သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ကစားကွင်းအခြေအနေ သုံးသပ်ချက်


လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေမှာ အမေရိကန်က ဝင်ရောက်ကူညီဖြေရှင်းတဲ့ကိစ္စဟာ မလွယ်ကူတဲ့ကိစ္စဖြစ်ပေမဲ့ မြန်မာစစ်အစိုးရ နဲ့ အမေရိကန်အစိုးရ ထိတွေ့ဆက်ဆံရာကနေ မြန်မာ့နိုင်ငံရေး ထွက်ပေါက်ရသွားနိုင်တယ်လို့ စစ်အစိုးရရဲ့ အတိုက်အခံများဘက်က မျှော်လင့်နေသူများ ရှိနေပါတယ်။ အမေရိကန်နဲ့ ထိတွေ့ဆက်ဆံတာဟာ မြန်မာ့ နိုင်ငံရေးမှာ အမေရိကန် ဝင်ရောက်ဖြေရှင်းမှာကို လက်ခံဘို့ မဟုတ်ဘဲနဲ့ သူတို့အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေးအတွက်သာ ဖြစ်တယ်လို့ စစ်အစိုးရဘက်ကို ရှုမြင်ကြသူတွေလည်း ရှိနေကြပါတယ်။

မြန်မာနိုင်ငံရေးမှာ ဝင်ရောက်ဖြေရှင်းပေးလို့ မပြေလည်ရင်သေးရင်လည်းနေ မြန်မာနိုင်ငံကို တရုတ်ဆိုတဲ့ နဂါးခံတွင်းကြီး ထဲ လုံးဝဥဿုံကျရောက်မသွားအောင် မြန်မာစစ်အစိုးရနဲ့ အမေရိကန်က ပြေလည်ချင်နေတဲ့ ဆန္ဒကများနေတယ်လို့ သုံးသပ်ကြသူတွေလည်း ရှိနေကြပါတယ်။ အားလုံးကတော့ ကိုယ့်တွက်ကိန်းနဲ့ကိုယ် အမေရိကန်သမ္မတ အိုဘားမား လက်ထက်မှာ ဖြစ်ပေါ်လာတဲ့ ထိတွေ့ဆက်ဆံခြင်း ကစားကွင်းသစ်ထဲမှာ စမ်းသပ်ကွင်းဆင်း ကစားကြည့်ကြဖို့ စိုင်းပြင်း နေကြတယ်လို့ ပြောရင လည်းရတဲ့ အခြေအနေမှာ ရောက်ရှိနေကြပါတယ်။ စစ်အစိုးရအနေနဲ့ ကိုယ့်ကစားကွင်းနဲ့ကိုယ် ကစားဖို့ ပြင်ဆင်နေတာ ရှိနေပါတယ်။ မြန်မာစစ်အစိုးရ ကစားမယ့်ကွင်းက ၂၀၁၀ ရွေးကောက်ပွဲပါ။ မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေကို ဖြတ်သန်းခဲ့ပြီး အတွေ့အကြုံ ရင့်ကျက်နေတဲ့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကို မေးမြန်း ဆွေးနွေးထားပါတယ်။

ဦးရော်နီညိမ်း ။ ။ အန်ကယ်က ပထစပါတီရဲ့ လူကြီးလည်းဖြစ်ခဲ့တယ်။ အာဏာအဝန်းအဝိုင်းအတွင်းမှာလည်း ရှိခဲ့ဘူးတဲ့ အတွေ့အကြုံအရ ၁၉၆၀ ရွေးကောက်ပွဲမတိုင်ခင်မှာ တကယ်တမ်း အဲဒီရွေးကောက်ပွဲ ရှုခင်းကို ဘယ်လိုမြင်ပါသလဲ။ တည်မြဲကနိုင်သွားမယ်လို့ မြင်သလား၊ အန်ကယ်တို့ သန့်ရှင်းက အသဲအသန် အကြိတ်အနယ်ပြိုင်ရမယ်လို့ မြင်ခဲ့ပါသလား။

သခင်ချန်ထွန်း ။ ။ ခပ်ကြမ်းကြမ်း အနေနဲ့ လုပ်နေတာဆိုတော့ နိုင်ရင်လည်းနိုင်ရမယ်၊ ရှုံးရင်လည်းနိုင်ရမယ်ဆိုပြီးတော့ သူတို့က ရှုံးရင်လည်း အာဏာသိမ်းမယ်ဆိုတဲ့ သဘောမျိုးပေါ့။

ဦးရော်နီညိမ်း ။ ။ သန့်ရှင်းဖဆပလ ခေါင်းဆောင်အကုန်လုံးက ဘယ်လိုဘဲဖြစ်ဖြစ် ကြောက်စရာမရှိဘူး။ ကျုပ်တို့ နိုင်နိုင်တယ် အယူအဆမျိုးရှိသလား။

သခင်ချန်ထွန်း ။ ။ ရှိပါတယ်။ လူထုရဲ့ ဆန္ဒကို သိနေတာကို။ တရားပွဲလုပ်လိုက်ရင် လူထုက အုံ့ကြွပြီးတော့ အဲဒီအချိန်အခါတုန်းက ၆၀ ရွေးကောက်ပွဲမှာ တက်ကြတာတွေ သိတာပေါ့။

ဦးရော်နီညိမ်း ။ ။ ၁၉၉၀ ရွေးကောက်ပွဲကာလတုန်းကရော အန်ကယ်တို့ ရွေးကောက်ပွဲမတိုင်ခင်မှာ ဒီအခင်းအကျင်းတွေနဲ့ ပါတီရဲ့ အနေအထားတွေနဲ့ အန်ကယ်တို့ ဘယ်လိုမြင်ပါသလဲ။ အဲဒီအချိန်တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒီလောက် ဝက်ဝက်ကွဲ နိုင်သွားမယ်လို့ မြင်လားခင်ဗျ။

သခင်ချန်ထွန်း ။ ။ အဲဒီအချိန်တုန်းကတော့ သိပ်မသေချာဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်မယ်မနိုင်ဘူးဆိုတာ မသေချာဘူး။ ဘဘတို့မြင်ခဲ့တာက အဲဒီအချိန်တုန်းက လူထုကသာ သူ့စိတ်နဲ့သူ သိနေကြတာ တစည အနေနဲ့ သူက ငွေရေးကြေးရေးနဲ့ သူက စည်းရုံးသွားနိုင်တယ်။ ဒါကြောင့် သူလည်း နိုင်နိုင်တယ်။ ပါတီတွေက သိပ်များတဲ့အခါကြတော့ မဲတွေကွဲသွားနိုင်တယ်။ ဘယ်သူမှ မသေချာဘူး။ တစည ကတော့ လူဟောင်းတွေ၊ သူ့တော့ လူတွေကချဉ်တယ်။ ဒါပေမဲ့ သူက ငွေရေးကြေးရေးလည်း ရှိတယ်၊ အစိုးရ အာဏာက ဘာဘဲပြောပြော ဘက်လိုက်လို့ ရတယ်ဆိုတော့ သူကလည်း ထိုက်သလောက်တော့ ရနိုင်မယ်လို့ ထင်ခဲ့တယ်။

ဦးရော်နီညိမ်း ။ ။ စစ်တပ်ကျောထောက်နောက်ခံ ပေးခဲ့တဲ့ တည်မြဲကလည်း ဝက်ဝက်ကွဲ ရှုံးခဲ့တယ်။ စစ်တပ်ကျောထောက် နောက်ခံ ပေးခဲ့တဲ့ တစည ကလည်း မရှုမလှ ရှုံးခဲ့တယ်။ အခု ၂၀၁၀ ရွေးကောက်ပွဲရော အန်ကယ် ကြုံပြန်ပြီ။ စစ်တပ်က ပါတီတွေဖွဲ့ဖို့ ကြိုးစားနေတဲ့သတင်းတွေ ထွက်နေတယ်။

သခင်ချန်ထွန်း ။ ။ လုပ်နေပြီ။ ဗိုလ်မှုးချုပ်ကျော်ဆန်းတို့ တောင်သာသား ဦးအောင်သောင်းတို့။ ဦးအောင်သောင်းဆိုရင် အကြီးအကျယ်ပေါ့။ ပြီးတော့ ၆၀ ရွေးကောက်ပွဲလို ဖြစ်သွားပြီ။ ဦးနုရဲ့ အရှိန်အဝါက ဟိုတုံးကကြီးသလို အခုအချိန်အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါက သိပ်ကြီးသွားတဲ့အခါကြတော့ ဒေါ်အောင်ဆန်းစုကြည်ကို လူတွေက အကုန်လုံး မေတ္တာ ဂရုဏာ ပိုကြီးမားပြီတော့ အခုအခါ ဒေါ်အောင်ဆန်းစုကြည် ပါတီလို့ ခေါ်ရလောက်အောင်၊ ဟိုတုန်းက ဦးနုပါတီလို့ ခေါ်သလို အခုအခါက အန်အယ်လ်ဒီက ဒေါ်အောင်ဆန်းစုကြည်ပါတီလို့ ခေါ်ရလောက်အောင် သဘောဖြစ်နေတယ်။ သူတို့က ဒီချုပ်နှောင်ထားတာကိုက ပြည်သူလူထုရဲ့ sympathy ကို ဒေါ်အောင်ဆန်းစုကြည်က အများကြီးရသွားတယ်။ အန်အယ်လ်ဒီ က နိုင်ကိုနိုင်မယ်လို့ ဒီလိုဘဲ တွက်တယ်။

ဦးရော်နီညိမ်း ။ ။ ဒါက အန်အယ်လ်ဒီ ဝင်အရွေးခံရင် နိုင်မယ်လို့ အန်ကယ် တွက်တာ။ သို့သော် အန်အယ်လ်ဒီ ဝင်မပြိုင်ဘဲ နဲ့ ဒီရွေးကောက်ပွဲကြီး ဖြစ်ရင်ကော အန်ကယ် ဘယ်လိုမြင်မလဲ။

သခင်ချန်ထွန်း ။ ။ အန်အယ်လ်ဒီ ဝင်မပြိုင်ဘဲနဲ့ဆိုရင်တော့ ကျန်တဲ့ ကိုသုေ၀ တို့ ထင်ထင်ပေါ်ပေါ် လူထုက အထင်ကြီးတဲ့ ခေါင်းဆောင်တဲ့ ပါတီတွေ အခုထိတော့ သိပ်ပြီးတော့ မမြင်သေးဘူး။ ပြောလို့ ခက်တယ်။

ဦးရော်နီညိမ်း ။ ။ ဦးသုဝေတို့ဆိုတာ အန်ကယ်တို့ မျိုးဆက်လောက်၊ အန်ကယ်တို့အောက်က နည်းနည်းငယ်တဲ့ မျိုးဆက် လောက်ပဲ သိတာ။ မဲပေးနိုင်တဲ့ ဦးရေအများစုကြီးဖြစ်တဲ့ လူငယ်ထုက ၁၉၈၈ ပတ်ဝန်ကျင်လောက်က မွေးလာတဲ့အဖွဲ့တွေ၊ တချို့ဆိုရင် ၈၈ မှာ ရုန်းကန်လှုပ်ရှားခဲ့ကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို အကုန်လုံးတောင် မသိကြဘူး။ အဲဒီတော့ ဒီလို အနေအထားမှာ ဦးသုေ၀ တို့လိုဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေ အဖွဲ့တွေကရော နိုင်နိင်မလား။

သခင်ချန်ထွန်း ။ ။ တော်တော်ပြောရခက်တယ်။

ဦးရော်နီညိမ်း ။ ။ မြန်မာနိုင်ငံရေး အကြပ်အတည်း ဖြေရှင်းချက်ကို ကကြီး ခခွေး ဂငယ်နဲ့ စဉ်းစားရင် ကကြီးဖြစ်တဲ့ ရွေးကောက်ပွဲနဲ့ ဖြေရှင်းလို့ မရဘူးဆိုရင် ခခွေးက ဘာနဲ့ သွားမလဲ၊ ဂငယ်ကရော ဘယ်လို အရံထားသင့်သလဲ၊ ဃကြီး ကရော ဘယ်လိုစဉ်းစားထားမလဲဆိုတာ ကျနော်တို့ အတိုက်အခံပါတီတွေ၊ အတိုက်အခံနိုင်ငံရေးသမားတွေ စစ်အစိုးရနဲ့ အတိုက်အခံဖြစ်နေသူတွေမှာ စဉ်းစားပြီး လုပ်ဆောင်နေကြတယ်လို့ အန်ကယ် မြင်သလား။

သခင်ချန်ထွန်း ။ ။ အခုအခါက အပေါ်ယံလောက်ဘဲ လူတွေက မကျေနပ်တာဘဲ။ ကျန်တာက ပြောရဲဆိုရဲ တွေ့ဆုံနေတဲ့ အချင်းချင်းတွေ ပြောတဲ့သဘောလောက်ဘဲ ရှိနေသေးတယ်။ စစ်အစိုးရကို မကြိုက်တဲ့အတွက် စစ်အစိုးရပါတီက သူတို့ကို နိုင်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ ။

ဦးရော်နီညိမ်း ။ ။ ဒါက ဆန္ဒဘဲ။ မကျေနပ်တာဘဲရှိတယ်။ စစ်အစိုးရ ရွှေ့တဲ့အကွက်မှာဘဲ လိုက်ရွေ့နေတာတွေရှိတယ်။ စစ်အစိုးရကတော့ စစ်တိုက်သလို လုပ်တာဘဲ။ ဒီတိုက်ပွဲကို Plan A နဲ့ မနိုင်ရင် Plan B နဲ့ သွားမယ်၊ Plan C နဲ့ သွားမယ်။ သူတို့မှာ ခြောက်ခုလောက် ရှိပြီးမှ အလုပ်လုပ်တာ။ ဘာမဆို။ ကျနော်တို့ အတိုက်အခံဘက်မှာရော ဒါမျိုး ရှိသလား။

သခင်ချန်ထွန်း ။ ။ ဒါမျိုး ရှိမယ်လို့ မထင်ပါဘူး။ အမြင်ပြောရရင် အန်အယ်လ်ဒီ တော့ မပြောတတ်ဘူး။ ကျန်တဲ့ လူတွေ ကတော့ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ဝင်မယ်ဆိုတဲ့ သဘောလောက်ဘဲ။ အန်အယ်လ်ဒီ မဝင်လို့ရှိရင် သူတို့က အချောင် များရမလားလို့ ဒီလိုဘဲ တွက်နေတာဘဲ။

မြန်မာစစ်အစိုးရဟာ သူဖန်တီးထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကစားကွင်းထဲမှာ သူကိုယ်တိုင်းဝင်ပြီး မကစားခင် နောက်ဆုံးပြင်ဆင်မှု တနည်းအားဖြင့် သူရဲ့ ဘောလုံးသမားတွေကို နေရာချထားမှု Line-up ကို မကြာခင် ပြင်ဆင်တော့မှာ ဖြစ်ပါတယ်။ ၂၀၁၀ ကစားကွင်းအတွက် စစ်အစိုးရက လူရွေး line-up ချတာအပြင် တခြားကိစ္စတွေကိုပါ ပြင်ဆင်မယ့် စစ်ခေါင်းဆောင်တွေရဲ့ လေးလပတ် အစည်းအဝေး ကို မကြာခင် ပြုလုပ်တော့မယ်လို့ သတင်းတွေ ပေါ်ထွက်နေပါတယ်။ ကိုယ်ဖန်တီးထားတဲ့ ကိုယ့်ရဲ့ ကစားကွင်းမှာ ကစားမယ့် စစ်အစိုးရရဲ့ အခြေအနေကို သိရအောင် တရုတ်-မြန်မာနယ်စပ်က မြန်မာ့တပ်မတော်ရေးရား ကျွမ်းကျင်သူ ဦးအောင်ကျော်ဇော ကို ဆက်သွယ်ဆွေးနွေးခဲ့ပါတယ်။

ဦးရော်နီညိမ်း ။ ။ အခုလက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်တပ်နိုင်ငံရေးလောကအတွင်းက အပြောင်းအလဲဟာ ဟိုတုန်းက တပ်မှုးများညီလာခံ အခုနောက်ပိုင်းမှာ လေးလတခါ တိုင်းမှုး၊ တပ်မမှုးတွေနဲ့ လုပ်တဲ့ အစည်းအဝေး ကနေပဲ အဆုံးအဖြတ်တွေ ဖြစ်နေတော့ အခုသတင်းထွက်နေတယ် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဟာ သီရိလင်္ကာကို သွားမယ်၊ သီရိ လင်္ကာနိုင်ငံက ပြန်လာပြီး အခုနှစ်ထဲမှာ ဒုတိယအကြိမ် လေးလပတ်အစည်းအဝေး လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေ တယ်။ အဲဒီတော့ ဦးအောင်ကျော်ဇော အနေနဲ့ ဒီတခေါက် လေးလပတ်အစည်းအဝေးမှာ ဘာတွေထူးခြားမယ် ထင်သလဲ။ သူဟာ ခါတိုင်းထက် ထူးခြားမယ်လို့ ထင်သလား။

ဦးအောင်ကျော်ဇော ။ ။ ဒီလေးလပတ် လုပ်ဖြစ်ရင်တော့ issue တွေများတယ်။ သူတို့ လုပ်ရမယ့် အလုပ်တွေကများတယ်။ ဥပမာဆိုပါတော့ လောလောဆယ် election law ကြေညာဖို့လိုတယ်။ အဲဒီအတွက် ပြင်ဆင်ရမယ်၊ နောက်ပြီတော့ interim government ဖွဲ့ရမယ်။ အခု ကျနော်တို့ကြားထားတာက ဝန်ကြီး နှစ်ဆယ်ပတ်ဝန်ကျင်လောက်က သူတို့ရွေးကောက်ပွဲဝင် ဖို့ နယ်မြေအသီးသီးကို ဆင်းနေကြတယ်။ သူတို့က အစိုးရက ထွက်ပြီတော့ ပါတီဖွဲ့တဲ့အပိုင်းကို သွားရမယ်။ ကျနော်တို့ ကြားတာ မူလကတော့ ဗိုလ်သန်းရွှေ ပြန်လာပြီး ဗိုလ်သိန်းစိန် စင်္ကာပူက ပြန်လာပြီးရင် လေးလပတ်ကို လုပ်မယ်။ လေးလ ပတ်ပြီးရင် ကြံခိုင်ဖွံ့ဖြိုးရေးအသင်း အစည်းအဝေးကို ခေါ်မယ်။ ခေါ်ပြီးရင် အခုနပြောတဲ့ ကြံခိုင်ဖွံ့ဖြိုးရေးအသင်းမှာ patron တွေလို ဖြစ်နေတဲ့ အောင်သောင်း၊ ကျော်ဆန်းတို့ အုပ်က election အတွက် ပြင်ရမယ်။ ပြင်မယ်ဆိုတော့ သူတို့က ကြံခိုင် ဖွံ့ဖြိုးရေးပါတီနဲ့သွားမလား၊ တခြားပါတီတခုနဲ့ သွားမလားဆိုတာက တခုပေါ့။ အဲဒီလိုသွားမယ်ဆိုရင် cabinet မှာ vacancy တွေအများကြီးဖြစ်မယ်။ အဲဒီ ရွေးကောက်ပွဲကို ပြီးအောင်လုပ်ဖို့အတွက် interim government ဖွဲ့ရမယ်။ ဖွဲ့ဖို့ဆိုရင် ကျနော် တို့ သိရသလောက်ဆိုရင် တပ်ထဲက တချို့လူတွေ၊ တိုင်းမှုးတွေ၊ တပ်မမှုးတွေ၊ ဒါမှမဟုတ် war office department တွေက head တွေက အလားအလာရှိတယ်လို့ ကြားရတယ်။ ဘယ်သူကမှ တပ်ကမသွားချင်ကြဘူး တပ်နဲ့ပဲ နေချင်ကြတယ်။

ဦးရော်နီညိမ်း ။ ။ ကျနော်တို့ ကြားဖြတ်အစိုးရဘဲခေါ်ခေါ်၊ အိမ်စောင့်အစိုးရဘဲခေါ်ခေါ် ရွေးကောက်ပွဲကို လုပ်ပေးမယ့် အဲဒီ ဖွဲ့မယ်ဆိုတဲ့ အစိုးရဟာ စစ်တပ်ကလူတွေနဲ့ဘဲ ဖွဲ့မယ်လို့ ဦးအောင်ကျော်ဇော ဆိုလိုတာလား။

ဦးအောင်ကျော်ဇော ။ ။ အများစုကတော့ စစ်တပ်ကလူတွေနဲ့ဘဲ။

ဦးရော်နီညိမ်း ။ ။ အများစုဆိုတော့ ဘယ်ကပါဦးမလဲ။

ဦးအောင်ကျော်ဇော ။ ။ အန်အယ်လ်ဒီက ထွက်သွားတဲ့လူတွေတို့ လေသံတွေ ပြစ်နေတယ်။ ဒါပေမဲ့ ကျနော်ထင်တယ် interim government မှာတော့ သူကတော့ တပ်ကလူတွေဘဲ run လုပ်မယ်လို့ သိထားတယ်။

ဦးရော်နီညိမ်း ။ ။ ဒီပုဂ္ဂိုလ်တွေရဲ့ အပြောင်းအရွှေ့က ဘယ်လိုဖြစ်မလဲ။ နောက်မှာလည်း တပ်မမှုးက သုံးဆယ့်ခြောက် ယောက်လောက် ရှိနေတယ်။ ခြေမြန်တပ်မ ဆယ်ခု၊ စကခ(စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်)က နှစ်ဆယ်၊ ဒကစ (ဒေသကွပ် ကဲမှုစစ်ဌာနချုပ်)က ခြောက်ခု။ ဒီတပ်မမှုးတွေကလည်း တိုင်းမှုးဖြစ်ဖို့ မျှော်လင့်နေကြတာ ဘယ်လိုအပြောင်းအရွှေ့တွေ လုပ်လို့ရနိုင်မယ်လို့ ဦးအောင်ကျော်ဇော မြင်ပါသလဲ။

ဦးအောင်ကျော်ဇော ။ ။ နှစ်လိုင်းရှိပါတယ်။ တလိုင်းကတော့ အခုနပြောတဲ့ cabinet ထဲ သွားမယ့်လိုင်းပေါ့။ interim government ဖွဲ့လို့ cabinet ထဲသွားလို့ လွတ်သွားတဲ့ vacancy ဖြစ်သွားတဲ့ cabinet ထဲသွားမယ့် တလိုင်းပေါ့။ နောက်တခု ကတော့ ရွေးကောက်ပွဲအတွင်းမှာ အနားယူရမယ့် လူတချို့လည်း ရှိမှာပေါ့။ အထူးသဖြင့် war office မှာရှိတဲ့ ပုဂ္ဂိုလ်တွေ၊ တချို့လည်း အနားတော့ ပေးလိုက်ပြီ။ တချို့က နားကြမယ်။ လူဟောင်းတွေများကတော့ တပ်ထဲမှာ သိပ်ကျန်မှာ မဟုတ်ဘူး။ တပ်ထဲမှာ သိပ်များများ ကျန်မှာ မဟုတ်ဘူး။

ဦးရော်နီညိမ်း ။ ။ အသက်အရွယ်တန်းနဲ့ ကြည့်မယ်ဆိုရင် တိုင်းမှုးဆယ့်သုံးယောက်၊ ကစထ(ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး) ခြောက်ယောက် ဒီ (၁၉)ယောက် ဟာ အသက်အရွယ်တန်းအရ သိပ်ကွာကြတာ မဟုတ်ဘူး။ စစ်သက်လည်း ကွာကြတာ မဟုတ်ဘူး။ အဲဒီအခါ ကျတော့ ဒီပုဂ္ဂိုလ်တွေကို ဘယ်လိုရွှေ့မလဲ။ မကျေနပ်မှုတွေလည်း မဖြစ်ရအောင် နောက်မှာရှိနေတဲ့ တပ်မမှူး၊ စကခမှုး၊ ဒကစမှုး သုံးဆယ့်ခြောက်ယောက် အပေါ်တက်လာအောင် ဘယ်လို ရွှေ့မလဲ။

ဦးအောင်ကျော်ဇော ။ ။ ဒီကိစ္စကတော့ တပ်ထဲမှာလည်း အတော်ခေါင်းကိုက်နေကြတယ်။ အပေါ်မှာလည်း ခေါင်းကိုက် တယ်၊ အောက်မှာလည်း ငါရမလား၊ သူရမလား ဖြစ်နေကြတယ်။ တပ်မမှုးတွေထဲမှာလည်း သူထက်ကိုယ် လူစွမ်းကောင်း လုပ်ချင်တဲ့လူတွေက အများကြီးဖြစ်နေတယ်။ အခုတလောဖြစ်နေတဲ့ နယ်စပ်ဒေသတင်းမာမှုတွေမှာလည်း အရမ်းတက်ကြွ နေတဲ့ တပ်မမှုးတွေ ရှိနေတယ်။ ဒါကလည်း before election နဲ့ after election မှာ ဖြစ်လာမယ့် တပ်ထဲက command post တွေမှာ နေရာလိုချင်တဲ့ ပုဂ္ဂိုလ်တွေ ရှိနေတယ်။ တိုင်းမှုးအများစုကတော့ shuffle ထဲမှာ ပါနိုင်တယ်လို့ ထင်တယ်။ နောက်တခုကတော့ post တွေ လုပ်ရင် ရတာပေါ့။ လေ့ကျင့်ရေးမုှူးချုုပ်ဆိုရင်၊ ဒု-လေ့ကျင့်ရေးမှူးချုပ် လေးယောက် လောက် ထားလို့ ရတယ်။ တပ်ကလည်း သူတို့ပြောသလို လေးငါးသိန်းလောက် ရှိနေပေါ့။ အဲဒီလိုမျိုးဘဲ postတွေက တော့ ပေါ်မှာပါ။ လုပ်လို့ရတယ်။ တချို့ကလည်း တွဲဘက်စစ်ရေးချုပ်တို့ တွဲဘက်စစ်ထောက်ချုပ်တို့ဆိုတာ သိပ်ကြာနေပြီ။ သူတို့က တနည်းနည်းနဲ့ အရပ်ဘက်ပြောင်းပေးတာ ဖြစ်လာနိုင်တယ်။ ညွှန်ကြားရေးမှုးချုပ်တွေ၊ အရပ်ဘက် ညွှန်ကြားရေး ချုပ်တွေကလည်း တပ်ကသွားတဲ့ပုဂ္ဂိုလ်တွေ။ သူတို့နေရာတွေလည်း gap တွေရှိနေတယ်။ ဝန်ကြီးနေရာတွင် မကဘူး အဲဒီနေရာတွေကိုလည်း ထည့်ပေးရမယ်။ ကျနော်တို့ သိသလောက် ဝန်ကြီးတင်မက ညွှန်ချုပ်တော်တော်များကိုလည်း ရွေးကောက်ပွဲဝင်ဖို့ ပြင်ခိုင်းထားတယ်။

ဦးရော်နီညိမ်း ။ ။ ဒီလေးလပတ် အစည်းအဝေးဟာ စစ်ရာထူးအပြောင်းအလဲတွေနဲ့ ကြားဖြတ်အစိုးရအတွက် ရာထူးတွေ ပြင်ဆင်တာအပြင် နောက်ထပ် စစ်ရေးဆိုင်ရာ ပြင်ဆင်တာ ရှိသေးသလဲ။

ဦးအောင်ကျော်ဇော ။ ။ ကျနော်ထင်တယ် တပ်ထဲမှာလည်း တချို့ တက်ကြွတဲ့ ရာထူးလိုချင်တဲ့ ကောင်တွေကို စစ်တိုက် ခိုင်းမှာပေါ့။ တဘက်ကလည်း အောက်ခြေက မတက်ကြွဘူး၊ အဲဒီလိုဖြစ်တယ်။ တဘက်ကလည်း နိုင်ငံတကာ အခြေအနေ နဲ့ ပြည်တွင်းက နိုင်ငံရေး၊ စီးပွားရေး အခြေအနေကြောင့် တိုက်နိုင်မနိုင် ပြောဖို့ခက်တယ်။ အထူးသဖြင့် အမေရိကန်နဲ့ ဆက်ဆံပြီးတဲ့နောက်မှာ သူတို့ ဘယ်လိုလုပ်ကြမလဲဆိုတာ မှန်းရခက်တယ်။

ဦးရော်နီညိမ်း ။ ။ ကျနော်တို့ ပြန်ကောက်ရမယ်ဆိုရင် အခုလာမယ့် လေးလပတ် အစည်းအဝေးဟာ စစ်တပ်နိုင်ငံရေးအရ သူတို့ချည့်ဘဲ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံရေးအရ ဒီတခေါက်မှာ ခါတိုင်းအခေါက်တွေထက် ဘယ်လောက်အရေးပါသလဲ။

ဦးအောင်ကျော်ဇော ။ ။ ၂၀၁၀ ရွေးကောက်ပွဲဟာ သူရဲ့ သေရေးရှင်ရေး ဖြစ်တော့ ၂၀၁၀ အတွက် အဓိက ပြင်ဆင်မှုလုပ် တဲ့ လေးလပတ်ဖြစ်တယ်။ ဗိုလ်ခင်ညွှန့်ကို ဖြုတ်တဲ့ လေးလပတ် နဲ့ ဒါနဲ့ဆိုရင် ဒီဟာက ပိုမြင့်တာပေါ့။ ပိုလည်း အရေးကြီး တယ် ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲကို သူပြောသလို နိုင်ငံတကာက အသိအမှတ်ပြုအောင်လုပ်ရမယ့် အစည်းအဝေးမှာ လူရွေးတာတင်မကဘူး၊ policy တခုလုံးကို စဉ်းစားရမယ့်အတွက် အခုလက်ရှိ လေးလပတ် မှာ တက်လာ မယ့်လူတွေက after election မှာ အရေးကြီးတဲ့နေရာတွေမှာ ရှိနေကြမယ့် လူတွေဖြစ်တဲ့အတွက် သူတို့ကို ပြည့်ပြည့်စုံစုံ ဆွေးနွေးပြီးတော့ သဘောထားတွေ ရယူဖို့ဖြစ်တယ်လို့ ကျနော်တော့ နားလည်တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG