သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမစ် ခါဇိုင်း အနိုင်ရ၊ ရွေးကောက်ပွဲ ကော်မရှင် ကြေညာ


အာဖဂန်နစ္စတန်မှာ ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲကို ဖျက်ခဲ့ပြီးနောက်မှာ ရွေးကောက်ပွဲ အနိုင်ရသူဟာ လက်ရှိသမ္မတ ဟာမစ် ခါဇိုင်း (Harmid Karzai) ဖြစ်တယ်လို့ သီးခြား လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။

မစ္စတာ ခါဇိုင်းဟာ နိုဝင်ဘာ ၇ ရက်မှာ လုပ်မယ့် ရွေးကောက်ပွဲမှာ ပြိုင်ဘက်ကင်းသူ ဖြစ်နေပြီး သြဂုတ်လက လုပ်ခဲ့တဲ့ ပထမအကျော့ ရွေးကောက်ပွဲမှာ တုန်းကလည်း သူပဲ အနိုင်ရခဲ့တာမို့ လက်ရှိသမ္မတ တာဝန်ကို မစ္စတာ ခါဇိုင်း ဆက်ပြီး ယူသွားရမယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ဒီနေ့မှာ ပြောပါတယ်။

ဒုတိယအကျော့ ရွေးကောက်ပွဲဟာ ပထမတခေါက်ကလိုပဲ ကျယ်ကျယ်ပြန့်ပြန့် မဲလိမ်မှုတွေ ရှိမယ်ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် မစ္စတာ ခါဇိုင်းကို အဓိက စိန်ခေါ်ယှဉ်ပြိုင်မယ့် မစ္စတာ အဗ္ဗဒူလာ အဗ္ဗဒူလာ (Mr. Abdullah Abdullah) က ရွေးကောက်ပွဲကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

ဒီကိစ္စအပြင် လုံခြုံရေး အခြေအနေ အရရော၊ ငွေကုန်ကြေးကျ သက်သာဖို့ပါ ဒုတိယအကျော့လုပ်မယ့် ရွေးကောက်ပွဲကို ဖျက်သိမ်းဖို့ ဆုံးဖြတ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း မစ္စတာ ခါဇိုင်း၊ မစ္စတာ အဗ္ဗဒူလာတို့နဲ့ တွေ့ဆုံဖို့ ကဘူးလ်မြို့တော်မှာ ရောက်နေပါတယ်။

ရွေးကောက်ပွဲကို ဖျက်သိမ်းတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ အမေရိကန်သံရုံးတို့က ကြိုဆိုပြီး ပြန်အနိုင်ရသူ သမ္မတ ခါဇိုင်းကို ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG