သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမားနဲ့ မြန်မာဝန်ကြီးချုပ်တို့ စင်ကာပူမှာ သီးခြားတွေ့ဆုံဖို့ အစီအစဉ် မရှိ


စင်ကာပူနိုင်ငံမှာ ဒီသီတင်းပတ်ကုန်ပိုင်း ကျင်းပမယ့် အေးပက် (APEC) ခေါ် အာရှနဲ့ ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံကို သမ္မတ အိုဘားမား (Obama) တက်ရောက်တဲ့အခါ အာဆီယံ ၁၀ နိုင်ငံက ထိပ်သီးတွေကိုလည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ အာဆီယံ အသင်းဝင် မြန်မာနိုင်ငံရဲ့ စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်လည်း အဲဒီအစည်းအဝေးကို တက်ရောက်မှာမို့ သမ္မတ အိုဘားမားနဲ့လည်း ဒီထိပ်သီးညီလာခံ အဝန်းအဝိုင်းမှာ တွေ့ဆုံရဖို့ ရှိပါတယ်။ ဒါဟာ အမေရိကန် ပြည်ထောင်စုနဲ့ အာဆီယံအကြား ကြုံတောင့်ကြုံခဲ အခိုက်အတန့် ဖြစ်တယ်လို့ အိမ်ရှင် စင်ကာပူနိုင်ငံက ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီယန် ကယ်လီ (Ian Kelly) ကတော့ သမ္မတ အိုဘားမားအနေနဲ့ အာဆီယံ ထိပ်သီးတွေနဲ့ တွေ့ဆုံဖို့ရှိတယ် ဆိုပေမဲ့ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ်နဲ့ သီးခြားတွေ့ဆုံဖို့ အစီအစဉ် မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

“သမ္မတ အိုဘားမား အနေနဲ့ စင်ကာပူကိုသွားပြီး ထိပ်သီး အစည်းအဝေး တက်ရောက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအစည်းအဝေး တက်ရောက်မယ့် မြန်မာစစ်အစိုးရ ဝန်ကြီးချုပ်နဲ့တော့ စကားပြောဖို့ မရှိဘူးလို့ အိမ်ဖြူတော်က မနေ့တုန်းကပဲ ပြောပါတယ်။”

သမ္မတ အိုဘားမားရဲ့ ထိပ်တန်း အကြံပေးပုဂ္ဂိုလ်တဦး ဖြစ်တဲ့ ဂျက်ဖရီ ဘေဒါ (Jeffrey Bader) ကတော့ မြန်မာ့အရေးကြောင့် အာဆီယံအသင်းကြီး ကသိကအောက် ဖြစ်ရတာ၊ ကြားက ဓားစာခံ ဖြစ်ရတာမျိုးကို အမေရိကန် ပြည်ထောင်စုက ခွင့်မပြုနိုင်တော့ဘူးလို့ မနေ့က ပြောဆိုလိုက်ပါတယ်။ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်းကြီးမှာ အသင်းဝင် မြန်မာနိုင်ငံ ပေးနေတဲ့ ဒုက္ခတွေ၊ ပြဿနာတွေကြောင့် မနစ်နာစေသင့်ဘူးလို့ ဂျက်ဖရီ ဘေဒါက မနေ့တုန်းက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အဲဒီ အစည်းအဝေးမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) အနေနဲ့ရော မြန်မာစစ်အစိုးရ ဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ အစီအစဉ် မရှိဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီယန် ကယ်လီက ပြောပါတယ်။

အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) နဲ့ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာဆီယယ် (Scot Marciel) တို့ဟာ အာရှဒေသတွင်း ရောက်ရှိခဲ့ကြပြီး မြန်မာနိုင်ငံကိုလည်း မကြာခင်က သွားရောက်ခဲ့ပါတယ်။ မြန်မာစစ်အစိုးရနဲ့ နောက်ထပ်တကြိမ် ထပ်ပြီး ဆွေးနွေးဖို့အတွက် ရက် မသတ်မှတ်ရသေးကြောင်း၊ အေးပက်နဲ့ အာဆီယံတို့လို ဒေသတွင်း အဖွဲ့အစည်းတွေမှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ဖို့ အရေးကြီးကြောင်း၊ အမေရိကန်က မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒကို သုံးသပ်ခဲ့ပြီး တိုက်ရိုက် ထိတွေ့ ဆက်ဆံမယ်လို့ ကြေညာခဲ့ပြီးနောက် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့ပြီး ဆက်ဆံရေးကို အစပျိုးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ အီယန် ကယ်လီက ပြောပါတယ်။

“မြန်မာစစ်အစိုးရ အနေနဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ သဘောထား ကိုက်ညီအောင် ညှိစေလိုကြောင်း၊ မြန်မာပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူ့ကို ထောက်ခံသူတွေပါ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်အောင် လမ်းဖွင့်ပေးတာကို အမေရိကန် ပြည်ထောင်စုက တွေ့မြင်လိုတာ ဖြစ်ပါတယ်။”

အေးပက် ထိပ်သီးညီလာခံနဲ့ အာဆီယံ၊ အမေရိကန် ထိပ်သီးညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမယ့် စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျော့ချ် ယိုး (George Yeo) ကတော့ အမေရိကန်နဲ့ မြန်မာ အဆင့်မြင့် ကိုယ်စားလှယ်တွေ တိုက်ရိုက်ဆက်ဆံတာကို ကြိုဆိုတဲ့အကြောင်း၊ မြန်မာနိုင်ငံရဲ့ အနာဂတ် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေ တိုးတက်စေဖို့ မျှော်လင့်ကြောင်း၊ ရှေ့နှစ်မှာ စစ်အစိုးရက ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာလည်း ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲအဖြစ်နဲ့ အာဆီယံရော အမေရိကန် ပြည်ထောင်စုကပါ တွေ့မြင်လိုတဲ့အကြောင်း၊ ဆုံးဖြတ်ချက် မူကြမ်းမှာ ဖော်ပြဖို့ လျာထားတယ်လို့ AFP သတင်းဌာနကို ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ NLD ကိုရော အဲဒီမူကြမ်းမှာ ထည့်သွင်းဖော်ပြ မထားပေမဲ့ မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်သင့်တဲ့ သက်ဆိုင်သူတွေ အားလုံး ပါဝင်နိုင်ရေး သေချာအောင် လုပ်ဖို့နဲ့ ယုံကြည်ကိုးစားထိုက်တဲ့ ရွေးကောက်ပွဲဖြစ်အောင် အခြေအနေတွေ ဖန်တီးပေးသင့်တယ်လို့ အာဆီယံ၊ အမေရိကန် ထိပ်သီးညီလာခံရဲ့ ဆုံးဖြတ်ချက် မူကြမ်းမှာ တိုက်တွန်းထားပါတယ်။

အမေရိကန် ပြည်ထောင်စုက မြန်မာ့အရေး တိုးတက်လာဖို့ တောင်းဆိုချက်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးဖို့ကတော့ ထိပ်ဆုံးက ဦးစားပေးဖြစ်တယ်လို့ စင်ကာပူကလာတဲ့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG