သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု တံတိုင်းတွေ ဖြိုခွင်းဖို့ ဂျာမန်ဝန်ကြီးချုပ် အမေရိကန် လွှတ်တော်မှာ တိုက်တွန်း


၂၁ ရာစုမှာ အကာအရံသဖွယ် ဖြစ်နေတဲ့ တံတိုင်းတွေကို ဂျာမနီနိုင်ငံနဲ့အတူ အမေရိကန်နိုင်ငံက လက်တွဲပြီး ဖြိုဖျက်ဖို့ ဂျာမနီရဲ့ ဘာလင်တံတိုင်း ဖြိုချနိုင်တဲ့ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် မိန့်ခွန်းပြောကြားရာမှာ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ် (Angela Merkel) က တောင်းဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ် မာကဲလ်ဟာ အင်္ဂါနေ့မှာ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်က အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်နှစ်ရပ် ပူးတွဲ ဆွေးနွေးပွဲမှာ မိန့်ခွန်းပြောကြားခွင့် ရခဲ့ပြီး အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၁၉၈၉ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့က ဂျာမနီနိုင်ငံရဲ့ အရှေ့နဲ့ အနောက်ကို ပိုင်းခြားထားတဲ့ ဘာလင်တံတိုင်းကြီးကို ဖြိုချနိုင်ခဲ့ပြီး ဂျာမနီနိုင်ငံ သွေးစည်းရေးအတွက် ပါဝင်ဆောင်ရွက်ပေးတဲ့ အမေရိကန် နိုင်ငံသားတွေကို မစ်စ်မာကဲလ်က ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

လက်ရှိ ၂၁ ရာစုနှစ်ရဲ့ တံတိုင်းတွေဖြစ်တဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ပြဿနာ အပါအဝင် စိန်ခေါ်နေတဲ့ ကမ္ဘာ့အရေးတွေကို လက်တွဲပြီး ဖြေရှင်းကြဖို့လည်း ဝန်ကြီးချုပ် မာကဲလ်က ပန်ကြားခဲ့ပါတယ်။

ဒီလို ဆောင်ရွက်နိုင်အောင် ဒီဇင်ဘာမှာ ကိုပင်ဟေဂင်မှာ ကျင်းပမယ့် ကမ္ဘာ့ရာသီဥတု ညီလာခံမှာ သဘောတူညီမှုရအောင် ကြိုးစားကြဖို့အပြင် အာဖဂန်နစ္စတန်နိုင်ငံရဲ့ လုံခြုံရေးနဲ့ အီရန်နိုင်ငံလက်ထဲ နျူကလီးယားဗုံး မရောက်ရေးတွေကိုပါ ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG