သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မူဝါဒ ပြောင်းလဲမှု ဘယ်ဆီ ဦးတည်နေသလဲ?


မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲများ ပြန်ဖြစ်လာခဲ့တယ်။ ဒေါ်စု က ဗိုလ်ချုပ်မှုးကြီးသန်းရွှေထံ ရေးသားထားတဲ့ စာထဲမှာ တောင်းဆိုထားတဲ့အတိုင်း အမေရိကန် (American)၊ သြစတြေးလျ (Australia)၊ ဥရောပသမဂ္ဂ္ဂ (European Union) သံတမန်များနဲ့ တွေ့ခွင့်ရခဲ့တယ် စတာတွေမှာ မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒအသစ် ကြေညာလိုက်ပြီးနောက်ပိုင်း ထွက်ပေါ်လာတဲ့ ပြောင်းလဲတိုးတက်မှုတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီရှေ့ရှုတဲ့ ပြုပြင်ပြောင်းလဲမှု နဲ့ နိုင်ငံတကာ ပိတ်စို့အရေးယူမှုအကြား ချိန်ခွင်လျှာ ညှိယူဖို့ ကြိုးပမ်းလာကြတာလည်း ဖြစ်ပါတယ်။

ဒီ ပြောင်းလဲမှုတွေ ဘယ်ဆီကို ဦးတည်နေသလဲဆိုတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအခြေစိုက် ဗမာပြည်ကွန်မြူနစ်ပါတီ အဖွဲ့ဝင် ရဲဘော်ဖိုးသံချောင်း ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ရဲဘော်ဖိုးသံချောင်း ။ ။ အခုဟာက အမေရိကန် နဲ့ နအဖ နှစ်ဖက်စလုံးကနေပြီးတော့ သူတို့ချင်း ဆက်ဆံရေးအသစ် ထူထောင်ဖို့အတွက် ဒလကြမ်းကြိုးစားနေကြတယ်လို့ ကျနော်မြင်ပါတယ်။ အဓိက သူတို့ ရည်ရွယ်တာက အမေရိကန်ကလည်း ဂျင်မ်ဝက်ဘ် (Jim Webb) ပြောထားသလို ဗမာပြည်ကို တရုတ်အောက်က ဆွဲထုတ်ရေး ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ ဗိုလ်သန်းရွှေတို့ဘက်ကလည်း သူတို့ရဲ့ အဆက်ဆက် ကြိုးစားလာခဲ့ကြတဲ့ အမေရိကန်နဲ့ အဆက်အသွယ်ရရေး ရည်မှန်းချက်အတွက် လုပ်တာပါ။ ကျနော်အမြင်ကတော့ နှစ်ဖက်စလုံးရဲ့ အဓိက ရည်မှန်းချက်တွေထဲမှာ ဗမာပြည်သူတွေရဲ့ အကျိုးမပါဘူးလို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အထက်လွှတ်တော် ဂျင်မ်ဝက်ဘ် နဲ့ အမေရိကန်အစိုးရကို ကျနော်အနေနဲ့ ခွဲမြင်ပါတယ်။ ဂျင်မ်ဝက်ဘ်ရဲ့ ပြောစကားတွေအရဆိုရင် မြန်မာပြည်ပေါ် ဆက်ဆံရေးကိစ္စမှာ တရုတ်နဲ့ အမေရိကန် အားပြိုင်မှုကြားမှာ ဗမာပြည်ကို အမေရိကန်ဖက်ကို ပြန်ဆွဲခေါ်ယူဖို့ ကြိုးစားတယ်ဆိုတာ အထက်လွှတ်တော်အမတ်တဦးအနေနဲ့ သူရဲ့အမြင် တခုဘဲဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။ အမေရိကန်အစိုးရရဲ့ မူဝါဒအနေနဲ့က မြန်မာနိုင်ငံအပေါ်ကို ပိတ်စို့အရေးယူရေးတွေ ဆက်လျှက်ထားရှိပြီးတော့ မြန်မာပြည်အတွင်းမှာ ရှိနေတဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်မှုအပေါ်အခြေခံပြီးမှ တဖြည်းဖြည်းနဲ့ လျှော့ချသွားမယ်၊ ဆက်ဆံသွားမယ် မူဝါဒ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ (ဘယ်လိုမြင်ပါသလဲ)။

ရဲဘော်ဖိုးသံချောင်း ။ ။ အမေရိကန်အစိုးရ နဲ့ ဂျငမ်ဝက်ဘ် တသားတည်းလို့ ပြောလို့မရပါဘူး။ ဒါပေမဲ့ ဖြစ်ပျက်ခဲ့တွေအားလုံးဟာ သာမန်တိုက်ဆိုင်မှုလို့ ပြောရင်တော့ ကျနော်တို့ နိုင်ငံရေးအရ အင်မတန် ရိုးစင်းလွန်ရာ ကြမယ်လို့ ထင်တယ်။ အကုန်လုံးက ဆက်တိုက်ကြီးဖြစ်လာတာပါ။ တခုပြီးတခု ဂျင်မ်ဝက်ဘ် လာတာ၊ နောက်ပြီးတော့ အမေရိကန်က ဆက်တိုက်ဝင်လာတာ၊ ဗမာနိုင်ငံက လူတွေ ထွက်ကြတာ၊ အိုဘားမားနဲ့ အတူတူ စင်္ကာပူမှာ သွားတွေ့ကြအုန်းမှာ အကုန်လုံးက ဆက်တိုက်ပါ။ ဒါတွေဟာ အစီအစဉ်မရှိနဲ့ ဖြစ်လာတာလို့ အမေရိကန်ဘက်က ရည်ရွယ်ချက်မရှိ ဖြစ်လာတာလို့ မမြင်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ အမေရိကန်အစိုးရအနေနဲ့လည်း ဒီကိစ္စကို အတိအကျ ဝန်ခံပြောကြားထားတာ ရှိပါတယ်။ ဒီကိစ္စတွေဟာ အခုမှ ဖြစ်လာတာ မဟုတ်ပါဘူး။ မြန်မာပြည်ဘက်ကနေပြီး အမေရိကန်အစိုးရနဲ့ ပြန်လည်ဆက်ဆံခြင်းပါတယ်၊ ဆက်ဆံရေးလုပ်ချင်ပါတယ်ဆိုတဲ့ messages တွေ ထွက်နေတာ အတော်ကြာခဲ့ပါပြီ။ ဒီ messages တွေက မြန်မာနိုင်ငံဘက်က တကယ့် ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတဲ့ အထက်ဖက်က လာတာလားဆိုတာကို အသေအချာ စုံစမ်းပြီးတော့မှ အခုနောက်ပိုင်း သေချာတော့မှ ဒီကိစ္စ ပေါ်လာတာလို့ ပြောထားပါတယ်။ အဲဒီတော့ ဒီမတိုင်ခင်မှာ ကျနော်တို့ သိရသလောက် ဥပမာအားဖြင့် တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ (၂) နှစ်လောက်က ဗမာပြည်က ဝန်ကြီး နှစ်ဦး သုံးဦး နဲ့ အခုလက်ရှိ ယိုးဒယားမှာရှိတဲ့ အမေရိကန်ဆိုင်ရာ သံအမတ်ကြီး Eric John (Eric John က အဲဒီအချိန်တုန်းက အမေရိကန်ပြည်ထောင်စုရဲ့ အာရှပစ္စဖိတ်ရေးရာ အငယ်တန်းဝန်ကြီးတယောက် ဖြစ်ပါတယ်)။ သူတို့ တွေ့ဆုံပွဲတွေလည်း ရှိခဲ့ဘူးတယ်ဆိုတော့ အဲဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ဘယ်လိုဆက်စပ်ပြီး ပြောလို့ရနိုင်မလဲ။

ရဲဘော်ဖိုးသံချောင်း ။ ။ ဗမာပြည်အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံကြီးတွေ ဆောင်ရွက်ကြတဲ့အခါမှာ ကျနော်ထင်တယ် သူတို့အချင်းချင်း တိုင်ပင်တာ၊ ဆွေးနွေးတာတွေ ရှိလိမ့်မယ်လို့ အမြဲတမ်း စဉ်းစားမိပါတယ်၊ သံသယလည်း ဖြစ်ပါတယ်။ ဗမာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ ဗမာအစိုးရ နဲ့ အမေရိကန် ပြန်ဆက်တော့မယ်၊ ဗမာအစိုးရကို ပြန်ဆွဲတော့မယ်ဆိုတဲ့ ကိစ္စမှာ အမေရိကန်က ဒီ ခြေလှမ်းကို မလှမ်းခင်၊ ပီကင် (Peking/Beijing) ကို အသိပေးတယ်လို့ ယူဆပါတယ်။ ကျနော် နားလည်းသလောက်၊ စဉ်းစားမိသလောက်ဆိုရင် နိုင်ငံကြီးတွေဟာ သူတို့နိုင်ငံကြီးတွေရဲ့ ပတ်ဝန်ကျင် က ရှိတဲ့ အိမ်နီးနားချင်းနိုင်ငံတွေကို သွားပြီးတော့ တခုခုလုပ်မယ်၊ ဆက်ဆံမယ်ဆိုရင် တဖက်နိုင်ငံကြီးကို လေးစားသမှု၊ အသိအမှတ်ပြုတဲ့အနေနဲ့ အသိပေးလေ့ရှိပါတယ်။ ဒါ သူတို့ရဲ့ ကြေညာမထားတဲ့၊ ရေးသားမထားတဲ့ စည်းကမ်းတခု ဖြစ်နေပါတယ်။ အဲဒါအရ အမေရိကန်ကလည်း ဗမာပြည်ကို ပေါ်လစီ ကြီးကြီးမားမား ပြောင်းလဲမယ်ဆိုရင် တရုတ်ကို အသိပေးပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီပုံအတိုင်းဆိုလို့ရှိရင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်တို့ မူဝါဒတွေမှာ ပူးပေါင်းညှိနှိုင်းမှုတွေ ရှိနေတယ်ဆိုတဲ့ သဘောကို ဆိုချင်တာပေါ့။ ဒါဆိုလိုရှိရင် အစောပိုင်းကပြောတဲ့ အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် ပြောသလို မြန်မာပြည်အရေးမှာ အမေရိကန်နဲ့ တရုတ်တို့အကြား အားပြိုင်နေမှုဆိုတာမျိုးကို ကျနော်တို့ ပြောလို့မရနိုင်တော့ဘူးပေါ့။

ရဲဘော်ဖိုးသံချောင်း ။ ။ ညှိနှိုင်းမှုရှိတယ်။ တဖက်နဲ့တဖက် ပြောကြတယ်ဆိုတာနဲ့ သဘောတူညီမှုရတဲ့ဆိုတာ တခြားစီပါ။ အရင် စစ်အေးခေတ် ကာလတုန်းကလည်း အမေရိကန်ထိပ်သီးတွေ နဲ့ ဆိုဗီယက် (Soviet) ထိပ်သီးတွေ တွေ့နေတယ်။ ဒါပေမဲ့ သဘောတူညီမှု အမြဲရနေတာ မဟုတ်ဘဲ။ သူတို့တွေ့တယ်၊ ညှိနှိုင်းတယ်၊ ပြောကြည့်တယ်။ ဒါပေမဲ့ ညှိနှိုင်းတိုင်း သဘောတူညီမှုရတယ်လို့ အဓိပ္ပါယ် မထွက်ဘူးထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ အမေရိကန်ရဲ့ ထုတ်ဖော်ပြောကြားထားတဲ့ လိုလားချက်က မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီ ရှေ့ရှုတဲ့ ပြုပြင်ပြောင်းလဲမှုပေါ့။ ဒါပေမဲ့ တဖက်က မြန်မာစစ်အစိုးရဘက်ကတော့ အတိအကျ လိုလားတာကတော့ သူတို့အပေါ် ချထားတဲ့ ပိတ်စို့ဒဏ်ခတ်မှုတွေကို ဖျက်သိမ်းပေးရေး။ ဒီ ပိတ်စို့ဒဏ်ခတ်မှုတွေဟာ ပြည်သူတွေဘဲ ထိခိုက်တယ်၊ မြန်မာပြည်မှာ ဆင်းရဲမွဲတေနေတာဟာ ပိတ်စို့ဒဏ်ခတ်မှုတွေကြောင့် ဖြစ်တယ်။ ဒါဟာ မတရားဘူးဆိုပြီး မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေအနေနဲ့ အတိအလင်း ပြောကြားထားတာ ရှိပါတယ်။ ဒါပေမဲ့လည်း အများမြင်တာကတော့ ပိတ်စို့ဒဏ်ခတ်မှုတွေဟာ၊ စစ်အစိုးရကိုဘဲ ပိုပြီးတော့ ထိခိုက်တယ်၊ ဗမာပြည်အတွင်းမှာ ဖြစ်ပျက်နေတဲ့ ဆင်းရဲမွဲတေမှုတွေဟာ စစ်အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေ၊ မတရားကြိုးကိုင်မှုတွေ၊ ခေါင်းပုံဖြတ်မှုတွေကြောင့် ဖြစ်တယ်လို့ ယူဆသူတွေ ရှိကြတယ်။ အဲဒီတော့ အမေရိကန်အစိုးရအနေနဲ့ ပိတ်စို့ဒဏ်ခတ်မှုတွေကို လျှော့ပေးလာမဲ့ အလားအလာ ရှိလာပြီးဆိုရင် ဒါ ဘယ်သူဖက်အတွက် ပိုပြီးတော့ အကျိုးရှိလာမယ်လို့ ထင်ပါသလဲ။

ရဲဘော်ဖိုးသံချောင်း ။ ။ ကျနော်မြင်တာကတော့ ပိတ်စို့မှုပြဿနာနဲ့ ပတ်သက်ပြီးတော့ အကြောင်းရင်းကို အရင်ကိုင်ထားဖို့ ကောင်းတယ်လို့ ထင်တယ်။ ပိတ်စို့မှု ဘာကြောင့်ပေါ်လာသလဲ၊ အကြောင်းရင်းက ဘယ်မှာလဲ၊ အကြောင်းရင်းက ဗမာပြည်ထဲက ပြဿနာဘဲ၊ အစိုးရရဲ့ ပြဿနာ။ အခုဟာက အကြောင်းရင်းကို ဖြေရှင်းဖို့ မကြိုးစားဘဲနဲ့ အကျိုးဆက်ကို ဖြေရှင်းဖို့ ကြိုးစားနေကြတာ။ အဖြေတခုခုတော့ ထွက်ရင်ထွက်မယ်။ ဒါပေမဲ့ ဗမာပြည်လူထုက ကြားကနားလိမ့်မယ်ထင်တယ်။ ဆိုလိုတာ ယုန်လိုက်တာ တောသာကြေတယ်၊ နောက်ဆုံးကြတော့ ယုန်လည်းမရဘူး ဆိုတာမျိုး။ နောက်ဆုံးကြတော့ ဗမာပြည် ပြည်သူလူထုက ဒီမိုကရေစီနဲ့ ပိုသာဝေးသွားမယ်၊ ဆင်းရဲမွဲတေမှု ပိုနက်သွားမယ် သူတို့ချင်းက ပြေချင်လည်းပြေသွားမယ်။ သူတို့ချင်းက အကျိုးစီးပွားတွေ ခံစားကြမယ်။ ကြားကခံရမှာ ပြည်သူလူထု တောကြေမှာဘဲလို့ ကျနော်မြင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပိတ်စို့ဒဏ်ခတ်မှုတွေကို ရုတ်သိမ်းပေးရေးအတွက် စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားလိုပါတယ်။ အဲဒီအတွက်ကြောင့်မို့လည်း ပိတ်စို့ဒဏ်ခတ်မှုတွေရဲ့ ထိခိုက်မှုတွေအကြောင်း ပိတ်စို့ဒဏ်ခတ်မှုတွေရဲ့ သဘောသဘာဝအကြောင်းတွေကို ပိုပြီးသိရဖို့အတွက်လည်း အနောက်နိုင်ငံ သံတမန်တွေနဲ့ တွေ့ခွင့်ပေးပါဆိုလို့ တွေ့ဆုံခွင့်ပေးလိုက်တာတွေကို ကျနော်တို့ မြင်နေရပါပြီ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (ဒီကိစ္စအပေါ်) ချည်းကပ်မှုပုံစံကို ဘယ်လိုမြင်ပါသလဲ။

ရဲဘော်ဖိုးသံချောင်း ။ ။ ကျနော်မြင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ သဘောထားကြီးမှု၊ ပြည်သူအကျိုး၊ တိုင်းပြည်အကျိုး လိုလာမှုကို ဖော်ပြချင်တဲ့ဘက်က အစချီတယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ အဲဒီကနေ ဘယ်အထိရောက်မယ်ဆိုတာကတော့ သူလည်းဘဲ မှန်းလို့မရနိုင်ဘူးလို့ ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ စစ်အစိုးရရဲ့ သန္ဓေဗိဇကိုက သူတို့လုပ်ချင်ရာလုပ်တဲ့ဟာပါ။ အခုလို တွေ့ဆုံပေးတယ်ဆိုတာနဲ့ ဘာအဓိပ္ပါယ်မှ မရောက်တာလည်း ဖြစ်သွားနိုင်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်လည်း သိပါတယ်လို့ ထင်တယ်။ အခု ဦးအောင်ကြည်နဲ့ တွေ့နေတာမျိုးပေါ့။ မဗေဒါ ရေခတ်ဆင်းခိုင်းသလို လုပ်ထားတာမျိုး အဲဒါမျိုးဘဲ ဖြစ်နိုင်သေးတယ်လို့ ထင်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဆရာရဲ့ သဘောအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲဆိုရာမှာ ဦးအောင်ကြည် အဆင့်နဲ့ မလုံလောက် ဘူးပေါ့။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က ကိုယ်တိုင်တွေ့ဆုံလာမယ်၊ ညှိနှိုင်းလာမယ်ဆိုရင်ရော။ အဲဒီလို ညှိနှိုင်းလာမဲ့ အလားအလာတွေ မြင်သလား။

ရဲဘော်ဖိုးသံချောင်း ။ ။ အခုထိတော့ မမြင်သေးပါဘူး။ အခုထိ မမြင်သေးဘူးဆိုတာ ဗိုလ်သန်းရွှေအနေနဲ့ ဒါဟာ အင်မတန်ကိုမှ နိုင်ငံရေး အကျဉ်းအကြပ်ရောက်လာမှ လှမ်းမယ့်ခြေလှမ်းလို့ ထင်တယ်။ အခုဟာက ဦးအောင်ကြည်နဲ့ဆိုတာကလည်း နိုင်ငံတကာ အာဘော်တပိုင်း၊ ဗမာပြည် လူတွေရဲ့ မျက်စီကို လှည့်စားဖို့ အချိန်ဆွဲနေတဲ့ လုပ်နည်းတမျိုးလို့ ကျနော်ထင်တယ်။ ဒီလိုနဲ့ဘဲ ရွေးကောက်ပွဲဆိုတာကို ရောက်သွားလိမ့်မယ်လို့ ကျနော်ထင်နေတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဆရာက ရွေးကောက်ပွဲအကြောင်းပြောတယ်ဆိုတော့ ရွေးကောက်ပွဲကို တချို့က ၂၀၁၀ မှာ လုပ်ဖို့ဆိုတာ တော်တော်လေး အလားအလာမရှိဘူးလို့ ပြောနေကြပါတယ်။ ဆရာအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ရဲဘော်ဖိုးသံချောင်း ။ ။ ရွေးကောက်ပွဲဆိုတာက လက်ထဲမှာ သေနတ်ရှိရင် အချိန်မရွေး လုပ်လို့ရတာဘဲ။ အာဏာရှိရင် လုပ်လို့ရတာဘဲ။ အခုလုပ်ချင် အခုလုပ်လို့ရတယ်၊ အခုဖျက်ချင်ရင် အခုဖျတ်လို့ရတယ်။ အခု ရွေးကောက်ပွဲလုပ်မယ်ဆိုတာ ဗမာပြည်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတာက နအဖ အနေနဲ့ မူ တခုအပေါ်မှာ၊ ဒါမှမဟုတ် ကျင့်ဝတ်တခုအပေါ်မှာ လုပ်ရတဲ့ဟာမျိုး မဟုတ်ဘူး။ သူတို့လုပ်ချင်လို့ လုပ်တာ မလုပ်ချင်လည်း နေလို့ရတယ်ဆိုတဲ့ ပေါ်လစီ သူတို့အပြည့်ရှိနေတယ်။ ဒါဟာ အခြေအနေကြည့်ပြီးတော့ သူတို့ လုပ်ချင်လည်းလုပ်မယ်၊ မလုပ်ချင်လည်း မလုပ်ဘူး။ ကျနော်တို့ ကြားတဲ့တခုမှာ သူတို့ ညွှန်ကြားတဲ့အထဲမှာ ရွေးကောက်ပွဲဟာ လုပ်ချင်မှလည်း လုပ်ဖြစ်မယ်ဆိုတာမျိုး ကြားရတယ်။ အဲဒီတော့ နအဖ က ရွေးကောက်ပွဲကိုလည်း နိုင်ငံရေးကစားတဲ့ဟာတခုလိုဘဲ နိုင်ငံတကာနဲ့ ဈေးစစ်တဲ့ဟာ တခုလိုဘဲ လုပ်နေတယ်လို့ ပြောရပါလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ အမေရိကန်မူဝါဒအကြောင်းကို ဆွေးနွေးရင်နဲ့ ဆွေးနွေးချက်တွေထဲမှာ ပါလာတဲ့အကြောင်းအရာကလည်း ရွေးကောက်ပွဲဖက်ကို ဦးတည်လာပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲတွေကို အခုလက်ရှိ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆက်ပြီးတွန်းလုပ်သွားမယ်ဆိုရင် ဒါဟာ မတရားဘူး၊ မျှတတဲ့ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူးဆိုတော့ အမေရိကန်အစိုးရဘက်က ယုံကြည်မှုတွေလည်း ရှိနေတယ်ဆိုတော့ ဒီကိစ္စအပေါ်ကို နအဖအနေနဲ့ အလျှော့ပေးလာပြီးတော့ အခြေခံဥပဒေအပိုင်းမှာ အပြောင်းအလဲတွေ လုပ်လာဖို့ မျှော်လင့်သလား၊ အတိုက်အခံတွေအားလုံးကို ပါဝင်လာနိုင်စွမ်းရှိစေမယ့် ရွေးကောက်ပွဲမျိုး ကျင်းပဖို့ သူတို့အနေနဲ့ လုပ်လာနိုင်စရာရှိလား။ ဘာကြောင့်လည်းဆိုတော့ မြန်မာစစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တောင်မှဘဲ ဒီ ရွေးကောက်ပွဲရဲ့ ရလဒ်ကို နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုက ပိုပြီးအရေးကြီးနေတယ် မဟုတ်ဘူးလား။

ရဲဘော်ဖိုးသံချောင်း ။ ။ နအဖ ဘာလုပ်မလဲဆိုတာကို မှန်းပြောတာ တော်တော်ခက်ပါတယ်။ နိုင်ငံရေးဆိုတာက ဗေဒင်ဟောသလို ကျနော်လည်း သိပ်မလုပ်ချင်ဘူး။ ဒါပေမဲ့ နအဖရဲ့ သန္ဓေ သဘောအရ ပြောရလိုရှိရင် သူဟာ သူတို့အတည်ပြုပြီးတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေကို ပြင်ပြီးတော့လုပ်မှာ မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ အဲဒါကတော့ သူတို့ရဲ့ အခြေခံအကျဆုံး တောင်းဆိုချက်ဘဲ။ သူတို့က ဖြစ်နိုင်လို့ရှိရင် ပါလီမန်ထဲမှာ သူတို့လူ ရာခိုင်နှုန်း (၅၀) လိုချင်မယ်။ အခုလက်ရှိ တောင်းထားတဲ့ (၂၅) ထဲက တပြားမှ အလျှော့ခံမှာ မဟုတ်ဘူး ထင်ပါတယ်။ အဲဒီအတိုင်းဘဲ အခုလာမဲ့ ရွေးကောက်ပွဲမှာ ဘယ်သူတွေ အသိမှတ်ပြုပြုမပြုပြု သူတို့ကတော့ လုပ်မှာဘဲလို့ ကျနော်ထင်တယ်။ နိုင်ငံတကာက အာဘော်ပိုင်း၊ နိုင်ငံတကာအမြင်ကို ထောက်ထားပြီးတော့ ဆုံးဖြတ်လိမ့်မယ်လို့ မယူဆပါဘူး။ သူတို့ ထောက်ထားတာ ပြည်တွင်းက အခြေအနေတွေ၊ သူတို့ အာဏာတည်မြဲမှု အခြေအနေတွေကို ကြည့်ပြီးတော့ လုပ်တာပါ။ အခု ရွေးကောက်ပွဲကို ဆိုင်းနေတယ်ဆိုတာကလည်း သူတို့အတွင်းမှာ ပြဿနာတွေ ရှိနေသေးတယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့ အချိန်ဆွဲနေ ကြာနေတာ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို မပြင်ပေးဘူး၊ ပြင်ဆင်မှုတွေ တစုံတရာမလုပ်ဘူးဆိုလိုရှိရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲဖြစ်လာခဲ့ရင် ဝင်သင့်သလား။

ရဲဘော်ဖိုးသံချောင်း ။ ။ ဒါကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကျနော်က ဝင်သင့်တယ်၊ မဝင်သင့်ဘူးလို့ မပြောသင့်ဘူး။ ဒါပေမဲ့ ကျနော်တို့အနေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချမှတ်ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်း ဟာ အကျိုးအကြောင်း ဆီလျော်တယ်၊ ကောင်းတယ်။ ဒါကြောင့်မို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ဒီကြေညာစာတမ်းပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG