သုံးရလွယ်ကူစေသည့် Link များ

စင်္ကာပူ APEC ထိပ်သီး အစည်းအဝေးပွဲ သမ္မတ အိုဘားမား တက်ရောက်မည်


ရှေ့သီတင်းပတ်ထဲမှာ စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် အာရှပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APEC ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ အမေရိကန်သမ္မတ ဘရက်အိုဘားမား တက်ရောက်ပြီး ကမ္ဘာ့စီးပွားရေး အခြေအနေ တွေအပြင် နျူကလီးယား လက်နက် မပြန့်ပွားရေးနဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲရေးဆိုင်ရာတွေကို ဆွေးနွေးဖို့ရှိပါတယ်။ APEC အစည်းအဝေးရဲ့ ဘေးပန်းမှာ ကျင်းပမယ့် အာဆီယံ-အမေရိကန် အစည်းအဝေးကိုတော့ မြန်မာပြည်ဝန်ကြီးချုပ် တက်ရောက်မယ်၊ မတက်ရောက်ဘူးဆိုတာ မသေချာသေးပေမဲ့ အိမ်ရှင် စင်ကာပူ ဝန်ကြီးချုပ်က တက်ရောက်ဖို့ မျှော်လင့်နေသလို မြန်မာ့အရေး စောင့်ကြည့်လေ့လာသူတွေကလည်း တက်ရောက်နိုင်တယ်လို့ ထင်ကြေးတွေ ပေးနေကြ ပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က အစီရင်ခံထားပါတယ်။

(၁၇) ကြိမ်မြောက် APEC ညီလာခံကို စင်ကာပူနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါ တယ်။ သောကြာနေ့မှာတော့ ညီလာခံအကြို ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပြီး ကမ္ဘာ့စီးပွားရေး ပြန်ပြီး နာလန်ထူ မယ့် အရိပ်အယောင်တွေကို လတ်တလောမှာ မြင်နေရပေမယ့် အာရှပစိဖိတ် ဒေသတွင်း နိုင်ငံတွေက အစိုးရတွေကတော့ စီးပွားရေး ပြန်ပြီး ကမောက်ကမ ပြိုကွဲမှာကို စိုးရိမ်နေတုန်းပဲလို့ ဆိုပါတယ်။ ဒါကြောင့် စီးပွားရေး ခိုင်မာမှုရှိတာ မသေချာမချင်း စီးပွားရေး နိုးထစေမယ့် အစီအစဉ်တွေကို ပြန်ပြီး မရုတ်သိမ်းကြဖို့ တညီတညွတ်တည်း ဆုံးဖြတ်ကြဖို့လည်း အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်၊ ဂျပန်၊ တရုတ်နဲ့ ရုရှားနိုင်ငံတွေ အပါအဝင် အဖွဲ့ဝင် ၂၁ နိုင်ငံက ခေါင်းဆောင်တွေဟာ ကမ္ဘာ့စီးပွားရေး ပြန်ပြီး နာလန်ထူလာဖို့အပြင် လွတ်လပ်စွာ ကုန်သွယ်ရေးနဲ့ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးကြဖို့ ရှိပါတယ်။ ဒီဆွေးနွေးပွဲကို အမေရိကန်သမ္မတ ဘားရက်အိုဘားမား လည်း တက်ရောက်ဖို့ရှိပါတယ်။ သမ္မတ အိုဘားမား ဟာ APEC ညီလာခံကိုမသွားခင် ဂျပန်နိုင်ငံကို အရင်သွားရောက်ပြီး ဆွေးနွေးပွဲကအပြန်မှာတော့ တရုတ်နဲ့ တောင် ကိုရီးယား နိုင်ငံတွေကို ဝင်ရောက်ဖို့ရှိတယ်လို့ သမ္မတ အိမ်ဖြူပြောခွင့်ရ ရောဘတ်ဂိတ်စ် က ပြောပါတယ်။

"သမ္မတ အနေနဲ့ APEC ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ရှိတဲ့အပြင် ဒီညီလာခံမှာ အရေးပါတဲ့ နှစ်နိုင်ငံချင်း ဆွေးနွေးမှုတချို့ ကိုလည်း လုပ်ဖို့ရှိတယ်လို့ အသိပေးပါရစေ။ သမ္မတ ဆွေးနွေးဖို့ စီစဉ်ထားတဲ့အထဲမှာ အဓိက ကမ္ဘာ့စီးပွားရေး ကြံ့ခိုင်မှု အခြေအနေတွေကို ဆွေးနွေးမှာပါ။ ဒါ့အပြင် မြောက်ကိုရီးယား နဲ့ အီရန်နိုင်ငံ ဆိုင်ရာ ပြဿနာတွေ၊ ဒီနှစ်နိုင်ငံနဲ့ ဆက်နွယ် နေတဲ့ နျူကလီးယား မပြန့်ပွားရေး ကိစ္စတွေကိုလည်း မလွဲမသွေ ဆွေးနွေးမှာပါ။ စွမ်းအင်ဆိုင်ရာ ပြဿနာတွေနဲ့ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကိစ္စတွေကိုလည်း ဆွေးနွေးမှာဖြစ်ပါတယ်။"

ရေရှည်စီးပွားရေး ကြီးထွားမှု ဒေသအနှံ့ဖြစ်ပေါ်စေဖို့ ဆောင်ပုဒ်ကို ချမှတ်ထားတဲ့ ၂၀၀၉ ခုနှစ် APEC အစည်းအဝေးကနေ ၂၀၁၀ မှာ လွတ်လပ်စွာ ကုန်သွယ်ရေး ဆွေးနွေးမှုတွေ အဆုံးသတ်နိုင်ဖို့လည်း လျာထားပါတယ်။ ဒါ့အပြင် ၂၀၅၀ ခုနှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ထုတ်လုပ်မှုကို ထက်ဝက်အထိ လျှော့ချနိုင်ဖို့လည်း ဆွေးနွေးကြမှာဖြစ်ပါတယ်။

APEC ညီလာခံမှာ ဘေးပန်း အဖြစ်နဲ့ အာဆီယံ-အမေရိကန် အစည်းအဝေး ကျင်းပဖို့ရှိတာမို့ ဒီအစည်းအဝေးမှာ အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေနဲ့ အမေရိကန်သမ္မတ ဘရက်အိုဘားမား တို့ တွေ့ဆုံဖို့ရှိပါတယ်။ နိုဝင်ဘာလ ၃ ရက်နေ့က အိမ်ရှင် စင်ကာပူနိုင်ငံရဲ့ ဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) က သူ့အနေနဲ့ ဒီအစည်းအဝေးကို မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သိန်းစိန် တက်ရောက်မယ်လို့ မျှော်လင့်ထားကြောင်း ကျိုတို သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ မြန်မာ ဝန်ကြီးချုပ် ဒီအစည်းအဝေးကို တက်ရောက်ဖို့ ရှိမရှိ မသိရသေးပေမဲ့ မြန်မာ့အရေး လေ့လာနေသူ သြစတြေးလျနိုင်ငံက ပါမောက္ခ ရှောင် တဲန်နယ်လ် (Sean Turnell) ကတော့ တကယ်လို့ ဗိုလ်ချုပ်ကြီး သိန်းစိန် သာ အစည်းအဝေးကို တက်ရောက်ခဲ့ရင် သူ့ဘက်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး လက်ဆုပ်လက်ကိုင် တစုံတခုပြဖို့ ကြိုးစားရမယ်လို့ ပြောပါတယ်။

"သူ အစည်းအဝေးကို တက်ရောက်ကောင်း တက်ရောက်နိုင်တယ်လို့ ကျနော် ထင်ပါတယ်။ အမေရိကန်နိုင်ငံက ပြောင်းလဲချမှတ်လိုက်တဲ့ မြန်မာနိုင်ငံအပေါ် ထိတွေ့ဆက်ဆံရေး မူဝါဒမှာ မြန်မာနိုင်ငံဘက်က ဒီမိုကရေစီရေး လုပ်ပြနိုင်တဲ့အပေါ်မှာ မူတည်တာမို့ သူသာ တကယ်လို့ အစည်းအဝေး တက်ရောက်လာခဲ့ရင် မြန်မာဘက်က ဘာတွေ အာမခံချက်တွေ ပေးမယ်ဆိုတာ ပြသရတော့မှာပါ။ ဒါကြောင့် သူ ဘာတွေ ကမ်းလှမ်းလာမယ်ဆိုတာက စိတ်ဝင်စားစရာပါ။"

အမေရိကန်သမ္မတ က နျူကလီးယား ပြဿနာကို ဦးတည်ပြီး ဆွေးနွေးဖို့ရှိတာမို့ ဒီလို ဆွေးနွေးခဲ့ရင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

"နျူကလီးယား လက်နက် မပျံ့ပွားရေးကိစ္စ ဆွေးနွေးတဲ့အခါ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယား ရဲ့ ဆက်နွယ်မှုတွေနဲ့ ပတ်သက်လို့ အခုအခါ အထောက်အထားတွေ ပိုပြီး ရလာတာမို့ အီရန်နဲ့ မြောက်ကိုရီးယား လို နျူကလီးယား ပြဿနာကို ဦးတည်ဆွေးနွေးရမယ့် နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကိုလည်း စိုးရိမ်စရာ နိုင်ငံတွေထဲမှာ တနိုင်ငံအနေနဲ့ ထည့်သွင်းဆွေးနွေးရဖို့က သေချာပါတယ်။"

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ သံယံဇာတ ကြွယ်ဝမှုကို အသုံးချပြီး နိုင်ငံသားတွေ ကြွဝလာစေရေးအတွက် မြန်မာ ခေါင်းဆောင်တွေက စီမံခန့်ခွဲရမယ့်ကိစ္စတွေကိုလည်း ဆွေးနွေးဖို့ သင့်ပါတယ်လို့ မစ္စတာ တဲန်နယ်လ် က ပြောပါတယ်။ အခုကျင်းပမယ့် APEC ညီလာခံအတွင်း နိုဝင်ဘာလ ၁၀ ရက်ကနေ ၁၂ ရက်နေ့အထိ ကျင်းပမယ့် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲကိုတော့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် လည်း တက်ရောက်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG