သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်မယ့် ခရီးစဉ်အဖြစ် ရှုမြင်


အမေရိကန် အဆင့်မြင့် သံတမန်တွေရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ စစ်အစိုးရအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးတွေ တိုးတက်ဖို့ လမ်းစတစ ဖြစ်နိုင်တယ်လို့ ခရီးစဉ်ကို ဦးဆောင်ခဲ့သူ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်အစိုးရအနေနဲ့ ဒီ့ထက်ပိုတဲ့ အပြောင်းအလဲတွေ လုပ်ဖို့လိုတဲ့ အကြောင်းလည်း အမေရိကန် အစိုးရ တာဝန်ရှိသူက သတိပေးနေကြဆဲလည်း ဖြစ်ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေတွေကို စနည်းနာဖို့ ၂ ရက်ကြာခရီး သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က အစိုးရနဲ့ရော အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံခွင့် ရလိုက်တာမို့ ဒါဟာ နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်ဖို့ ပထမ ခြေလှမ်းတရပ်အဖြစ် ရည်ညွှန်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို ဗုဒ္ဓဟူးနေ့တုန်းက အဆုံးသတ်ခဲ့ပြီးနောက် ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆူယာ အိုကာဒါ (Katsuya Okada) နဲ့ မနေ့တုန်းက တိုကျိုမြို့မှာ တွေ့ဆုံစဉ် အခုလို မှတ်ချက်ပေး ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

“အစိုးရအတွင်းက အဆင့်မြင့် ပုဂ္ဂိုလ်တွေနဲ့သာမက တိုင်းရင်းသားအုပ်စုတွေ၊ အတိုက်အခံ ပါတီတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ ၂ နာရီကြာ တွေ့ဆုံဖြစ်တဲ့ အခွင့်အရေး ကျနော်တို့ ရခဲ့ပါတယ်။ ဒါကြောင့် ဒါဟာ စူးစမ်း အကဲခတ်တဲ့ ခရီးစဉ်အဖြစ် ပထမ ခြေလှမ်းတလှမ်းလည်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ချဉ်းကပ်မှုနဲ့ ပတ်သက်လို့ တိုင်းပြည်အတွင်းက သက်ဆိုင်သူ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီးတော့လည်း ချပြနိုင်ခဲ့ပါတယ်။”

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်ရဲ့ ခရီးစဉ်ဟာ လွန်ခဲ့တဲ့ ၁၄ နှစ်တာ ကာလအတွင်း အမေရိကန်နဲ့ မြန်မာစစ်အစိုးရအကြား ပထမဆုံးအကြိမ် တိုက်ရိုက်ဆက်ဆံမှု တခုလည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်မတိုင်ခင် မြန်မာနိုင်ငံကို သြဂုတ်လတုန်းက သွားရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) ကတော့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကမ်းဘဲလ်နဲ့ သူ့ရဲ့လက်ထောက် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာဆီယယ် (Scot Marciel) တို့ရဲ့ ဒီခရီးစဉ်ဟာ သမ္မတ အိုဘားမား အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို တက်တက်ကြွကြွ ဆောင်ရွက်လာတဲ့ သင်္ကေတအဖြစ်နဲ့ ရည်ညွှန်းပြောဆိုလိုက်ပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့နဲ့ တွေ့ဆုံ စကားပြောခဲ့တာတွေရဲ့ နောက်ဆက်တွဲ အခုလို ထပ်ပြီး တွေ့ဆုံတာတွေ ပေါ်ပေါက်လာတဲ့အတွက် အားရစရာ ဖြစ်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်အစိုးရက ရှေ့နှစ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်ရင် ဒါဟာ အများက ယုံကြည် လက်ခံနိုင်တဲ့ အခြေအနေအဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းက ရှုမြင်ကြမှာ မဟုတ်ဘူးလို့လည်း အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က ပြောဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာစစ်အစိုးရဘက်က သိသာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မတွေ့ရမခြင်း အရေးယူ ဒဏ်ခတ်တာတွေကို ဆက်လက် ထားရှိသွားမှာ ဖြစ်တယ်လို့ ဒီတပတ်အတွင်းမှာပဲ ပြောဆိုသွားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG