သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-အမေရိကန် တွေ့ဆုံပွဲ


အမေရိကန် လက်ထောက်နိုင်ငံခြားဝန်ကြီး Kurt Campbell ခေါင်းဆောင်တဲ့ အမေရိကန် ထိပ်တန်းကိုယ်စားလှယ်အဖွဲ့ဟာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ဆုံးဖြတ်ချက်ချနိုင်သူ ဗိုလ်ချုပ်ကြီးသန်းရွှေ ကို တွေ့ခွင့်မရတဲ့အတွက် လတ်တလော အကျိုးသက်ရောက်မှု မရှိနိုင်ဘူးလို့ သုံးသပ်ကြပါတယ်။ ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ စက်တင်ဘာလ က ကုလသမဂ္ဂညီလာခံ တက်ဖို့ နယူးရော့ခ်မြို့ကို ရောက်လာတုန်း ဆီနိတ်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) နဲ့ တွေ့ဆုံခဲ့ပြီး အခုတခါ ကြပ်ပြေးနေပြည်တော်မှာ Kurt Campbell နဲ့ တွေ့တာဖြစ်ပါတယ်။

အမိန့်နာခံသူတွေနဲ့သာတွေ့ဆုံပြီး အမိန့်ပေးသူကို တွေ့ခွင့်မရတဲ့အတွက် နှစ်ဘက်နားလည်မှုရအောင်နဲ့ ရပ်တည်ချက် ချက်ချင်းနီးစပ်အောင် ရေရှည်ဆွေးနွေးရမယ့်သဘော ဖြစ်နေပါတယ်။ ဒါကို အမေရိကန်က သဘောပေါက်ပါတယ်။ ဒါပေမယ့် မြန်မာ့ဒီမိုကရေစီအရေးဘက်က အမေရိကန်က ဝင်ရောက်ဆွေးနွေးတဲ့သဘော ဖြစ်နေတဲ့အတွက် ဗမာစစ်အစိုးရဟာ ဒီမိုကရေစီ လှုပ်ရှားသူတွေအပေါ်မှာ သဘောထားကြီးနိုင်မလား၊ သည်းခံနိုင်မလား၊ လေးစားနိုင်မလားဆိုတာကို လေ့လာဖို့လိုပါတယ်။ အတိုက်အခံကို လေးစားမှု၊ စိတ်ကောင်းရှိမှု၊ ပြောင်းလဲချင်စိတ်ရှိမှု စတာတွေ မရှိရင် ဆွေးနွေးပွဲ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ဖိနှိပ်ညှဉ်းပမ်းအနိုင်ကျင့်တာကို အမေရိကန်က လက်မခံနိုင်ပါဘူး။

ဗမာစစ်အစိုးရဟာ ဆန့်ကျင်ဘက်အယူအဆ လက်ခံနိုင်တဲ့အဆင့်ကို မရောက်သေးတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းတာတွေ ဆက်လုပ်နေတာလို့ မြင်ကြပါတယ်။ စစ်အစိုးရက နိုင်ငံရေး လွတ်လပ်မှုပေးဖို့ စိတ်မဝင်စားဘဲ အမေရိကန်၊ ဥရောပရဲ့ ဒဏ်ခတ်အရေးယူမှု ရုတ်သိမ်းရေးကိုသာ စိတ်ဝင်စားသလို ဖြစ်နေပါတယ်။ ဒဏ်ခတ်အရေးယူမှု ရုတ်သိမ်းရေးအတွက် စစ်အစိုးရနဲ့ လက်တွဲလုပ်ကိုင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကြေညာပြီး ရက်ပိုင်းအတွင်း အမေရိကန်၊ အင်္ဂလိပ် သံတမန်တွေနဲ့ တွေ့ခွင့်ရသွားပါတယ်။ ဒဏ်ခတ်အရေးယူမှု ရုတ်သိမ်းရေးကိုသာ စစ်အစိုးရ စိတ်ဝင်စားသလို ဖြစ်နေပါတယ်။

ဒါပေမဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ကတော့ သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးပြီး မြန်မာ့ပြဿနာ အဖြေရှာဖို့ ပြောသွားပါတယ်။ အမေရိကန်ဆီနိတ်လွှတ်တော်အမတ် Mitch McConnell ကလည်း ဗမာစစ်အစိုးရနဲ့ ဆွေးနွေးရာမှာ အန်အယ်လ်ဒီ ပါတီနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ ပါဝင်သင့်တယ်လို့ ဆိုပါတယ်။ သူတို့ပြောသလို ဖြစ်လာရင်တော့ နှစ်ပေါင်းများစွာ တောင်းဆိုလာခဲ့ကြတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အမေရိကန်က ကမကထ လုပ်ပေးသလို ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ အများတောင်းဆိုလာခဲ့တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို စစ်အစိုးရ ဂရုမစိုက်တာ ကြာပြီဖြစ်ပါတယ်။ အမေရိကန်အစိုးရ လက်ခံနိုင်မယ့် ဒီမိုကရေစီပြုပြင်ရေး မလုပ်နိုင်မချင်း ဒဏ်ခတ်အရေးယူမှု ရှိနေဦးမှာမို့ ထပ်ပြီးဒဏ်ခတ်မှာလားဆိုတာ ဗမာစစ်အစိုးရ အပြုအမှုပေါ်မှာ မူတည်နေပါတယ်။

ဒီအချိန်ဟာ မြန်မာပြည်သူတွေအတွက် အလွန်အရေးကြီးကြောင်း မြန်မာ့ကျန်းမာရေးနဲ့ လူ့အခွင့်အရေး အခြေအနေကို နှစ်ပေါင်းများစွာ စောင့်ကြည့်ပြီး ကူညီနေသူ John Hopkins တက္ကသိုလ် ကျန်းမာရေးပါမောက္ခ Dr. Chris Beyrer က အောက်တိုဘာလ (၂၁) ရက်နေ့က ကွန်ဂရက်လွှတ်တော် ကြားနာပွဲမှာ ပြောဆိုသွားပါတယ်။ ဗမာစစ်အစိုးရနဲ့ ဆွေးနွေးဖို့ ဆုံးဖြတ်ာဟာ မြန်မာဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အမေရိကန်အစိုးရက သန္နိဌာန်ချထားတာကို ပြသရာရောက်ပါတယ်။ တချိန်တည်းမှာဘဲ ဒဏ်ခတ်အရေးယူမှုကို ဆက်လျှက်ပြုလုပ်သွားမှာမို့ အပြောင်းအလဲဖြစ်ဖွယ်ရာ ရှိနိုင်ပါတယ်။ ဆွေးနွေးပွဲမှာ ဗမာစစ်အစိုးရရော ဒီမိုကရေစီအုပ်စုနဲ့ တိုင်းရင်းသားတွေရော ပါဝင်ဖို့အရေးကြီးတယ်လို့လည်း ဆိုတာမို့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ထောက်ခံတဲ့သဘောဖြစ်နေပါတယ်။

ဗမာစစ်အစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်ရင်း တိုင်းရင်းသားဒေသတွေကို ချုပ်ကိုင်နိုင်အောင် ထိုးစစ်ဆင်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ကိုလည်း ထိန်းသိမ်းထားပါတယ်။ အမေရိကန်နဲ့ စတင်ဆွေးနွေးနေပေမယ့် ဗမာစစ်အစိုးရရဲ့ ရက်စက်တဲ့ ဖိနှိပ်ညှင်းပမ်းတွေဟာ ပိုပြီးတော့တောင် ဆိုးဝါးလာပါသေးတယ်။ ဒီလိုအချိန်မှာ တွေ့ဆုံဆွေးနွေးလို့ စစ်အစိုးရဟာ အကျင့်မပြောင်းဘဲ အတိုက်အခံကိုဆက်ပြီး ဖိနှိပ်နေမယ်ဆိုရင် တွေ့ဆုံဆွေးနွေးတဲ့ နိုင်ငံခြားရေးလမ်းစဉ်သစ်ကို မအောင်မြင်ဘူးလို့ ဝေဖန်ပြစ်တင်လာကြဖွယ် ရှိပါတယ်။

အမေရိကန်အစိုးရသစ်တွေ ရင်ဆိုင်ရတဲ့ နိုင်ငံခြားရေးလမ်းစဉ်ဆိုင်ရာ ပြဿနာတွေအကြောင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Cambpell နဲ့ ဒု-နိုင်ငံခြားရေးဝန်ကြီး James Steinberg တို့ ပူးတွဲရေးသားတဲ့စာအုပ် ၂၀၀၈ ဒီဇင်ဘာလမှာ ထုတ်ဝေခဲ့ပါတယ်။ ပညာရှင်ဘဝမှာ စာအုပ်ကို ပူးတွဲရေးသားကြပြီး အိုဘားမား အစိုး၇တက်လာတဲ့အခါ နှစ်ဦးစလုံး လက်ထောက်ဝန်ကြီးနဲ့ ဒု-ဝန်ကြီးတွေ ဖြစ်လာကြတာမို့ ဒီစာအုပ်ဟာ စိတ်ဝင်စားစရာ ဖြစ်နေတာပါ။ အမေရိကန်အစိုးရဟောင်းရဲ့ လမ်းစဉ်နဲ့ ကွဲပြားခြားနားချင်တာနဲ့ အခြေအနေမှန် မသုံးသပ်နိုင်တာကို ချို့ယွင်းချက်တခုအဖြစ် စာအုပ်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် စာတွေ့ကို လက်တွေ့အဖြစ် ဘယ်လိုအကောင်အထည် ဖော်မလဲဆိုတာကိုတော့ စောင့်ကြည့်ဖို့သာ ရှိပါတော့တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG