သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ILO ကို ဒေသအာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်မှု အားနည်း


မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေး ဆောင်ရွက်မှုတွေမှာ စစ်အစိုးရ အာဏာပိုင်တွေဘက်က ထိပ်ပိုင်းအဆင့်မှာ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိပေမဲ့ အောက်ခြေအဆင့်မှာတော့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ ILO အရာရှိတွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုအတွက် ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ထံ တိုင်ကြားမှုတွေ ပြီးခဲ့တဲ့နှစ်အတွင်း တိုးလာတယ်လို့ နိုဝင်ဘာလ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံအတွင်းက အဓမ္မ လုပ်အားပေးခိုင်းမှုဆိုင်ရာ ILO ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေအတွက် တိုင်ကြားရေးဆိုင်ရာ သဘောတူညီချက် စာချွန်လွှာကို မြန်မာစစ်အစိုးရနဲ့ ILO အကြား ရှိထားတဲ့ သဘောတူညီချက်အရ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေကို လွတ်လပ်စွာ တိုင်ကြားခွင့် ရှိတဲ့အကြောင်း စစ်အစိုးရ ထိပ်ပိုင်းအဆင့်က သဘောတူထားပေမဲ့လည်း အောက်ခြေအဆင့်မှာတော့ ဒီသဘောတူညီချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိဘူးလို့ ILO အမှုဆောင် ညွှန်ကြားရေးမှူး ကာရီ တာပီယိုးလား (Kari Tapiola) က ပြောပါတယ်။

“ဒီကိစ္စက ကျနော်တို့ ILO နဲ့ စစ်အစိုးရကြား ရှိနေတဲ့ ပြဿနာကြီး တခုပါ။ မတရား အဓမ္မခိုင်းစေမှုတွေကို တိုက်ဖျက်သွားမယ်လို့ ထိပ်ပိုင်း အာဏာပိုင်တွေက ကျနော်တို့ကို အကြိမ်ကြိမ် ကတိတွေပေးခဲ့ပေမဲ့ အဲဒီ သဘောတူညီချက်ကို အောက်ခြေ နယ်တွေမှာရှိတဲ့ အာဏာပိုင်တွေက လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ ကွာဟနေတာကို တွေ့ရပါတယ်။”

မြန်မာစစ်အစိုးရနဲ့ ILO အကြား ရှိထားတဲ့ သဘောတူညီချက်အရ ထိပ်ပိုင်းအာဏာပိုင်တွေက အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေကို လွတ်လပ်စွာ တိုင်ကြားခွင့် ပြုထားပါတယ်။ ဒါပေမဲ့ အဲဒီလို တိုင်ကြားသူတွေကို အောက်ခြေ အာဏာပိုင်တွေက ဖမ်းဆီး အရေးယူတာတွေ၊ ခြိမ်းခြောက်တာတွေ ရှိနေဆဲ ဖြစ်တဲ့အပြင် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကိုလည်း စစ်သားအဖြစ် စုဆောင်းမှုတွေ ရှိနေတုန်းပဲလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှုအတွက် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ထံ တိုင်ကြားမှုတွေ တိုးလာတယ်လို့ မစ္စတာ တာပီယိုးလားက ပြောပါတယ်။

“အခုထုတ်ပြန်တဲ့ အစီရင်ခံစာက အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ တိုင်ကြားရေးမှာ အသုံးပြုနိုင်တဲ့ နည်းလမ်းတွေကို ကျနော်တို့ သုံးသပ် တင်ပြထားပါတယ်။ ဒီနေရာမှာ ပြီးခဲ့တဲ့နှစ်အတွင်း အဓမ္မလုပ်အားပေး ခိုင်းစေမှုနဲ့ ပတ်သက်လို့ ILO ကို တိုင်ကြားလာကြသူ အရေအတွက် များလာတာကို တွေ့ရပါတယ်။ တချို့ ကလေးစစ်သား စုဆောင်းတဲ့ ကိစ္စတွေကို ဖြေရှင်းလိုက်နိုင်ပေမဲ့ ဒီတိုင်ကြားရေးနည်းစနစ်ကို အသုံးပြုတဲ့သူတွေ ဖမ်းဆီးခံရတယ်၊ ခြိမ်းခြောက်ခံရတယ်ဆိုတဲ့ သတင်းတွေကို ကျနော်တို့ ပြန်ကြားရပါတယ်။ ဒီကိစ္စတွေကို ကျနော်တို့ အစီရင်ခံစာထဲမှာ အသေးစိတ် ထောက်ပြထားပါတယ်။”

ဒါပေမဲ့ တဘက်မှာ တိုးတက်ကောင်းမွန်မှုတချို့ ရှိတာကိုလည်း တွေ့ရပါတယ်လို့ မစ္စတာ တာပီယိုးလားက ပြောပါတယ်။ ဥပမာ အဓမ္မလုပ်အားပေး ခိုင်းစေမှုနဲ့ ပတ်သက်လို့ လူထုပညာပေး လုပ်ငန်းတွေ ILO က ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တဲ့အတွက် လူထုအနေနဲ့ ဒီအပေါ်မှာ တော်တော်သိရှိလာကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းက အဓမ္မလုပ်အားပေး ခိုင်းစေမှု အခြေအနေတွေ တိုးတက်ကောင်းမွန်ဖို့အတွက် အာဏာပိုင်တွေအနေနဲ့ ပေးထားတဲ့ကတိအတိုင်း လက်တွေ့မှာ လုပ်ဆောင်ဖို့ လိုတယ်လို့ မစ္စတာ တာပီယိုးလားက ထောက်ပြပါတယ်။

“ကျနော်တို့ ပြောနေတာက အာဏာပိုင်တွေအနေနဲ့ ပေးထားတဲ့ ကတိတွေအတိုင်း လက်တွေ့ လိုက်လံ လုပ်ဆောင်ပေးဖို့ပါ။ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပပျောက်သွားအောင် လုပ်ဆောင်ဖို့ စစ်အစိုးရ အာဏာပိုင်တွေထံမှာ လုပ်ပိုင်ခွင့်အာဏာ ရှိနေပါတယ်။ ချမှတ်ထားတဲ့ သဘောတူညီချက်တွေ၊ အမိန့်တွေကို လိုက်နာဖို့ပဲလိုပါတယ်။ နောက် ဒီလို အဓမ္မလုပ်အားပေး ခိုင်းစေသူတွေကိုလည်း တရားဥပဒေအရ အရေးယူဖို့ လိုပါတယ်။”

အဓမ္မလုပ်အားပေး ခိုင်းစေမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်သူအနေနဲ့ ရာဇသတ်ကြီးဆိုင်ရာ ပြစ်မှုနဲ့ တရားစွဲဆို အရေးယူ ခံရနိုင်တဲ့အကြောင်း စစ်အစိုးရကိုယ်တိုင်က ဥပဒေ ပြဋ္ဌာန်းထားပြီးသား ဖြစ်ပါတယ်။

ILO အုပ်ချုပ်ရေးအဖွဲ့ရဲ့ ညီလာခံကို ဆွတ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ နိုဝင်ဘာလ ၅ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကျင်းပနေတာဖြစ်ပြီး မြန်မာနိုင်ငံက အဓမ္မလုပ်အားပေး ခိုင်းစေမှုဆိုင်ရာ အစီရင်ခံစာနဲ့ ပတ်သက်လို့တော့ နိုဝင်ဘာလ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG