သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-အာဆီယံ မူးယစ်ဆေး တိုက်ဖျက်ရေး


မြန်မာ-လာအို-ထိုင်း-ဗီယက်နမ် စတဲ့ အာဆီယနိုင်ငံတွေက မူးယစ်ဆေးပြဿနာဟာ တရုတ်ပြည်အထိ ရောက်ရှိနေတဲ့အတွက် တရုတ်အစိုးရဟာ အာဆီယံနဲ့ ပူးတွဲပြီး မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်နေတာ အတော်လေးကြာနေပါပြီ။ မြန်မာ့ဘိန်းဖြူဟာ အမေရိကန်အထိ ရောက်နေတုန်းမို့ အမေရိကန်အစိုးရကလည်း ဒီကိစ္စကို စိတ်ဝင်းစားပါတယ်။

ရှမ်းပြည်နယ်က မူးယစ်ဆေးဟာ လမ်းကြောင်းလေးခုက ထွက်နေကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံ သို့မဟုတ် ရန်ကုန်-မော်လမြိုင်ကတဆင့် မလေးရှား၊ စင်္ကာပူအထိ မူးယစ်ဆေး တင်ပို့တာကို တောင်ဘက်လမ်းကြောင်းလို့ ခေါ်ပါတယ်။ လာအို-ဗီယက်နမ် ကတဆင့် ဖြန့်ဝေတာဟာ အရှေ့ဘက်လမ်းကြောင်း ဖြစ်ပါတယ်။ တရုတ်ပြည်ကို တင်ပို့တာဟာ မြောက်ဘက်လမ်းကြောင်း ဖြစ်ပါတယ်။ ယူနန် ရောက်သွားတဲ့ မူးယစ်ဆေးဟာ ဟောင်ကောင်-မကာအို ကတဆင့် ကမ္ဘာကို ဖြန့်ဝေပါတယ်။ အင်ဒီယား၊ ဘင်္ဂလားဒေ့ရှ် ကတဆင့် ဖြန့်တာကိုတော့ အနောက်ဖက်လမ်းကြောင်းလို့ ခေါ်ပါတယ်။

ပထဝီအနေအထားအရ တောင်တန်းတွေများတဲ့ ရှမ်းပြည်နယ်နဲ့ လာအိုနိုင်ငံဟာ ဘိန်းစိုက်ပျိုးဖို့ အခြေအနေကို ဖန်တီးထားသလို ဖြစ်နေပါတယ်။ လာအိုနိုင်ငံဟာ မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ် တို့နဲ့ ဆက်စပ်နေပြီး ကီလိုမီတာ ၅၀၀၀ ကျော် ရှည်လျားတဲ့ နယ်စပ်ဒေသ ရှိနေတဲ့အတွက် မူးယစ်ဆေး သယ်ယူပို့ဆောင်ရာမှာ အရေးကြီးတဲ့ ဖြတ်လမ်းဖြစ်နေပါတယ်။

ယူနန်နယ်စပ်ဟာ ကီလိုမီတာ ၄၀၀၀ ကျော် ရှည်လျားပြီး ကားလမ်းကဝင်တဲ့ နယ်စပ်ဂိတ်ပေါင်း ၁၀၀ ကျော် ရှိတာမို့ မူးယစ်ဆေးကို တားဆီးဖို့ ခက်ခဲခဲ့ပါတယ်။ မြန်မာ့မူးယစ်ဆေး အိမ်နီးချင်းနိုင်ငံအားလုံးကို ရောက်သွားတဲ့အတွက် မြန်မာ့ပြဿနာဟာ ဒေသဆိုင်ရာ ပြဿနာ ဖြစ်လာပါတယ်။

တရုတ် နဲ့ အာဆီယံ ပူးတွဲလုပ်ဆောင်တဲ့ မူးယစ်ဆေးတိုက်ဖျက်ရေး အစီအစဉ် ၂၀၀၀ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တာမို့ သက်တမ်း ၉ နှစ် ရှိသွားခဲ့ပါပြီ။ ၂၀၁၅ မှာ အာဆီယံဒေသတခွင်လုံး မူးယစ်ဆေး ကင်းရှင်းရမယ် ရည်ရွယ်ချက်နဲ့ အကောင်အထည်ဖော် လုပ်ဆောင်နေတဲ့ ၁၅ နှစ် စီမံကိန်း ဖြစ်ပါတယ်။

ဗမာစစ်အစိုးရကလည်း သံယောင်လိုက်ပြီး ၂၀၁၄ မှာ မူးယစ်ဆေး ကင်းရှင်းရမယ်လို့ ကြေညာထားပါတယ်။ တရုတ်-အာဆီယံ မူးယစ်ဆေး တိုက်ဖျက်ရေးကို ၂၀၀၀ ပြည့်နှစ်မှာ စတင် အကောင်အထည်ဖော်ပေမဲ့ မြန်မာ-ထိုင်း-လာအို နဲ့ ပူးတွဲလာခဲ့တာ ၁၉၉၀ ခုနှစ်ကဖြစ်လို့ ၁၉ နှစ် ရှိလာခဲ့ပါပြီ။ နောက်တော့ ကုလသမဂ္ဂ မူးယစ်ဆေးတိုက်ဖျက်ရေးဌာနလည်း ပါဝင်လာခဲ့ပြီး မဲခေါင်ဒေသနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်လာပါတယ်။

ယူနန်-မြန်မာ-ထိုင်း-လာအို က အစိုးရအမှုထမ်းတွေ ပူးတွဲပြီး မဲခေါင်မြစ်တလျှောက် မူးယစ်ဆေး မှောင်ခိုလုပ်ငန်း အခြေအနေကို စုံစမ်းစစ်ဆေး တာတွေ လုပ်ဆောင်လာပါတယ်။ မလေးရှား၊ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကလည်း တရုတ်နဲ့ ပူးတွဲလုပ်ကိုင်လာကြပါတယ်။ နယ်ခြားဖြတ် ရာဇဝတ်မှု အများအပြား ရှိပေမဲ့ မူးယစ်ဆေး တိုက်ဖျက်ရေးကိုသာ တရုတ်အစိုးရက ဦးစားပေး ဆောင်ရွက်နေပါတယ်။ အကြောင်းကတော့ မူးယစ်ဆေး ဒဏ်ကို အခံရဆုံးဟာ တရုတ်ပြည် ဖြစ်နေလို့ပါ။ တရုတ်ပြည်မှာ မူးယစ်ဆေး စားသုံးသူ ၁၅ သန်းလောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

တရုတ်-အာဆီယံ မူးယစ်ဆေး တိုက်ဖျက်ရေး အစီအစဉ်မှာ အဆင့် သုံးဆင့် ရှိပါတယ်။ ပထမအဆင့်မှာ ပူးတွဲလုပ်ငန်းတွေရဲ့ မူးယစ်ဆေး ဥပဒေတွေကို အပြန်အလှန် သိရှိနားလည်နိုင်ဖို့ ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာ သတင်းအချက်အလက် ဖလှယ်ရေး၊ စုံစမ်းစစ်ဆေး ဖမ်းဆီးရေး၊ ရာဇဝတ်သား ပို့ပေးရေး စတဲ့ အလုပ်တွေ လုပ်ရပါတယ်။ တတိယအဆင့်ကတော့ ပူးပေါင်းဆောင်ရွက်ထားတဲ့ အတွေ့အကြုံကို အခြေပြုပြီး တရုတ်-အာဆီယံနိုင်ငံအားလုံးမှာ တပြေတည်း ကျင့်သုံးနိုင်မယ့် မူးယစ်ဆေး တိုက်ဖျက်ရေး ဥပဒေကို ပြဌာန်းပြီး အကောင်အထည်ဖော် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

ပထမအဆင့်ကို ၂၀၀၄ ခုနှစ်က စတင်ပြီး တဖြည်းဖြည်း အကောင်အထည်ဖော် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒုတိယအဆင့်ဖြစ်တဲ့ သတင်းဖလှယ်ရေး၊ အကျဉ်းသားဖလှယ်ရေး စတာတွေကိုလည်း လက်တွေ့ လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ တတိယနဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ အားလုံးလက်နာ ကျင့်သုံးရမည် မူးယစ်ဆေးတိုက်ဖျက်ရေး ဥပဒေကို အကောင်အထည်ဖော်ဖို့ ကိစ္စဟာ လွယ်မရောင်နဲ့ ခက်ခဲနေတဲ့ ကိစ္စဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။

အချုပ်အခြာ အာဏာကို ရိုသေလေးစားရင်နဲ့ ပြည်တွင်းမဝင်စွက်ဖက်ရေး မူတွေကို လိုက်နာနေရတဲ့အတွက် ပြည်တွင်းအခြေအနေကို လိုက်ပြီး ပူးတွဲလုပ်ကိုင်ရမယ့် အတိုင်းအတာကို သတ်မှတ်နိုင်တာမျိုးတွေ ရှိနေပါတယ်။ တဆက်တည်းမှာဘဲ မူးယစ်ဆေး နှိမ်နှင်းဖို့ တာဝန်ယူထားတဲ့ အမှုထမ်းတွေထဲမှာ မူးယစ်ဆေးလုပ်ငန်းက အကျိုးအမြတ်ကို ခံစားနေရသူတွေ ရှိနေပါတယ်။ ဒါကြောင့် အားလုံး သဘောတူတဲ့ ဥပဒေကို နိုင်ငံတိုင်းမှာ ကျင့်သုံးဖို့ ခက်ခဲတယ်ဆိုရင် ဒေသဆိုင်ရာ မူးယစ်ဆေး တိုက်ဖျက်ရေး ပူးတွဲစီမံကိန်း အောင်မြင်ဖို့ အလားအလာ မရှိနိုင်ဘူးလို့ သုံးသပ်ကြပါတယ်။

တရုတ်-အာဆီယံ မူးယစ်ဆေးတိုက်ဖျက်ရေး အစီအစဉ်မှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အားမပေးတာ သိသာပါတယ်။ ဒါကြောင့် အားလုံး လက်ခံနိုင်မယ့် မူးယစ်ဆေး တိုက်ဖျက်ရေး ဥပဒေကို ပြဌာန်းပြီး ဒီ ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားတာကိုဘဲ တရုတ် က လိုလားပုံ ရပါတယ်။ စစ်ရေးအရ ပါဝင်စွက်ဖက်တာမျိုး မရှိတဲ့အတွက် အမေရိကန် ပါဝင်နိုင်ဖို့ လမ်းဖွင့်ထားတာကလည်း တရုတ်နဲ့ အာဆီယံ အတွက် အကျိုးရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG