သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် မူဝါဒကြောင့် တွေ့ဆုံဆွေးနွေးရေး လမ်းစ ပွင့်မည်ဟု ဦးဝင်းတင် မျှော်လင့်


အခုလာမယ့် သီတင်းပတ်ထဲ အမေရိကန် နိုင်ငံခြားရေးဌာနက အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဦးဆောင်ပြီး အမေရိကန် အရာရှိတွေ မြန်မာနိုင်ငံကိုသွားပြီး စစ်အစိုးရနဲ့ရော အတိုက်အခံနဲ့ပါ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေကြောင့် မြန်မာ့နိုင်ငံရေးမှာ အပြန်အလှန် တွေ့ဆုံဆွေးနွေးမှုတွေ တစုံတရာ လမ်းပွင့်သွားနိုင်တယ်လို့ NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ယူဆပါတယ်။ အကြောင်းစုံကို ဦးဝင်းတင်နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန် အရာရှိတွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ အခုလာမယ့် ဗုဒ္ဓဟူးနေ့ အဖွဲ့ချုပ် ရုံးချုပ်မှာပဲ တွေ့ဆုံဖို့ ရှိသလို အဲဒီနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့မယ်လို့ ယူဆရပါတယ်။ အင်္ဂါနေ့မှာတော့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်နဲ့ အဖွဲ့ဟာ နေပြည်တော်မှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

အခုလိုမျိုး အမေရိကန်ဘက်က မူဝါဒ အကောင်အထည်ဖော်ရေး အဓိက တာဝန်ရှိသူတွေက စစ်အစိုးရကိုရော၊ အတိုက်အခံကိုပါ တိုက်ရိုက် တွေ့ဆုံမှုတွေက တဆင့် မြန်မာ့နိုင်ငံရေးအတွက် တစုံတရာ အားဖြစ်စေမယ်လို့ အဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းတင်ကတော့ ယူဆထားပါတယ်။

“ကျနော်ကတော့ အကောင်းမြင်တယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အမှန်အတိုင်း ပြောရရင် ဒီစစ်အစိုးရက ကမ္ဘာကြီးနဲ့ ပိတ်နေတယ်၊ ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေတယ်၊ ကမ္ဘာကြီးထဲမှာ ဝင်တိုးလို့ မရဘူး ဖြစ်နေတဲ့ အနေအထား။ သူတို့တင် ဖြစ်တာမဟုတ်ဘူး၊ ကျနော်တို့လူတွေလည်း အကုန်လုံး ပိတ်နေတာ။ ကျနော်တို့နဲ့လည်း ဘာမှ အဆက်အဆံမရှိ ဘာမရှိ ဖြစ်နေတာ။

“အဲဒီအနေအထားကနေ အခုလို ကမ္ဘာ့ သြဇာရှိတဲ့ နိုင်ငံကြီး တနိုင်ငံက နေပြီးတော့ အဆင့်မြင့် အရာရှိတွေနဲ့ စပြီးတော့ တိုက်ရိုက် ထိတွေ့ဆက်ဆံတဲ့ လုပ်ငန်းစဉ်အတိုင်း လာပြီးတွေ့တယ်ဆိုတော့ ဘာပဲပြောပြော စစ်အစိုးရ အနေနဲ့လည်း ကမ္ဘာနဲ့ ထိတွေ့ခွင့်၊ ကမ္ဘာနဲ့ တွေ့မြင်ခွင့်ရမယ်၊ သူတို့ရဲ့ သဘောထားတွေ သူတို့ ပြောလို့ရသလို အလားတူပဲ သူတို့နဲ့ ဆက်စပ်ပြီးတော့ ကျနော်တို့လို နိုင်ငံရေး အင်အားစုများ၊ နိုင်ငံရေး အဖွဲ့များလည်း ဒီလိုပဲ ကမ္ဘာနဲ့ ထိတွေ့ဆက်ဆံခွင့် ရလာတဲ့ အခါကြတော့ ကျနော်တို့အဖို့ အများကြီး ကောင်းတယ်လို့ပဲ ယူဆတယ်။ ဖြစ်တာ မဖြစ်တာကတော့ တပိုင်း၊ အကောင်းမြင်တာက တပိုင်း။”

အခုအနေအထား အရတော့ နိုင်ငံရေးဘက်မှာ စစ်အစိုးရက ရွေးကောက်ပွဲ လုပ်မယ့်ကိစ္စကို ဦးတည်နေပေမဲ့ အဖွဲ့ချုပ်ကတော့ သူတို့ရဲ့ ရွှေဂုံတိုင် ကြေညာချက်ကို ကိုင်စွဲပြီးတော့ ဖွဲ့စည်းပုံထဲမှာ ဒီမိုကရေစီ နည်းမကျတဲ့ အချက်တွေကို ပြင်ရေး ဦးတည်ပြီး တောင်းဆိုနေတာပါ။ ဒါဟာ နှစ်ဘက်ရဲ့ ကွဲလွဲချက် ဖြစ်နေပါတယ်။

အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အနေနဲ့တော့ ဒီကိစ္စကို ဖြေရှင်းနိုင်မယ်လို့ ဦးဝင်းတင်ကတော့ မယူဆပါဘူး။ ဒါပေမဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အခုလက်ရှိ မူဝါဒ ချပြီး ဆောင်ရွက်မှုကြောင့် အတိုက်အခံနဲ့ အစိုးရကြားမှာ နှစ်ဘက် တွေ့ဆုံဆွေးနွေးရေးလမ်းတွေ ပေါ်လာနိုင်တယ်လို့ ဦးဝင်းတင်က မျှော်လင့်ထားပါတယ်။

စစ်အစိုးရဘက်က သူတို့အပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ချရေးကိစ္စ ဆွေးနွေးချင်သလိုပဲ သူတို့ဘက်ကလည်း နိုင်ငံရေး အပြောင်းအလဲတွေ၊ နိုင်ငံရေးကိစ္စတွေကို တွေ့ဆုံဆွေးနွေးချင်တယ်လို့ ဆိုပါတယ်။ ဒီ ၂ ချက်စလုံးကို အမေရိကန်ရဲ့ မြန်မာ့အရေး မူဝါဒမှာ တွေ့ရတယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

“လမ်းပေါက်ရှိတာ ဘာလဲဆိုတော့ နှစ်ဘက် တွေ့ဆုံဆွေးနွေးရေးပေါ့ဗျာ။ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများနဲ့ စစ်အစိုးရကြားမှာ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်ဖို့ပဲ။ ဒါက အမေရိကန် အစိုးရရဲ့ သဘာထားမှာလည်း၊ မစ္စတာကမ်းဘဲလ်တို့ရဲ့ mission မှာလည်း ပါပြီးသား ဖြစ်နေတယ်။ စစ်အစိုးရနဲ့လည်း အမေရိကန်အစိုးရ ကိုယ်စားလှယ်များနဲ့ တွေ့မယ်၊ အမေရိကန် အစိုးရ ကိုယ်စားလှယ်များနဲ့ အတိုက်အခံ အင်အားစုများလည်း တွေ့မယ်၊ အတိုက်အခံ အင်အားစုများနဲ့ စစ်အစိုးရကြားမှာ တွေ့ဆုံဆွေးနွေးရေးကိုလည်း သူတို့ ဖန်တီး ဖော်ဆောင်သွားမယ်လို့ သူတို့ရဲ့ ရည်မှန်းချက်ထဲမှာ ပြောပြီးဖြစ်တဲ့အတွက် အဲဒီဟာ ပေါ်လာရင်တော့ အကောင်းဆုံး ဖြစ်မယ်လို့ ကျနော် မှန်းတယ်။”

ဦးဝင်းတင်အနေနဲ့ အခုလို အမေရိကန်အစိုးရ တာဝန်ရှိသူတွေ လာရောက်မယ့်အပေါ် အမေရိကန် မူဝါဒအရ တိုက်ရိုက်ဆက်ဆံ ဆောင်ရွက်သွားမယ့် အပေါ်မှာ အပြုသဘော အမြင်ရှိပေမဲ့ တဘက်မှာတော့ တကယ်တမ်း ထင်သလို အပြောင်းအလဲတွေ မြင်ရပါ့မလားဆိုတဲ့ သံသယတွေကတော့ ရှိတယ်လို့ ပြောရမှာပါ။

“ထုံးစံအတိုင်းပဲ နိုင်ငံရေးမှာ စကားသံနဲ့တင် မပြီးပါဘူး။ လက်တွေ့လုပ်ကိုင်ခြင်း၊ လက်တွေ့ အကောင်အထည် ဖော်ခြင်း၊ လက်တွေ့ ဆောင်ရွက်ခြင်းက အရေးကြီးပါတယ်။ အဲဒါတွေအတွက် ဖြစ်မှ ဖြစ်ပါ့မလားလို့ ကျနော်တို့အနေနဲ့ကတော့ ရင်တမမနဲ့ပေါ့ဗျာ။ စိုးရိမ်ချက်ကတော့ ကျနော်တို့မှာရှိတယ်လို့ ပြောချင်ပါတယ်။”

အဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းတင်ရဲ့အမြင် ဖြစ်ပါတယ်။

အခု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်ရဲ့ ခရီးစဉ်ဟာ ၁၀ နှစ်ကျော် အတွင်းမှာ အမေရိကန်ဘက်က အဆင့်အမြင့်ဆုံး တာဝန်ရှိသူ လာရောက်တာ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်တုန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း၊ အဲဒီတုန်းက ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး မက်ဒလင်း အောလ်ဘရိုက် (Madeleine Albright) လာရောက်ခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံနိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG