သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1 ဝက်တုပ်ကွေး ကာကွယ်ဆေး မလုံလောက်


နိုဝင်ဘာ ၄၊ ၂၀၀၉။ အမေရိကန်ပြည်ထောင်စုအတွင်း လူတိုင်းအတွက် H1N1 ရောဂါပိုး ကာကွယ်ဆေး အလုံအလောက်မရှိဘူးလို့ CDC အမေရိကန် ရောဂါထိန်းချုပ်ရေးဌာနက ပြောပါတယ်။ ဒါကြောင့် အမေရိကန်တလွှား ကျောင်းတွေ ဆေးခန်းတွေမှာ ကာကွယ်ဆေး မလောက်ငှမှုတွေ ကြုံနေရပါတယ်။

မူလ လျာထားချက်ကတော့ မူလတန်းအရွယ်ကျောင်းသူ ကျောင်းသားတိုင်းကို မိဘတွေ ခွင်ပြုချက်နဲ့ H1N1 ကာကွယ်ဆေး ထိုးပေးဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့်လည်း အခုအခြေအနေအရဆိုရင်တော့ ကလေးငယ်တိုင်းကို အလျင်အမြန် ကာကွယ်ဆေးပေးနိုင်ဖို့ ဆေးအလုံအလောက်မရှိပါဘူး။

အမေရိကန် မြို့အတော်များများမှာ ကာကွယ်ဆေးရပြီလည်းဆိုရော လူအတော်များများ အလုအယက်သွားရောက် တန်းစီခဲ့ကြပြီး၊ ဆေးလဲ ပြတ်သွားရော ပြန်လှည့်လာရတဲ့ သူတွေ မနည်းပါဘူး။ ဆေးမလောက်တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကျန်းမာရေးလုပ်သားတွေနဲ့ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးဖို့ ပထမ ဦးစားပေးသတ်မှတ်ထားပါတယ်။ ဒါကြောင့် အရွယ်အနည်းငယ်ကြီးတဲ့ ဦးစားပေးအဆင့်သတ်မှတ်မခံရတဲ့ ကလေးတွေရဲ့ မိဘတွေကတော့ နောက် ကာကွယ်ဆေးအသုတ်ရောက်လာမယ့် အလှည့်ကို စောင့်နေရပါတယ်။

ဒါကြောင့် H1N1 ဝက်တုပ်ကွေး ကာကွယ်ဆေး အခုလို ပြတ်လပ်မှုကြုံလာရတာနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုမှာ ဘာတွေ ပြင်ဆင်နေသလဲ ရောဂါပျံနှံမှုက ဘယ်လောက် စိုးရိမ်နေရသလဲ Tennessee ပြည်နယ် လူထုကျန်းမာရေးဌာနက ဒေါက်တာမင်းမင်းစိုးကို မေးမြန်းထားပါတယ်

အမေရိကန်ပြည်ထောင်စုရဲ့ အခု တုပ်ကွေးရာသီမှာ အရင်နှစ်တွေကထက် ဒီနှစ်မှာ H1N1 ဗိုင်းရပ်ကြောင့် ကလေးငယ်အတော်များများ အသက်ဆုံးရှုံးရနိုင်တယ်လို့ လူထုကျန်းမာရေးအရာရှိတွေက သတိပေးနေပါတယ်။

လက်ရှိအားဖြင့် ကာကွယ်ဆေးပေါင်း ၂၂သန်းကျော် ထုတ်ထားပြီးဖြစ်သလို၊ နောက်ထပ် ကာကွယ်ဆေး ၂၂၅သန်းကို တဖြေးဖြေးထုတ်လုပ်သွားမယ်လို့ CDC အမေရိကန် ရောဂါထိန်းချုပ်ရေးဌာနက ပြောပါတယ်။ အခုလို ကာကွယ်ဆေး ပြတ်လပ်မှုကြောင့် ကလေးငယ်တွေကို ဖြစ်နိုင်သမျှ မြန်မြန် ကာကွယ်ဆေးသွားထိုးကြဖို့ ကလေးဆရာဝန်တွေကတော့ တိုက်တွန်းနေပါတယ်။ တဖက်မှာ ကာကွယ်ဆေး ပြတ်လပ်တယ်ဆိုတဲ့ သတင်းကြောင့်လည်း လူတွေမှာ ထိတ်လန့်တကြီးဖြစ်ပြီး ကာကွယ်ဆေး မရမက လိုက်ရှာလာကြတာ အလုအယက် ဆေးခန်းတွေသွား ဆေးထိုးတာတွေကြောင့် - ကာကွယ်ဆေးလိုအပ်ချက်က ပိုကြီးမားလာတယ်လို့လည်း ပြောရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG