သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို ချွင်းချက်မရှိ လွှတ်ဖို့ ဝန်ကြီး ကလင်တန် တောင်းဆို


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားရာက ပြန်လွှတ်ပေးဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က မြန်မာစစ်အစိုးရကို တိုက်တွန်းသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သူ နိုင်ငံရေးမှာ ပါဝင်တဲ့ ကိစ္စကို စိုးရိမ်တာကလွဲလို့ တခြား ဘာအကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲနဲ့ ဖမ်းဆီးတာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ယုံကြည်ကြောင်း မစ္စစ်ကလင်တန်က သတင်းထောက်တွေကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ပြောသွားတာ ဖြစ်ပါတယ်။ အကြောင်းစုံကို မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

လာမယ့်နှစ် ၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်မပေးဘဲနဲ့ ကျင်းပမယ်ဆိုရင် ဒီရွေးကောက်ပွဲအပေါ်မှာ နိုင်ငံတကာက သံသယတွေ ရှိနေလိမ့်မယ်လို့ မစ္စစ်ကလင်တန်က သတိပေးသွားခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ကို ၂ ရက်တာခရီး ရောက်ရှိနေတဲ့ မစ္စစ်ကလင်တန်က ဒီကနေ့ပဲ အခုလို သတိပေးသွားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ တနင်္ဂနွေနေ့ စင်ကာပူမှာ ကျင်းပမယ့် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီး ဆွေးနွေးပွဲကြရင်တော့ သူအပါအဝင် အမေရိကန် ထိပ်တန်း အရာရှိတွေနဲ့ မြန်မာစစ်အစိုးရ အဆင့်မြင့် ဆက်သွယ်မှုတွေ ရှိနိုင်တယ်လို့ မစ္စစ်ကလင်တန်ကပဲ ပြောသွားပါတယ်။

တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရော မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ရော တက်ရောက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်ပြီး တည်ငြိမ်မှု ရရှိရေးအတွက် အမေရိကန်ရဲ့ ကြိုးပမ်းမှုလိုပဲ အိန္ဒိယနဲ့ တရုတ် အပါအဝင် အိမ်နီးချင်း နိုင်ငံတွေက ဝိုင်းပြီး ကြိုးစားကြဖို့လည်း မစ္စစ်ကလင်တန်က ဗုဒ္ဓဟူးနေ့ကပဲ ပြောသွားခဲ့ပါတယ်။

အေးပက် (APEC) အစည်းအဝေးမှာတော့ အာရှ ပစိဖိတ် ဘဏ္ဍာရေးဝန်ကြီးတွေက ကမ္ဘာ့စီးပွားရေး ပြန်နာလန်ထူမှုကို ဆက်ပြီး ထိန်းသိမ်းထားနိုင်အောင် အထောက်အကူဖြစ်မယ့် နောက်နှစ်အတွက် စီးပွားရေး နှိုးဆွအစီအစဉ်ကို ထောက်ခံကြောင်း ဒီကနေ့ ပြသကြပြီး ဈေးကွက်ကို ရှေးရှုတဲ့ ငွေကြေးလဲလှယ်ရေးစနစ် ကျင့်သုံးဖို့ တောင်းဆိုကြမယ်လို့ ခန့်မှန်းရပါတယ်။ ငွေကြေးလဲလှယ်ရေးစနစ်မှာ ပိုပြီး ပြင်လွယ်ပြောင်းလွယ်ရှိအောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းတဲ့ ကြေညာချက် မူကြမ်းအတွက် ဒီကနေ့ပဲ စင်ကာပူမှာ အေးပက် ကိုယ်စားလှယ်တွေ စည်းဝေးနေခဲ့ကြတာပါ။

ကုန်သွယ်မှု ကာကွယ်ရေးကို မလိုက်လျောဘဲ ရှိနေတဲ့ကိစ္စ၊ ရာသီဥတု ပြောင်းလဲမှု ကိစ္စရပ်နဲ့ ဒေသတခုလုံး ကျင့်သုံးမယ့် လွတ်လပ်စွာ ကုန်သွယ်ခွင့် ကိစ္စရပ်တွေကိုလည်း ဦးစားပေးပြီး ဆွေးနွေးခဲ့ကြပါတယ်။

ငွေကြေးလဲလှယ်နှုန်းထား တန်ဖိုးနှိမ့်ထားတာကို မြှင့်ပေးဖို့ ဖိအားပေးခံနေရတဲ့ တရုတ်နိုင်ငံကလည်း အေးပက်ရဲ့ ၂၁ နိုင်ငံထဲမှာ ပါဝင်တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ နိုင်ငံတကာရဲ့ စီးပွားရေး ကျဆင်းမှု အခြေအနေ သူ့ဘက်ကို ရောက်မလာအောင်လို့ ကာထားတဲ့ နေရာမှာ အထောက်အကူ ဖြစ်အောင်လို့ ၂၀၀၈ ခုနှစ် နှစ်လယ်ကတည်းက သူ့ရဲ့ငွေကြေးကို ဒေါ်လာနဲ့ ပုံသေ ငွေလဲလှယ်နှုန်း သတ်မှတ်ထားလိုက်တာပါ။

အေးပက်နိုင်ငံတွေရဲ့ စီးပွားရေး ကုန်သွယ်မှုက ကမ္ဘာ့ကုန်သွယ်မှုရဲ့ တဝက်ကျော်ရှိပြီး ဒီတနင်္ဂနွေနေ့မှာ ကျင်းပမယ့် အေးပက် ထိပ်သီးဆွေးနွေးပွဲမှာတော့ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) လည်း တက်ရောက်မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG