သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကိုယ်စားလှယ်ကို အဲန်အယ်လ်ဒီက ပါတီဌာနချုပ်၌သာ တွေ့ဆုံလို


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အရာရှိကြီး တဦးဦး မြန်မာနိုင်ငံကို လာရောက်ပြီး အဲန်အယ်လ်ဒီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်ဆိုရင် အစိုးရ ဧည့်ဂေဟာမှာထက် အဲန်အယ်လ်ဒီ ဌာနချုပ်မှာ တွေ့ဆုံဖို့အတွက် အဲန်အယ်လ်ဒီဘက်က အမေရိကန်သံရုံးကို အဆိုပြုထားပါတယ်။ အရင်က ကုလသမဂ္ဂခေါင်းဆောင်တွေနဲ့ အဲန်အယ်လ်ဒီ ခေါင်းဆောင်တွေ တွေ့ဆုံခဲ့တဲ့အချိန် မြန်မာစစ်အစိုးရ စီစဉ်ပေးတဲ့ အစိုးရဧည့်ဂေဟာမှာပဲ တွေ့ဆုံခွင့်ရခဲ့ကြပါတယ်။

အမေရိကန်လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့(တ်) ကမ်ဘဲလ် ဟာ မြန်မာနိုင်ငံကို ရှေ့သီတင်းပတ် အတွင်းမှာ ရောက်လာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အခုထိတော့ အတိအကျတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

ရန်ကုန် အမေရိကန်သံရုံးဘက်က အကြောင်းကြားထားတာနဲ့ ပတ်သက်ပြီး အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကို ကိုသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းတဲ့အခါ ဦးဉာဏ်ဝင်း က အခုလို ပြောပါတယ်။

"အကြောင်းကြားထားတာ ရှိတယ်။ အကြောင်းကြားတာက လာလို့ရှိရင် အဲန်အယ်လ်ဒီ စီအီးစီ တွေနဲ့လည်း တွေ့မယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့မယ်။ နေ့တို့ အချိန်တို့တော့ မပြောသေးဘူး။ အဲဒါတော့ အကြောင်းကြားထားပါတယ်"

ကျနော်တို့ ကြားတာက အဲန်ကယ်လ်တို့ ဘက်ကလည်း အဲန်အယ်လ်ဒီ ခေါင်းဆောင်တွေဘက်ကနေပြီးတော့ တွေ့မယ်ဆိုရင် အဲန်အယ်လ်ဒီ ဌာနချုပ်မှာ တွေ့ဖို့၊ ဖြစ်နိုင်မယ်ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အားလုံး တွေ့ဖို့ဆိုပြီး တောင်းဆိုထားတာ ရှိတယ်လို့ ကြားပါတယ်ခင်ဗျ။ အဲဒါရော ဟုတ်ပါသလား။ -

"အဲဒီလို သီးခြား တောင်းဆိုတာတော့ မရှိဘူး။ ကျနော် ထင်ပါတယ်၊ လွန်ခဲ့တဲ့ နှစ်ပတ်သုံးပတ်လောက်တုန်းက သူတို့ သံအရာရှိတွေနဲ့ တွေ့တဲ့အခါမှာ ဒီလိုသဘောမျိုး ပြောဆိုတာရှိတယ်။ တောင်းဆိုတာ ဆိုတာထက်ကို ဒီလို ဆောင်ရွက်သင့်တာမျိုး ရှိပါတယ်။"

တွေ့မယ်ဆိုလို့ရှိရင် အဲန်အယ်လ်ဒီ ရုံးချုပ်မှာ တွေ့မယ်ဆိုတာမျိုး၊ -

"ဟုတ်ပါတယ်။"

အစိုးရဧည့်ဂေဟာမှာ မဟုတ်ဘဲနဲ့ အဲန်အယ်လ်ဒီ ရုံးချုပ်မှာတွေ့ဖို့ ဆိုတာမျိုး အဲန်ကယ်လ်တို့ဘက်က အလေးထားပြီးတော့ ပြောခဲ့တာမျိုး ရှိပါသလား။ -

"ပြောခဲ့ပါတယ်။"

ဘာကြောင့် အစိုးရ ဧည့်ဂေဟာမှာထက် အဲန်အယ်လ်ဒီ ဌာနချုပ်မှာ တွေ့ဖို့အဆိုပြုတာပါလဲ။ -

"အစိုးရ ဧည့်ဂေဟာ ဆိုတာ ဘယ်လိုအနေအထား ရှိတယ်။ ဘာတွေ ရှိတယ်ဆိုတာ ကျနော်တို့ ဘာမှမသိဘူး။ ရှိတယ်လို့လည်း မစွပ်စွဲဘူး။ သို့သော် သိကိုမသိတာ။ အဲဒီတော့ ဘာမှမရှိတဲ့ ကျနော်တို့ အဖွဲ့ချုပ်က ပိုပြီးတော့ သင့်လျော်ပါတယ်။"

အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

အောက်တိုဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ မစ္စတာ ကာ့(တ်) ကမ်ဘဲလ် မြန်မာပြည်ကို သွားရောက်မယ့် ကိစ္စနဲ့ပတ်သက်ပြီးတော့ အတိအကျ မဆုံးဖြတ်ရသေးဘူးလို့ ပြောခွင့်ရသူပုဂ္ဂိုလ် အီရန်ကယ်လီ က ပြောထားတာ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ထိတွေ့ဆက်ဆံရေးမူကို ကျင့်သုံးမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့(တ်) ကမ်ဘဲလ် အခုလို မြန်မာပြည်ကို သွားမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။ ဒီ ခရီးစဉ်နဲ့ပတ်သက်လို့ စောင့်ကြည့်လေ့လာနေတဲ့ အကြောင်းလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။ သီးခြားတွေ့ဆုံချင်တဲ့ အဲန်အယ်လ်ဒီရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီးတော့ ခုချိန်ထိတော့ အမေရိကန်ဘက်က တစုံတရာ ပြောဆိုခြင်း မရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG