သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တွေ့ဆုံဆွေးနွေးမှုမရှိတဲ့ ရွေးကောက်ပွဲ တရားဝင် မဖြစ်နိုင်


မြန်မာစစ်အစိုးရအနေနဲ့ အတိုက်အခံပါတီ၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုမလုပ်ဘဲ ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားဝင်ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ စင်ကာပူနိုင်ငံမှာကျင်းပနေတဲ့ APEC အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရေးအဖွဲ့ ထိပ်သီး ညီလာခံကို လာတက်မယ့် သမ္မတ ဘရက်အိုဘားမား (Barack Obama) နဲ့ မတွေ့ဆုံခင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ဝန်ကြီး ကလင်တန်က ဗွီအိုအေနဲ့ သီးခြားတွေ့ဆုံပြီး အခုလို ပြောကြားလိုက်တာပါ။ ဒီထိပ်သီးစည်းဝေးပွဲကို မြန်မာစစ်ခေါင်းတွေလည်း တက်ရောက်နေတာ ဖြစ်တဲ့အကြောင်း ဗွီအိုအေသတင်းထောက် David Gullust မနီလာမြို့ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တွေနဲ့ ရှေ့သီတင်းပတ် အစောပိုင်း စင်ကာပူနိုင်ငံမှာ တွေ့ဆုံကြတဲ့အခါ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အစိုးရက ထိန်းချုပ်ထားတာတွေ လျှော့ချပေးရေးအပါအဝင် ထူးခြား သိသာတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ပြောပါတယ်။ ဒါပေမဲ့ တခြားကိစ္စတွေ အပါအဝင် အမေရိကန်အဆင့်မြင့် သံတမန်နှစ်ဦး မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သွားခဲ့တုန်းက တမူ ထူးခြားစွာ ကောင်းကောင်းမွန်မွန် ဆက်ဆံလိုက်တာတွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ရေရှည် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း စစ်အစိုးရ အရာရှိတွေတင်မကပဲ ထိန်းသိမ်းခံထားရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ အကန့်အသတ်မရှိ တွေ့ဆုံခွင့်ရခဲ့ကြတယ်လို့ ဗွီအိုအေနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ဝန်ကြီး ကလင်တန်က ပြောပါတယ်။

"ကျမတို့နဲ့ သူတို့အကြားမှာ ပွင့်ပွင့်လင်းလင်း အမြင်ချင်း ဖလှယ်နိုင်ခဲ့ကြပါတယ်။ ဒုတိယအချက် အနေနဲ့ကတော့ - ကျမတို့ရဲ့ သံတမန်အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ စောင့်ကြည့်ခံရမှုမရှိဘဲ ၂ နာရီလောက် တွေ့ဆုံခွင့် ရခဲ့တာကလည်း ထူးခြားပြီး အင်မတန် အထောက်အကူပြုတဲ့ အချက်ဖြစ်ပါတယ်၊ နောက်ပြီးတော့ သံတမန်အဖွဲ့ဟာ အတိုက်အခံပါတီနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေကိုလည်း တွေ့ခွင့်ရခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုတွေဟာ တခြား ကိုယ်စားလှယ်အဖွဲ့တွေ သွားတဲ့အခါ သတင်းတွေထဲမှာ ကျမတို့ တွေ့နေရသလိုမျိုး မဟုတ်ဘဲ ပိုပြီး ပွင့်လင်း ပြည့်စုံတဲ့ တွေ့ဆုံမှုတွေပါ။"

စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ APEC ခေါ် အာရှပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးညီလာခံကို လာတက်နေတဲ့ သမ္မတ အိုဘားမားနဲ့ ဝန်ကြီးကလင်တန် သွားရောက် ပူးပေါင်းတွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီစည်းဝေးပွဲ ပြင်ပမှာ တနင်္ဂနွေနေ့ကျရင် ကျင်းပမယ့် အာဆီယံ အရှေ့တောင် အာရှနိုင်ငံများအသင်းနဲ့ ပြုလုပ်တဲ့ စည်းဝေးပွဲကို သမ္မတအိုဘားမားနဲ့ မြန်မာ စစ် အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တို့လည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ မြန်မာစစ်အစိုးရအကြား သီးခြားတွေ့ဆုံမှုပြုလုပ်ဖို့ စီစဉ်ထားတာ မရှိပေမယ့် စည်းဝေးပွဲအတွင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ ပြောဆိုမှုတော့ ရှိကောင်းရှိမယ်လို့ သမ္မတ အိုဘားမားနဲ့ ဝန်ကြီး ကလင်တန်တို့ နှစ်ယောက်စလုံးက ပြောထားပါတယ်။

တကယ်လို့ ဝန်ကြီးချုပ် သိန်းစိန်နဲ့ စကားပြောဖြစ်ခဲ့ရင် မြန်မာနိုင်ငံမှာ လွတ်လပ် ပွင့်လင်းတဲ့ ရွေးကောက်ပွဲဖြစ်လာရေး လုပ်ဆောင်ဖို့ ထပ်ပြီး ဖိအားပေး ပြောကြားသွားမယ်လို့ ဝန်ကြီး ကလင်တန်က ပြောပါတယ်။

"ကျမတို့ရဲ့ သံတမန် ၂ ဦးဖြစ်ကြတဲ့ အရှေ့အာရှရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်ဘဲလ် (Kurt Campbell) နဲ့ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စကော့ မာဆီရဲလ် (Scot Marciel) တို့ မြန်မာနိုင်ငံကိုသွားတုန်းက ပြောခဲ့တဲ့အကြောင်း အရာကိုပဲ ကျမအနေနဲ့ ထပ်လောင်း ပြောရမှာပဲ။ အဲဒါကတော့ အမေရိကန်အစိုးရက မြန်မာ စစ် အစိုးရ နဲ့ ထိတွေ့ ဆက်ဆံလိုတဲ့ ဆန္ဒရှိတယ်၊ ဒါပေမယ့် စစ်အစိုးရအနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်ဘဲ၊ တရားမျှတပြီး ယုံကြည် စိတ်ချရလောက်တဲ့ ရွေးကောက်ပွဲဖြစ်လာအောင် အခြေအနေတွေ ဖန်တီးမပေးဘဲ ရွေးကောက်ပွဲကို ကျင်းပမယ် ဆိုရင် အဲဒီရွေးကောက်ပွဲဟာ တရားဝင် ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူးဆိုတာ သူတို့ သဘောပေါက်ဖို့ လိုပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာ အပါအဝင် ထူးခြား သိသာတဲ့ ပြုပြင် ပြောင်းလဲမှုတွေ မလုပ်ဆောင်ရင် မြန်မာ နိုင်ငံအပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ရေး ပိတ်ဆို့မှု အပါအဝင် တခြား ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်အစိုးရ အနေနဲ့ ရုတ်သိမ်းပေးမှာ မဟုတ်ဘူးလို့ ဝန်ကြီး ကလင်တန်က ပြောပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ ထိပ်သီးစည်းဝေးပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ် ချုပ်ချယ်ထားတာတွေ လျှော့ချရေးအပါအဝင် တခြား သိသာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ စစ်အစိုးရဖက်က ထုတ်ပြန် ပြောဆိုလိမ့် မယ် လို့ သူ့အနေနဲ့ မထင်ဘူးဆိုတဲ့အကြောင်း သောကြာနေ့အစောပိုင်းက ဖိလစ်ပိုင် ကျောင်းသားတွေ၊ သတင်းထောက် တွေ နဲ့ ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဝန်ကြီး ကလင်တန်က ပြောခဲ့ပါတယ်။

၁၉၆၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို စတင်အုပ်ချုပ်လာခဲ့တဲ့ စစ်တပ်ဟာ သမိုင်းရဲ့ မှားယွင်းတဲ့ဘက်မှာ ရှိနေတယ် ဆိုတာ ယုံမှား သံသယဖြစ်စရာ မရှိပါဘူးတဲ့၊ ဒါပေမယ့် တိုင်းပြည်အတွင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရာမှာ အချိန်ယူပြီး တဖြည်းဖြည်းချင်း လုပ်ယူရမယ့် လုပ်ငန်းစဉ်ဖြစ်တယ်လို့ ဆိုပါတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီက အနိုင်ရခဲ့ပေမယ့် စစ်အစိုးရက အာဏာလွဲပြောင်းပေးခဲ့ခြင်း မရှိတဲ့အပြင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း နည်းမျိုးစုံနဲ့ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းချုပ်ထားခဲ့တဲ့ကာလက များပါတယ်။

စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေးမူ ချမှတ်ခဲ့ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးအတွက် ဒေသတွင်း နိုင်ငံတွေကို ဖိအားပေးလုပ်ဆောင်နေတဲ့ သမ္မတ အိုဘားမားအစိုးရရဲ့ မူဝါဒသစ်ကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံ တယ်လို့ ပြောဆိုကြောင်း အမေရိကန်အဆင့်မြင့် အရာရှိတွေက ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG