို့တော် အစ္စလမ်မာဘတ်မြို့ကို ဆိုက်ရောက်ပြီး မကြာခင်မှာပဲ အခုလို ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကိုင် အစွန်းရောက်တွေရဲ့ ဒီလုပ်ဆောင်မှုအတွက် သမ္မတ အိမ်ဖြူတော်က ရှုတ်ချလိုက်တဲ့အပြင် ပါကစ္စတန်နိုင်ငံကို ရောက်နေတဲ့ ဝန်ကြီး ကလင်တန်ကလည်း အခုလို အပြစ်မဲ့ ပြည်သူတွေကို တိုက်ခိုက်မှုဟာ သူရဲဘောနည်းတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဝန်ကြီး ကလင်တန်က သူ့ရဲ့ ပါကစ္စတန်ကို လာရောက်တဲ့ ၃ ရက်ကြာ ခရီးကနေ နှစ်နိုင်ငံ ဆက်သွယ်ရေး ခိုင်မာအောင် လုပ်ဆောင်မှာဖြစ်ပြီး လက်နက်ကိုင် အစွန်းရောက်တွေကို တိုက်ခိုက်နေတဲ့ ပါကစ္စတန်ဘက်က အမေရိကန်နိုင်ငံက မားမားမတ်မတ် ရပ်တည်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG