သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်ကြောင့် စစ်အစိုးရ မူဝါဒ ပြောင်းလဲလာမလား?


နိုဝင်ဘာလ ၃ ရက် နဲ့ ၄ ရက် အတွင်း မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ သွားရောက်လည်ပတ်ခဲ့ပြီး စစ်အစိုးရ ခေါင်းဆောင်များ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို တွေ့ဆုံခဲ့ပါတယ်။ ဒီ ကိုယ်စားလှယ်များရဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရေး အခြေအနေ တိုးတက်ပြောင်းလဲရေး၊ ပြဿနာများ ပြေလည်ဖြေရှင်းရေးအတွက် စေ့စပ်ဆောင်ရွက်ပေးဖို့ အတွက် အချက်အလက် စုဆောင်းဖို့ သွားရောက်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက သမ္မတ ဘရက် အိုဘားမား (Barack Obama) အစိုးရ တက်လာခဲ့ပြီးနောက် မြန်မာပြည်အပေါ် ထားရှိတဲ့ မူဝါဒသစ်ရဲ့ ဒုတိယခြေလှမ်းလို့ ပြောနိုင်ပါတယ်။ ပထမခြေလှမ်းကတော့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်များ အမေရိကန်နိုင်ငံ နယူးယောက် (New York) မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံ (UN General Assembly) ကို လာရောက်တက်ရောက်စဉ် အမေရိကန်အစိုးရ ကိုယ်စားလှယ်များ နဲ့ တွေ့ခွင့်ရခဲ့ခြင်း ဖြစ်ပါတယ်။

ပြောင်းလဲလာတဲ့ အမေရိကန်အစိုးရ နဲ့ စစ်အစိုးရတို့ရဲ့ မူဝါဒ၊ ဆက်ဆံရေးအခြေအနေကို ဦးကျော်ဇံသာ က ဝါရှင်တန် အခြေစိုက် အမေရိကန်ပြည်ထောင်စု မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (US Campaign for Burma) ရဲ့ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဒင် နဲ့ မြန်မာ့အရေးလေ့လာသုံးသပ်နေသူ ဦးအောင်သူငြိမ်း တို့ကို ဆက်သွယ်မေးမြန်း ဆွေးနွေး သုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ပထမဦးဆုံး စဉ်းစားမိတာက မြန်မာစစ်အစိုးရက တချိန်တုန်းက ပြည်ပပြောတာကို ဂရုမစိုက်ဘဲ ပြည်တွင်းကပေါ်ထွက်လာတဲ့ ဆွေးနွေးမှုမျိုး homegrown process ဖြစ်ရမယ်ဆိုပြီး ပြောဆိုခဲ့ပြီမှ အခုအခါမှာ ဘာဖြစ်လို့ ပြည်ပရဲ့ သဘောထားကို လက်ခံဖို့ စစ်အစိုးရက ဆုံးဖြတ်လာတာလို့ ထင်ပါသလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး US Campaign for Burma ဒါရိုက်တာ ကိုအောင်ဒင် က စပြောပါခင်များ။

ဦးအောင်ဒင် ။ ။ ကျနော်မြင်တာကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုကြီးက နှစ် (၂၀) လည်းကျော်ခဲ့ပြီ။ အခုအချိန် အထိ စစ်အစိုးရရဲ့ အုပ်စိုးမှုနဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို ရပ်တန့်လို့မရနိုင်သေးဘူး။ ဒီအချိန်မှာ အမေရိကန် အစိုးရ အနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ဝင်ရောက်ဖြေရှင်းတဲ့နေရာမှာ အခုဆိုရင် ပုံစံသစ်တမျိုး ဖန်တီးပြီး ကြိုးစားတာဖြစ်တယ်။ ဒီအတွက် လက်ရှိ စီးပွားရေးပိတ်စို့မှုကို ဆက်လျှက်ကိုင်တွယ်ထားမယ်၊ သို့သော်လည်း နဝတနဲ့ ဆက်ဆံပြီးတော့ တိုးတက်မှု ရှိရင်ရှိသလို အပြုသဘောတုန့်ပြန်ပြီး တိုးတက်မှုမရှိဘူးဆိုရင် ပိုပြီးတော့ အရေးမှုတွေ လုပ်မယ်ပေါ့။ အဲဒီလို နည်းနဲ့ သူတို့ ဝင်ရောက်ကြိုးပမ်းကြတာပါ။ ဆိုတော့ တကယ့်တကယ်တော့ နိုင်ငံတကာ မိသားစုကြီးတခုလုံးက ပြည်တွင်း က အလိုအလျှောက်ဖြစ်လာမယ့် အခုနပြောတဲ့ homegrown process ကိုပဲ အားပေးကြတာပါ။

အဲဒီလို home grown process ဖြစ်ဖို့က အတိုက်အခံ ဒီမိုကရေစီအင်အားစုများ နဲ့ နအဖကြား စေ့စပ်ညှိနှိုင်းမှုရှိမှ ဒီလို homegrown process ကို မျှော်လင့်လို့ ရမှာဖြစ်တယ်။ အခု အမေရိကန်ရဲ့ အခန်းကဏ္ဍက အဲသလိုမျိုး homegrown process ဖြစ်လာဖို့အတွက် နအဖ နဲ့ အတိုက်အခံအင်အားစုကြား ဆွေးနွေးညှိနှိုင်းပေးတဲ့ သဘောဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နအဖအစိုးရကရော ကုလသမဂ္ဂ (United Nations) ကို လက်မခံဘူး၊ အာဆီယံ (ASEAN) လည်း အကြိမ်ကြိမ် လက်မခံဘူးဆိုတာ ပေါ်လွင်ထင်ရှားပါတယ်။ အမေရိကန်ကြတော့ လက်ခံမယ်လို့ ဘာလို့ ဆုံးဖြတ်လာတယ် လို့ ထင်ပါသလဲ ကိုအောင်သူငြိမ်း ဆွေးနွေးပါ။

ဦးအောင်သူငြိမ်း ။ ။ အမေရိကန်နဲ့ အခုလက်ရှိ အဆင့်မြင့် သံကိုယ်စားလှယ်တွေ ဆွေးနွေးကြတဲ့ကိစ္စမှာ ကျနော် စဉ်းစား ကြည့်တော့ နဝတ/နအဖ စစ်အစိုးရဖက်ကလည်း မက်လုံးတွေ ရှိပါတယ်။ အထူးသဖြင့်တော့ အမေရိကန်လို အင်အားကြီး နိုင်ငံတခုနဲ့ ပြေလည်ချင်ပါတယ်။ နောက်တခုကြတော့ အခုလက်ရှိ စီးပွားရေးပိတ်စို့မှုတွေမှာ စစ်အစိုးရက အထူး ခက်ခဲ တာက ဒီ ငွေပေးငွေယူ ရှင်းတမ်းကိစ္စတွေ၊ ဘဏ်ကိစ္စတွေ။ နောက်တခါကြတော့ လက်ရှိ ငွေလှယ်နှုန်း (exchange) တဲ့ ကိစ္စတွေမှာ ပြဿနာရှိနေပါတယ်။ ဆိုတော့ အနည်းဆုံးက အမေရိကန်နဲ့ ပြေလည်ရင်း ဒီလို ခုနလို ကိစ္စတွေ ကျော်လွှား နိုင်မယ်လို့ သူတို့ ယူဆနိုင်တာလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ တဖက်ကလည်း အမေရိကန်အစိုးရ တောင်းဆိုထားတဲ့ ဥပမာ ဒေါ်စု နဲ့ နိုင်ငံရေးအကျဉ်းသမားများ လွတ်မြောက်ရေး၊ နောက်တခုက တွေ့ဆုံဆွေးနွေးပွဲ တကယ် ဖြစ်လာရေး စသဖြင့် ပေါ့။ အဲဒါကတော့ စစ်အစိုးရဘက်က လိုက်လျောနိုင်ဖို့ လောလောဆယ် ခက်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ စောစောက ပြောတဲ့အထဲမှာ စစ်အစိုးရရဲ့ အကျိုးစီးပွား သူတို့ရဲ့ interest ကတော့ သူတို့ စီးပွားရေးအားဖြင့် ပိတ်ဆို့ခံနေရတဲ့အတွက် နစ်နာတယ် ဒါကို ပြေလည်စေချင်တာ ပထမပေါ့။ ဆိုတော့ အမေရိကန်ဘက် က ကြည့်မယ်ဆိုရင်လည်း အမေရိကန်က ဒီကိစ္စ မြန်မာ့အရေးမှုဝါဒ ပြောင်းဖို့ စဉ်းစားတာဟာ သမ္မတ အိုဘားမား အစိုးရ အနေနဲ့ မြန်မာနိုင်ငံကို တရုတ်ရဲ့ စက်ကွင်းထဲကို သိပ်မရောက်စေချင်တာရယ်၊ တခါ မြောက်ကိုးရီးယား နဲ့ ပေါင်းပြီးတော့ နျူကလီယားလက်နက်တွေ ထုတ်လုပ်လာတာမျိုး မဖြစ်စေချင်ဘူး ဆန္ဒကို မကြာခဏ သူတို့ ဖော်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။ အမေရိကန်ကလည်း သူတို့အကျိုးစီးပွားကိုသာ အဓိက ထားပြီးတော့ ဒီလမ်းစဉ်ကို ထွင်လာတယ်လို့ ကျနော်မြင်မိပါတယ်။ ကိုအောင်ဒင် အဲဒါ မှန်ပါရဲ့လား။

ဦးအောင်ဒင် ။ ။ သူ့ အကျိုးစီးပွား တစုံတရာတော့ ရှိမှာဘဲ။ ဒါက သေချာပါတယ်။ သို့သော်လည်း ကျနော်ပြောနိုင်တာက တရုတ်အစိုးရရဲ့ လွှမ်းမိုးမှုဆီကနေ နအဖ ကို ဆွဲထုတ်ဖို့ ဘာညာဆိုတဲ့ အတွေးအခေါ်မျိုးက မဟုတ်လောက်ဘူး ထင်ပါ တယ်။ ဘာလို့ဆိုတော့ အမေရိကန်အစိုးရကိုယ်တိုင်က တရုတ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုကို နည်းမျိုးစုံ အချက်အလက် အခြေအနေပေါင်းစုံနဲ့ ကြိုးစားနေရတာပါ။ အခုဆိုရင် တရုတ်အစိုးရဟာ အမေရိကန်အစိုးရရဲ့ အကြီးမားဆုံးသော အကြွေးရှင်ဖြစ်တယ်။ နောက် နှစ်နိုင်ငံ ကုန်သွယ်မှုမှာလည်း တဖက်စောင်းနင်း ဖြစ်နေတာရှိတယ်။ တရုတ်ငွေကြေး ကိုလည်း အဆမတန် မြှင့်ထားတာ ရှိတယ်။ နောက်တခါ အီရန်ပြဿနာ၊ အီရတ်ပြဿနာ နဲ့ နိုင်ငံတကာ အရေးအခင်း တွေမှာ အမေရိကန်အစိုးရက တရုတ်အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုနေရတဲ့ အပိုင်းတွေရှိတယ်ဆိုတော့ မြန်မာစစ်အစိုးရကို တရုတ်အစိုးရ လက်ထဲက ဆွဲထုတ်ဖို့ ရည်ရွယ်ချက်တခုတည်းနဲ့ မြန်မာ့အရေးကိစ္စကို ဝင်ရောက် စွက်ဖက်တာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ မြောက်ကိုးရီးယား နဲ့ နျူးကလီးယား မဟာမိတ်ကိစ္စ ...

ဦးအောင်ဒင် ။ ။ ဒါကတော့ သေချာပေါက်ပါပဲ။ မြောက်ကိုးရီးယား နဲ့ နအဖ ပိုပြီး ပူးပေါင်းဆောင်ရွက်သွားမှာ။ အထူးသဖြင့် မြောက်ကိုးရီးယား အကူအညီနဲ့ မြန်မာစစ်အစိုးရမှာ အနုမြူလက်နက်တွေ ပိုင်ဆိုင်သွားမှာ။ ဒါကတော့ အဓိက ပူပန်ပါ လိမ့်မယ်။ ဒါကတော့ သူတို့မဟုတ်ဘူး ကျနော်တို့လည်း ပူတာပဲ။ ဘာကြောင့်လဲဆိုတော့ မြောက်ကိုးရီးယား နျူကလီးယား လက်နက်ပိုင်ဆိုင်တော့ မြောက်ကိုးရီးယားမှာ ဖြစ်တဲ့ လူ့အခွင့်အရေးကိစ္စတွေက ဘယ်သူမှ ဂရုမစိုက်တဲ့အနေအထား ဖြစ်ပြီးတော့ ကင်မ်ဂျုန်အီ (Kim Jong-Il) နျူကလီးယားလက်နက်တွေ မသုံးရေးကိုဘဲ ဝိုင်းပြီး စိုးရိမ်ပူပန်နေကြတယ်။ ဒါကတော့ ကျနော်တို့အစ ပူတဲ့ကိစ္စပါဘဲ။ ဒါပေမဲ့ အရေးကြီးတဲ့တချက်က ပါတီတခု အားပြိုင်မှုကလည်း အဓိကကျတဲ့ အချက်ဖြစ်ပါတယ်။ သူတို့ ဒီမိုကရက်တစ်ပါတီ အစိုးရ တက်လာတယ်၊ ဒီမိုကရက်တစ်ပါတီကပဲ ကွန်ဂရက်လွှတ်တော်မှာ လွှမ်းမိုးထားတယ်။

သူတို့က ရှေ့မှာ သမ္မတ ဘုရှ် (Bush) နဲ့ ရီပတ်ဘလင်ကန်လွှတ်တော် ရှစ်နှစ် သက်တမ်းအတွင်းမှာ မအောင်မြင်ခဲ့တာ တွေကို သူတို့လက်ထက်မှာ အောင်မြင်ချင်တဲ့ အတိုင်းအတာလည်း ရှိပါတယ်။ အဲဒီအခါကျတော့ နည်းလမ်းတခုပြောင်းပြီး ကြိုးစားကြည့်တာလည်း ပါတယ်။ နောက်တခုကျတော့ အာဆီယံနိုင်ငံများအပါအဝင်၊ တရုတ်အပါအဝင် မြန်မာ့အိမ်နီးချင်း နိုင်ငံများရဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုတဲ့အခါမှာ လွန်ခဲ့တဲ့ ရှစ်နှစ် က မရရှိခဲ့ဘူး။ အဲဒီလို မရခဲ့တဲ့ အထဲမှာ အဓိကအချက်တချက်ကတော့ sanction နဲ့ engagement ဆိုပြီးတော့ လမ်းနှစ်လမ်း ကွဲပြားမှုပေါ့။ အခု အမေရိကန် အစိုးရက အခု sanction ရော engagement နှစ်ခုစလုံးကို တွဲသုံးပြီးတော့ ဒီ အာဆီယံနဲ့တကွ အိမ်နီးချင်း နိုင်ငံတွေကို ဖိတ်ခေါ်လိုက်တာပဲ။ အရင်တုန်းက အမေရိကန်အစိုးရက နအဖကို စကားမပြောလို့ အပြစ်တင်ကြတဲ့ နိုင်ငံ တွေ အခုကျတော့ ဘယ်လိုလုပ်မလဲ။ အမေရိကန်က တိုက်ရိုက်စကားပြောနေပြီ။ ဒီအချိန်မှာ အမေရိကန် နဲ့ အာဆီယံ အပါအဝင် အိမ်နီးချင်းနိုင်ငံများ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှုက ပိုပြီးတိုးတက်လာမယ်လို့ မျှော်လင့်နေရတာဘဲ။

ဦးကျော်ဇံသာ ။ ။ ကျနော် စဉ်းစားမိတာက အမေရိကန်အစိုးရ interest လည်းပါတယ် - သူတို့အကျိုးစီးပွား။ တခါ မြန်မာ စစ်အစိုးရကလည်း သူတို့ အကျိုးစီးပွားပါလို့ ဒီ ဆက်ဆံရေးလမ်းကြောင်း ပေါ်လာတယ်ဆိုတာကတော့ ယေဘုယျအားဖြင့် ငြင်းစရာမရှိဘူးလို့ ထင်ပါတယ်။ အဲဒီတော့ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားဆိုတာ ပေါ်ထွက်လာနိုင်သလား။ ဒါ အက္ခရာ သင်္ချာ အီကွေးရှင်း (equation) နဲ့ ပြောရရင် အမေရိကန်အကျိုးစီးပွား + စစ်အစိုးရအကျိုးစီးပွား = မြန်မာနိုင်ငံ အကျိုးစီးပွား ဆိုတဲ့ ဖော်မြူလာ (formula) မျိုး ဖြစ်လာနိုင်မလား။ ကိုအောင်သူငြိမ်း ဘယ်လိုသဘောရပါသလဲ။

ဦးအောင်သူငြိမ်း ။ ။ အဲဒါကတော့ ကျနော်ထင်တာက စစ်အစိုးရက ဘယ်လောက် အမြော်အမြင်ရှိသလဲဆိုတာနဲ့ ဆိုင်တယ် ထင်ပါတယ်။ ဥပမာအားဖြင့် အခုလက်ရှိ အမေရိကန်က စီးပွားရေးပိတ်ဆို့မှုကို မရုပ်ပေမဲ့ ဖြစ်လာနိုင်တဲ့ အလားအလာက လူသားချင်း စာနာတဲ့ အကူအညီတွေ တိုင်းပြည်ထဲကို တိုးပေးနိုင်တဲ့ အနေအထားတွေ ရှိလာနိုင်တယ်လို့ ကျနော် ထင်ပါ တယ်။ ဥပမာ ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာမှု သဘာဝ ကပ်ဘေးကယ်ဆယ်ရေး ဒီလိုကိစ္စတွေမှာ တိုးလုပ်နိုင် မယ် ဆိုရင်တော့ တွေ့ဆုံဆွေးနွေးရေး တိုက်ရိုက်ဖြစ်မလာသည့်တိုင် ကျနော်တို့ တိုင်းပြည်က လူထုတွေအတွက်တော့ တနည်းတဖုံ အကျိုးရှိလာမယ်လို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ စာနာမှု အထောက်အပံ့ပိုင်း။ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ဘယ်လောက်အထောက်အကူ ဖြစ်လာနိုင်စရာ ရှိပါသလဲ။

ဦးအောင်ဒင် ။ ။ ကျနော်မြင်တာကတော့ အခုနပြောသလို အမေရိကန်နိုင်ငံ အကျိုးစီးပွားတစုံတရာ ပါတယ်ဆိုဦးတော့ အမေရိကန်ပြည်ထောင်စုရဲ့ မူလရည်ရွယ်ချက်တွေက အခုထိ မပျောက်ပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရမယ်၊ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ရမယ်၊ အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ပြီးတော့ နိုင်ငံရေးပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရမယ်စတဲ့ မူလရည်ရွယ်ချက်တွေက အခုထိ မပျောက်ဘူး။ မပျောက်တဲ့အတွက်ကြောင့် နအဖစစ်အုပ်စုနဲ့ စကား ပြောသည့်တိုင် ဒီ ဦးတည်ချက်တွေကို ဆုပ်ကိုင်ထားပြီး ဆက်လက်စကားပြောမှာ ဖြစ်တဲ့အတွက်မို့ ကျနော်ထင်တယ် ဒီ တွေ့ဆုံဆွေးနွေးမှုတွေဟာ တကယ်ကျတော့ မြန်မာလူထု အကျိုးစီးပွား ပိုပြီးတော့ ဦးတည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီတော့ မြန်မာစစ်အစိုးရရဲ့ ဒီလို ပြဿနာပြေလည်စေချင်တဲ့ဆန္ဒကရော ဘယ်လောက်ပြင်းပြင်းပြပြ ရှိတယ်လို့ ထင်ပါသလဲ ကိုအောင်သူငြိမ်း political will.

ဦးအောင်သူငြိမ်း ။ ။ အခုအချိန်ထိ မြင်ရသလောက်က political will က တော်တော်နည်းသေးတယ်လို့ ကျနော် သုံးသပ်ပါ တယ်။ ဘာဖြစ်လိုလဲဆိုတော့ အခုလက်ရှိ လာမယ့်နှစ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောတယ်။ တကဲ့တကယ်ကျတော့ ဒီလို liberalization လို့ ခေါ်တဲ့ လွတ်လပ်ပွင့်လင်းမှုတွေ လုပ်လာတဲ့ အနေအထားတွေ မတွေ့ရသေးဘူး။ နောက်တခု ကျနော် စိုးရိမ်မိတဲ့အချက်က ကျနော်တို့ တိုင်းပြည်အတွင်းမှာ ဒီ စစ်အစိုးရခေါင်းဆောင်ပိုင်းတွေက ဘယ်လို စဉ်းစားတာ တချက်ထားပေါ့ ဒီ ဗျုရိုကရေစီပိုင်း၊ တရားဥပဒေ စိုးမိုးမှုအပိုင်း၊ ကျန်တဲ့ ကဏ္ဍပေါင်းစုံ အဲဒါတွေက ချွတ်ခြုံကျသလို ဖြစ်နေ ပါတယ်။ အဲဒီလို အနေအထားမှာ တိုင်းပြည်မှာ ရှေ့လျှောက်လည်း စိုးရိမ်စရာ အနေအထားရှိတယ်လို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်နောက်မေးချင်တဲ့အချက်ကတော့ ကိုအောင်ဒင် အခု ကာ့တ် ကမ်းဘဲလ် နဲ့ စကော့မာရှယ် တို့ရဲ့ ခရီးစဉ်က လက်တလော ပေါ်ထွက်နိုင်တဲ့ အကျိုးစီးပွား မြင်မိပါသလား။ ဘယ်လိုရလဒ်ကောင်းမျိုး ပေါ်ထွက်လာမယ် ထင်ပါသလဲ။

ဦးအောင်ဒင် ။ ။ ရလဒ်ကတော့ ကျနော် မမြင်မိသေးပါဘူး။ အခု ဒီခရီးစဉ်မှာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့က နအဖဘက် က ပြောချင်တာလိုချင်တာတွေကို နားထောင်ဖြစ်သလို၊ တဘက်က ဒေါ်အောင်ဆန်းစုကြည် နဲ့ အတိုက်အခံ အင်အားစုများ ဘက်က ဘာတွေလိုချင်သလဲ၊ ဘာတွေ ပေးနိုင်သလဲ၊ ဘာတွေ ကမ်းလှမ်းနိုင်သလဲ ဆိုတာတွေ နားထောင်ကြမှာပါ။ အဲဒီ အပေါ်ကို ကြည့်ပြီးမှ ဒီနှစ်ဖက်ကြား ဝင်ပြီးတော့ ဘယ်လိုညှိနှိုင်းလို့ ရမလဲဆိုတဲ့ အဖြေတခုကို သူတို့ပြန်လာပြီးမှ ဆွေးနွေး ကြမှာပါ။ ဆိုတော့ လက်တလော ရလဒ်အနေနဲ့ ထူးထူးခြားခြား မမြင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ကိုအောင်သူငြိမ်း က လက်တလောရလဒ် ပေါ်ထွက်လာနိုင်မယ်လို့ မြင်မိပါသလား။

ဦးအောင်သူငြိမ်း ။ ။ ကိုအောင်ဒင် နဲ့ ကျနော် သဘောတူပါတယ်။ ကျနော်ထင်တာကတော့ ရှေ့လျှောက်သွားမယ့် လုပ်ငန်းစဉ်နဲ့ အစဦးဆုံး ခရီးစဉ်တခုလို့ ထင်ပါတယ်။ နောက်တခုကြတော့ ဆင်းသွားရင် လမ်းဖြစ်တယ်ဆိုတဲ့အတိုင်း အမေရိကန်က အင်အားကြီးနိုင်ငံတခု ဖြစ်တဲ့အတွက် သူက သြဇာအရ၊ နောက်တခု လုပ်ပိုင်ခွင့်အရ ပိုသာနိုင်တယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုအခါမှာတော့ စစ်အစိုးရက သူတို့ရဲ့ လမ်းပြမြေပုံအတိုင်း ဆက်ပြီးတော့ သွားမယ့် သဘောပေါ့။ အဲဒါကို ဟန့်တားနိုင်စရာ အကြောင်းမရှိဘူးလား။ အခု အမေရိကန်သွားနေတဲ့ ခရီးစဉ်မှာ။

ဦးအောင်ဒင် ။ ။ ကျနော်ထင်တာက အခုန ဦးကျော်ဇံသာ ပြောတဲ့မေးခွန်းမှာ နအဖမှာ political will ဘယ်လောက် ရှိသလဲ ဆိုတာ။ ကျနော်က political will ထက် နအဖ အကျပ်အတည်းဆိုတာကို ပိုပြီမြင်တယ်။ နအဖမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကုန်လုံးက အကျပ်အတည်းဖြစ်နေတယ်။ ဒီလို အတိုင်းအတာမှာ နအဖ ထဲမှာ ရှိတဲ့ အကျပ်အတည်းက ပို ကြီးမားပါတယ်။ ဒီ အကျပ်အတည်းကြီးမားမှုကြောင့် အခုလိုမျိုး အမေရိကန်အစိုးရနဲ့ စကားပြောဖို့ စပြီးတော့ ကမ်းလှမ်း လာတာ ဖြစ်တယ်လို့ ကျနော်မြင်တယ်။ ဒီအချိန်မှာ အမေရိကန်အစိုးရက သဘောထားပြောင်းပြီးတော့ စေ့စပ်ဆွေးနွေးမှုနဲ့ စီးပွားရေးပိတ်စို့မှု ပူးတွဲကျင့်သုံးမယ်။ အခုလို ခရီးစဉ်ကနေ နှစ်ဖက်စလုံးရဲ့ လိုအပ်ချက်တွေ နှစ်ဖက်စလုံးက ပြန်ပေးနိုင် တာတွေကို နားထောင်ပြီးတော့ ဒီကြားထဲမှာ သူကတခါ ဒီလိုအပြောင်းအလဲတွေ ဖြစ်ပေါ်လာရေး၊ နှစ်ဖက်မှာ သဘော တူညီတဲ့ ရလဒ်ရရှိရေးအတွက် သူ့ဘက်က ထပ်ပြီးပေးနိုင်တာတွေ ထပ်ပေါင်းပြီးတော့ ဆွေးနွေးမယ်ဆိုရင်တော့ အဖြေတခု ရကောင်းရနိုင်မယ်။ ဒါပေမဲ့ အခုချက်ချင်း ဝုန်းဒိုင်းရမယ် အဖြေတော့ မဟုတ်ပါဘူး။ ကာလတခုအတွင်းမှာ အဖြေရကောင်း ရနိုင်မှာပေါ့။

ဦးကျော်ဇံသာ ။ ။ လမ်းပြမြေပုံအတိုင်းတော့ ခရီးဆက်နေမယ်ပေါ့။

ဦးအောင်ဒင် ။ ။ အားလုံးကတော့ နအဖကို လမ်းပြမြေပုံကို သွားချင်ရင်သွား။ သွားဖို့အတွက် လိုအပ်တဲ့အချက်အလက် တွေက ဒါတွေဖြစ်တယ်၊ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ရွေးကောက်ပွဲကို နိုင်ငံတကာ စံညွှန်းစံနှုန်းတွေအတိုင်း လုပ်မှ ရွေးကောက်ပွဲကို အသိအမှတ်ပြုမယ်။ အဲဒီအတွက် နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးရမယ်၊ ဒီမိုကရေစီ အင်အားစု များ၊ အတိုက်အခံအင်အားစုများကို ရွေးကောက်ပွဲဝင်ခွင့်ပေးရမယ်၊ (ဖွဲ့စည်းပုံပြင်ဖို့ကိစ္စကရော)။ အဲဒီမှာ ရွေးကောက်ပွဲဝင် ပေးဖို့ ဆိုရာမှာ ရွေးကောက်ပွဲဝင်ဖို့ ဖိတ်ရုံတင်မကဘူး ရွေးကောက်ပွဲဝင်ဖို့အတွက် လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီး ပေးရမယ်။ ဒါကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေးညှိနှိုင်းဖို့အတွက် ဝင်ပြောတာပါ။ ဒါတွေ အားလုံး ပါမှ ရွေးကောက်ပွဲကို အသိအမှတ်ပြုမယ်ဆိုတော့ သူဘာသာ လမ်းပြမြေပုံကို ဆက်သွားချင်တယ်ဖြစ်ဖြစ် ဒီလမ်းပြ မြေပုံကို အသိအမှတ်ပြုခံရရေး အတွက်ဆိုရင် ဒီတောင်းဆိုချက်တွေကို ဖြည့်ဆည်းနိုင်မှ ဖြစ်ပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်သူငြိမ်းရဲ့ မှတ်ချက်ကိုလည်း ကြားချင်ပါတယ်။ အဲဒီတော့ စစ်အစိုးရနဲ့ အချိန်ယူပြီးတော့ ညှိရဦး မယ်ဆိုရင် ဒီကြားမှာ စစ်အစိုးရက သူတို့ လမ်းပြမြေပုံကို သူတို့ စိတ်တိုင်းကျခင်းပြီး ဆက်လက်သွားနိုင်မယ့် အခြေအနေ ရှိနေပါသလား။

ဦးအောင်သူငြိမ်း ။ ။ တခုတော့ ရှိပါတယ် အခု လမ်းပြမြေပုံဆိုတာက သူတို့ တပ်မတော်တခုလုံး၊ တပ်မတော်တခုလုံး မဟုတ်ဘူးဆိုရင်တောင် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်တွေအများကြားထဲမှာ သဘောတူနေတဲ့ ထွက်ပေါက်မျိုး ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ လမ်းပြမြေပုံအတိုင်း ဆက်သွားဖို့ များတယ်လို့ ကျနော်သုံးသပ်ပါတယ်။ ဒါပေမဲ့ တခုရှိနိုင်တာက ပြင်ပက ဖိအားကြောင့်ဖြစ်စေ၊ အထဲမှာ ပြေလည်သွားလို့ဖြစ်စေ ဒီလမ်းပြမြေပုံမှာ ပိုပြီးတော့ ပျော့ပျောင်းတဲ့ ပိုပြီးတော့ တနည်းတဖုံပြင်ဆင်ထားတဲ့ modification လုပ်ထားတဲ့ပုံစံမျိုး ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG