သုံးရလွယ်ကူစေသည့် Link များ

အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ အချက်အလက် ရှာဖွေရေးခရီး စတင်


အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဦးဆောင်တဲ့ အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် ၄ ဦး ပါဝင်တဲ့ အဖွဲ့ဟာ ဒီနေ့ မြန်မာနိုင်ငံကို ရောက်မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ်အတွင်း ဒါဟာ အဆင့်မြင့်ဆုံး အမေရိကန် အရာရှိတွေနဲ့ မြန်မာစစ်အစိုးရတို့ ထိတွေ့ဆက်ဆံပြီး အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကို ပြုလုပ်နိုင်ဖို့ အခုလို အချက်အလက် ရှာဖွေရေး ခရီးစဉ် ထွက်ခဲ့တာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်နဲ့ သူ့ရဲ့ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်၊ အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီးလည်း ဖြစ်တဲ့ စကော့ မာဆီယယ် (Scot Marciel) တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ် ၄ ဦးပါ အဖွဲ့ဟာ သူတို့ရဲ့ ၂ ရက်ကြာ ခရီးစဉ်အတွင်း ဒီနေ့ မြန်မာနိုင်ငံကို ဆိုက်ရောက်ဖို့ ရှိပါတယ်။

အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ အလုပ်မဖြစ်ခဲ့သလို အာဆီယံ အပါအ၀င် အိမ်နီးချင်း နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ဆက်ဆံတဲ့ ပေါ်လစီတွေဟာလည်း အပြောင်းအလဲ ဖော်ဆောင်ဖို့ ထိရောက်မှု မရှိတဲ့အတွက် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပေါ်လစီကို ပြန်လည် သုံးသပ်ရာမှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရရှိမခြင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သွားမှာ ဖြစ်သလို တချိန်တည်းမှာပဲ မြန်မာစစ်အစိုးရနဲ့ အဆင့်မြင့် ဆက်ဆံရေး ထားရှိဖို့ ပေါ်လစီသစ်မှာ ပြောင်းလဲ ချမှတ်ခဲ့ပါတယ်။

ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာဆီယယ်က မြန်မာနိုင်ငံကို သွားရောက်တဲ့ လက်ရှိ အချက်အလက် ရှာဖွေရေး ခရီးစဉ်ရဲ့ ဦးတည်ချက်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ် မြန်မာ့အရေး ဆွေးနွေးပွဲမှာ အခုလို ပြောပြခဲ့ပါတယ်။

“ဒီတွေ့ဆုံ ဆွေးနွေးမှုကနေ ကျနော်တို့ ဖြစ်ထွန်းစေချင်တာက ဘယ်လိုအခွင့်အရေးမျိုးကို မြန်မာစစ်အစိုးရက လိုချင်နေတာလဲ ဆိုတာကို သိဖို့နဲ့ ရှေ့ကို တိုးစေနိုင်မယ့် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းစေဖို့ လက်ခံနိုင်တဲ့ အနေအထား ဘယ်လိုရှိသလဲဆိုတာကို လေ့လာဖို့ပါပဲ။”

ဒါ့အပြင် မြန်မာစစ်ခေါင်းဆောင်ပိုင်း အနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံတဲ့ အရိပ်လက္ခဏာတွေ ပြသခဲ့တာ တွေ့ရတယ်လို့လည်း မစ္စတာ မာဆီယယ်က ပြောခဲ့ပါတယ်။

“လွန်ခဲ့တဲ့နှစ်တွေ အတွင်းက ပထမဆုံးအကြိမ်အဖြစ် အာဏာပိုင်တွေဘက်က အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး ကောင်းမွန်ချင်တဲ့သဘော ဆန္ဒရှိတာ၊ ကျနော်တို့နဲ့ စကားပြောဖို့ စိတ်ဝင်စားတာတွေကိုလည်း ပြသခဲ့ပါတယ်။”

အခုလက်ရှိ ခရီးစဉ်အတွင်း အမေရိကန် အဆင့်မြင့်အရာရှိတွေဟာ မြန်မာစစ်ခေါင်းဆောင်ပိုင်းနဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိတဲ့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ အပါအ၀င် နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုင်းရင်းသားအုပ်စု ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

USCB အမေရိကန် ပြည်ထောင်စု မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ရဲ့ ပေါ်လစီရေးရာ ဒါရိုက်တာ ကိုအောင်ဒင်ကတော့ အမေရိကန်ရဲ့ လက်ရှိခရီးစဉ်ကို အခုလို သုံးသပ်ပါတယ်။

“အမေရိကန် အစိုးရက နအဖစစ်အုပ်စုနဲ့ ဒီဘက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစုများအကြား ၀င်ရောက် တွေ့ဆုံဆွေးနွေး ဖြေရှင်းဖို့ ကြိုစားတာကို ကျနော်တို့က ကြိုဆိုပါတယ်။ ဒီတွေ့ဆုံဆွေးနွေးရေး ဆိုတာ ကျနော်တို့ဘက်ကလည်း တောင်းဆိုနေခဲ့တာကိုး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း နအဖနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို တောင်းဆိုနေတယ်။ အခု အမေရိကန် အစိုးရက နှစ်ဘက်ကြားမှာ ၀င်ရောက် ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့အချိန်မှာ နအဖက လက်ခံလိုက်တာလည်း ကောင်းတယ်လို့ ယူဆရမှာပဲ။

“တွေ့ဆုံဆွေးနွေးရေးက အောင်မြင်မှုရလဒ် ထွက်မထွက် ဆိုတာကတော့ တွေ့ပြီး စကားပြောပြီးမှပဲ ကျနော်တို့ သိမှာပေါ့။ အခုတွေ့တဲ့ အချိန်မှာ ဘာတွေတွေ့မယ်၊ ဘယ်လို စကားပြောကြမယ်၊ ဘာရလဒ် ထွက်မယ်ဆိုတာ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။ အခုအခြေအနေအထိ ကျနော်တို့ မြင်သလောက်ကတော့ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့တဲ့နေရာမှာ အရင်ကလိုပဲ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ တွေ့ရမှာ မဟုတ်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို သွားပြီးတော့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့က တွေ့မယ်။

“အလားတူပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်များကိုလည်း ပါတီဌာနချုပ်ရှိရာ ရွှေဂုံတိုင် ရုံးခန်းမှာ လာရောက်တွေ့ဆုံမယ်။ နောက်တခါ ပြည်ထောင်စု တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ပေါ့၊ တိုင်းရင်းသား ပါတီ ၁၂ ပါတီရဲ့ ကိုယ်စားလှယ် အဖွဲ့ဝင်ကိုလည်း အမေရိကန် အစိုးရ ကိုယ်စားလှယ်တွေက သီးခြားတွေ့မယ် ဆိုတော့ အမေရိကန် အစိုးရ ကိုယ်စားလှယ်တွေ အနေနဲ့ နအဖ စီစဉ်သလို မဟုတ်ဘဲ သူတွေ့ချင်တဲ့သူနဲ့ လွတ်လွတ်လပ်လပ် တွေ့ဖို့အတွက်ကို သေသေချာချာ ပြင်ဆင်ပြီး ကြိုတင်စည်းကမ်းတွေ သတ်မှတ်ပြီးတော့ လာတယ်ဆိုတာ တွေ့ရပါတယ်။ ဒါ ကောင်းတဲ့လက္ခဏာပါပဲ။”

USCB ခေါ် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ရဲ့ ပေါ်လစီရေးရာ ဒါရိုက်တာ ကိုအောင်ဒင် ပြောပြသွားတာ ဖြစ်ပါတယ်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံမယ်၊ မတွေ့ဆုံဘူး ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ပြီးခဲ့တဲ့လက ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး အတွင်းမှာတော့ မြန်မာ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်တို့ အဖွဲ့ဟာ နယူးယောက်ခ်မှာ တွေ့ဆုံခဲ့ကြပြီး မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းလည်း ၀ါရှင်တန်ရှိ မြန်မာသံရုံးကို လာရောက် လည်ပတ်ခွင့် ရခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG