သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်တကျော့ပြန် ရွေးကောက်ပွဲ အဗ္ဗဒူလာ  နုတ်ထွက်ဖွယ်ရှိ


အခုလာမယ့်သီတင်းပတ်အတွင်း ဒုတိယအကျော့ ကျင်းပဖို့ရှိနေတဲ့ အာဖဂန်နိုင်ငံ ရွေးကောက်ပွဲ သမာသမတ်ကျမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတာကြောင့်၊ အတိုက်အခံ သမ္မတလောင်း အဗ္ဗဒူလာ အဗ္ဗဒူလာ (Abdullah Abdullah) ဟာ ရွေးကောက်ပွဲ ဒုတိယအကျော့ကို ဝင်ရောက်ယှဉ်ပြိုင်ချင်မှ ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သူနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး တော့ ဗွီအိုအေ သတင်းထောက် Sean Maroney အစ္စလမ်မာဘတ်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။

အာဖဂန်နိုင်ငံရဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အဇီဇူလာ လိုဒင် (Azizullah Lodin) ကို ဖယ်ရှားပေးဖို့ မစ္စတာ အက်ဘ်ဒူလာ က အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်း (Hamid Karzai) ကို စနေနေ့အထိအချိန်ပေးထားပါတယ်။ ဒီတောင်းဆိုချက်ဟာ သြဂုတ်လ ၂၀ ရက်နေ့က ကျင်းခဲ့တဲ့ရွေးကောက်ပွဲကို ပြဿနာတွေ ရှုပ်ထွေးစေတဲ့အထိဖြစ်ခဲ့တဲ့ မဲလိမ်မဲခိုးမှုတွေ နောက်တကြိမ် ထပ်မဖြစ်အောင်ဆိုပြီး၊ မစ္စတာအဗ္ဗဒူလာ အခုသီတင်းပတ်အတွင်း တောင်းဆို ခဲ့တဲ့အချက်တွေထဲက တခုဖြစ်ပါတယ်။

ဒါပေမယ့် စနေနေ့အထိတော့ သမ္မတ ဟာမစ်ကာဇိုင်းက မစ္စတာ အဗ္ဗဒူလာ ရဲ့ တောင်းဆိုချက်တွေကို သဘောတူ လိုက်လျောခြင်း မရှိသေးပါဘူး။

မစ္စတာအဗ္ဗဒူလာ ဟာ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့်ရွေးကောက်ပွဲ ဒုတိယအကျော့နဲ့ ပတ်သက်ပြီးတော့ ဒီကနေ့ တနင်္ဂနွေနေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ ယူဆရပါတယ်။ အရင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖြစ်တဲ့ အဗ္ဗဒူလာ အဗ္ဗဒူလာ ဟာ ရွေးကောက်ပွဲ ဒုတိယအကျော့ကို ဝင်ရောက်အရွေးခံချင်မှ အရွေးခံမယ်လို့ သူနဲ့ နီးစပ်တဲ့ သတင်းတချို့က ပြောတယ်လို့ လည်း သတင်းတွေမှာ ဖော်ပြနေပါတယ်။

မစ္စတာ အဗ္ဗဒူလာ ဟာ ရွေးကောက်ပွဲကျင်းပဖို့ တပတ်ပဲလိုတော့တဲ့ အချိန်မှာ တရားဝင်နှုတ်ထွက်သွားလို့ မရဘူးလို့ - အာဖဂန်ရွေးကောက်ပွဲ ကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ် နူးရ်မိုဟာမက်နူးရ် (Noor Mohammad Noor) က ဗွီအိုအေကို တရားဝင် အခုလို ပြောပါတယ်။

"ရွေးကောက်ပွဲဥပဒေရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အခုချိန်က အရမ်းကိုနောက်ကျသွားပါပြီ။ ရွေးကောက်ပွဲက နှုတ်ထွက်ဖို့အချိန်က ကျော်သွားပါပြီ၊ အဲဒါကြောင့် သူတို့အနေနဲ့ ဆက်ပြီးတော့ ယှဉ်ပြိုင်သင့်ပါတယ်။"

အာဖဂန်နိုင်ငံ သုတေသနနဲ့ မူဝါဒလေ့လာရေးဌာနက ညွန်ကြားရေးမှူး ဟာရွန်မားရ် (Haroun Mir) က အခုချိန်ကျမှ ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်မယ်ဆိုရင် တိုင်းပြည်ရဲ့အစိုးရအပေါ်မှာ လူထုရဲ့ အမြင်သဘောထားတွေက အတော်လေးကို သိသိသာသာ ပြောင်းလဲသွားမယ်လို့ ကဘူးလ် မြို့ကနေ အခုလို ပြောပါတယ်။

"တကယ်လို့ ဒေါက်တာအဗ္ဗဒူလာ သပိတ်မှောက်လိုက်မယ်ဆိုရင်၊ မဲပေးတဲ့သူ အရေအတွက်လည်း အတော်လေးကို နည်းသွားမှာဖြစ်ပြီး၊ အဲဒီလိုဆိုရင် သမ္မတ ကာဇိုင်း အနိုင်ရတယ်လို့ ကြေညာရမှာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကို တရားဝင် သမ္မတအဖြစ်နဲ့တော့ သတ်မှတ်လို့ရမှာ မဟုတ်ပါဘူး။"

သမ္မတကာဇိုင်းဟာ မစ္စတာအဗ္ဗဒူလာ ကိုထောက်ခံတဲ့ အမာခံနယ်မြေတွေ ဖြစ်တဲ့ အာဖဂန်နိုင်ငံ မြောက်ပိုင်း ဒေသတွေမှာ သြဇာလွှမ်းမိုးမှု ရှိဖို့တော့ အတော်လေးကို ခက်ခဲလိမ့်မယ်လို့ ယုံကြည်တယ်လို့ မစ္စတာ မီယာ က ပြောပါတယ်။

မဲရုံတွေကို ထပ်တိုးလိုက်ခြင်းအားဖြင့် ပထမအကျော့တုန်းကထက် မဲလိမ်မှုတွေ ပိုပြီးရှိလာနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိနေတဲ့ကြားကပဲ၊ အာဖဂန်ရွေးကောက်ပွဲ တာဝန်ရှိသူတွေဟာ ဒုတိယအကျော့ ရွေးကောက်ပွဲ အတွက် မဲရုံတွေကို ထပ်တိုးပြီး လုပ်ဆောင်သွားဖို့ စီစဉ်နေကြပါတယ်။

တာလီဘန်တွေကလည်း နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ဒီ ရွေးကောက်ပွဲ ဒုတိယအကျော့ကို တိုက်ခိုက်မှုတွေ အရှိန်အဟုန်မြင့် လုပ်ဆောင်သွားမယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းကတော့ တာလီဘန်သူပုန်တွေက ကဘူးလ်မြို့က တည်းခိုခန်းတခုကို တိုက်ခိုက်ခဲ့တာကြောင့် ကုလသမဂ္ဂဝန်ထမ်း ၅ ယောက် သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG