သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခွင့် ပြုခဲ့တဲ့အတွက် မြန်မာစစ်အစိုးရကို ဒေါ်စု ကျေးဇူးတင်


ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်က လာရောက်တဲ့ သံတမန်တွေနဲ့ တွေ့ဆုံခွင့် ပေးခဲ့တဲ့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာစစ်အစိုးရကို ကျေးဇူးတင်ရှိတယ်လို့ ပြောကြားလိုက်ကြောင်း မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလို ပြောကြားခဲ့ပါတယ်။

“အဓိကကတော့ အကြောင်းအရာ မစ္စတာကမ်းဘဲလ်နဲ့ စကော့ မာဆီယယ် (Scot Marciel) တို့နဲ့ တွေ့ခဲ့တဲ့ အသေးစိတ် ဆွေးနွေးချက်တွေကိုတော့ သူ မပြောပါဘူး။ ဒါပေမဲ့ သူပြောတာက ဒီပုဂ္ဂိုလ်တွေဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး စေတနာလည်း ရှိတယ်၊ အလေးအနက်လည်း ထားတယ်။ ဒါကြောင့် သူတို့ကိုလည်း ကျေးဇူးတင်တယ်။ ပြီးတော့ ဒီလိုတွေ့နိုင်အောင် စီစဉ်ပေးတဲ့ နအဖကိုလည်း ကျေးဇူးတင်တယ်။ ဒီ့ထက်ထိ ပိုပြီး တိုးတက်မှုတွေ ရှိမယ်လို့လည်း ယုံကြည်တယ်။ အဲဒါ ပြောလိုက်ပါတယ်။”

ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ၁၄ နှစ်လောက် အကျယ်ချုပ်၊ အကျဉ်းချုပ်တွေနဲ့ နေထိုင်နေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရနဲ့ ပတ်သက်ပြီး အခုလို အကောင်းပြောဆိုတာမျိုးက ထူးခြားနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ သြဂုတ်လတုန်းက သူ့ကို စစ်အစိုးရက ထောင်ဒဏ် ၃ နှစ် ချမှတ်ပြီးတော့မှ တနှစ်ခွဲ ဆိုင်းငံ့ပြစ်ဒဏ်နဲ့ လျှော့ပေါ့ သတ်မှတ်ပေးထားတဲ့ စီရင်ချက်ကို တရားရုံးချုပ်အထိ အယူခံ ထပ်ဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။ မနေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးဉာဏ်ဝင်း အပါအဝင် သူ့ရဲ့ အကျိုးဆောင်ရှေ့နေကြီး ၄ ယောက်နဲ့ သုံးနာရီနီးပါး တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံက အပြန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာဆီယယ် (Scot Marciel) က ဘန်ကောက်လေဆိပ်မှာ ပြောဆိုရာမှာတော့ သူ့ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေကြားမှာ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာစေရေး စစ်အစိုးရကို တိုက်တွန်းဖို့ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG