သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစိဖိတ်ဒေသဆက်ဆံရေး ခေတ်သစ်စတင်ဖို့ အိုဘားမား နှိုးဆော်


ပစိဖိတ်သမုဒ္ဒရာရဲ့ ဟိုဘက် ဒီဘက်ခြမ်းနိုင်ငံတွေကြား ဆက်ဆံရေးမှာ ခေတ်သစ်တရပ်စတင်ဖို့ အမေရိကန် သမ္မတ အိုဘားမားက နှိုးဆော်လိုက်ပါတယ်။ ဒီကနေ့ခေတ်မှာ ရင်ဆိုင်နေရတဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို အာရှတိုက်နဲ့ အတူတကွ လက်တွဲ ရင်ဆိုင်သွားဖို့ အမေရိကန်က သန္နိဋ္ဌာန်ချထားပါတယ်လို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ ဒီကနေ့ ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ သမ္မတ အိုဘားမားက ထည့်သွင်းပြောကြားသွားပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးတက်ဖို့ စင်္ကာပူနိုင်ငံကိုအသွား အာရှ ခရီးစဉ်အဖြစ် ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတအိုဘားမား ဒီကနေ့ တိုကျိုမြို့မှာ ပြောခဲ့တဲ့မိန့်ခွန်းကို သမ္မတနဲ့အတူ လိုက်ပါသွားတဲ့ ဗွီအိုအေသတင်းထောက် Paula Wolfson က ကောက်နုတ်ပြီး သတင်းပေးပို့ထားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ လက်ရှိမှာ ပစိဖိတ်နိုင်ငံတခုဖြစ်ပြီး အမြဲတမ်း ဆက်ဖြစ်သွားမှာပါလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

"အမေရိကန်ပြည်ထောင်စုဟာ အတ္တလန်တိတ်သမုဒ္ဒရာတလျှောက် ဆိပ်ကမ်းတွေ၊ မြို့တွေ တည်ဆောက်ပြီး စခဲ့တာ ဖြစ်ပေမဲ့ မျိုးဆက်ပေါင်းများစွာအထိ ပစိဖိတ်သမုဒ္ဒရာရဲ့ နိုင်ငံတခုလည်းဖြစ်ခဲ့ပါတယ်။ ဒီ မဟာသမုဒ္ဒရာကြီးက အာရှတိုက်နဲ့ အမေရိကန်ပြည်ထောင်စုကို ပိုင်းခြားထားတာမဟုတ်ပါဘူး၊ ပေါင်းစည်းထားတာသာဖြစ်ပါတယ်။"

တိုကျိုမြို့က အားကစားရုံကြီးတခုထဲမှာ မစ္စတာအိုဘားမား မိန့်ခွန်းပြောတာကို လူအများအပြား သွားနားထောင်ခဲ့ကြပါ တယ်။ မစ္စတာအိုဘားမားက အရှေ့အာရှလူထုဟာ အမေရိကန်ရဲ့မိသားစုဝင်တွေအဖြစ် ပြောဆိုပါတယ်။ အင်ဒိုနီးရှား နိုင်ငံမှာ ဖြတ်သန်း ခဲ့တဲ့ သူ့ရဲ့ ကလေးဘဝအကြောင်းကို ပြောဆိုပြီး ဒီဒေသရဲ့ အရှိန်အဟုန်ကို အရင်ကတည်းက သူသိခဲ့ တယ်လို့ ဆိုပါတယ်။

"ကမ္ဘာကြီးရဲ့ အင်မတန်အရေးပါလှတဲ့ ဒီအစိတ်အပိုင်းမှာ ဒီ ပစိဖိတ်နိုင်ငံဟာ ကျနော်တို့ရဲ့ ခေါင်းဆောင်မှုကို အားကောင်း ခိုင်မာစေမယ်ဆိုတာ အမေရိကန်ရဲ့ ပထမဆုံး ပစိဖိတ် သမ္မတအနေနဲ့ ကျနော် ကတိပေးပါတယ်။"

ဒီဒေသတွင်းမှာ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုဟာ ဂျပန်နိုင်ငံနဲ့စတင်တာဖြစ်ပေမယ့် အဲဒီမှာတင် အဆုံးသတ်မှာ မဟုတ် ပါဘူး လို့ မစ္စတာအိုဘားမားက ပြောပါတယ်။ ရှိပြီးသားမဟာမိတ်တွေနဲ့ဆက်ဆံရေး အားကောင်းအောင်လုပ်ဖို့ အရေးကြီး သလို တရုတ် နိုင်ငံအပါအဝင် မဟာမိတ်အသစ်တွေ တည်ဆောက်ဖို့ အရေးကြီးတယ် ဆိုတာကိုလည်း ပြောသွားခဲ့ပါတယ်။

"တရုတ်နိုင်ငံ ထွန်းတောက်လာတဲ့အပေါ် အမေရိကန်က ဘယ်လို သဘောထားသလဲ ဆိုတာနဲ့ပတ်သက်ပြီး မေးခွန်းထုတ် သူတွေ ရှိတယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမဲ့ ကျနော် ပြောဖူးသလိုပါပဲ၊ ချိတ်ဆက် ယှက်နွယ်နေတဲ့ ကမ္ဘာကြီးမှာ အင်အား ဆိုတာ အားလုံး အရှုံးနဲ့ရင်ဆိုင်ရတဲ့ ကစားပွဲတခု ဖြစ်ဖို့မလိုပါဘူး။ နိုင်ငံတွေအနေနဲ့ တခြားနိုင်ငံတခုရဲ့ အောင်မြင်မှုကို ကြောက်ရွံ့ နေဖို့ မလိုပါဘူး။ သြဇာလွှမ်းမိုးဖို့ ပြိုင်ဆိုင်ကြတာထက် ပူးပေါင်း ဆောင်ရွက်မှုကို ပျိုးထောင်တာ က အာရှ ပစိဖိတ်ဒေသမှာ တိုးတက်မှုဖြစ်စေမှာပါ။"

တရုတ်နိုင်ငံနဲ့ဆက်ဆံရေးမှာ နူးညံ့သိမ်မွေ့တဲ့ ဟန်ချက်ညီမှုတခုရအောင် ကြိုးစားနေတယ်ဆိုတာ သမ္မတအိုဘားမားက ရှင်းရှင်းလင်းလင်း ပြောသွားပါတယ်။ လူ့အခွင့်အရေးကိစ္စဟာ အမြဲတမ်း ပြောဆိုသွားရမယ့် ကိစ္စအဖြစ် ဆက်ပြီး သတ်မှတ် ထားတာနဲ့ တချိန်တည်းမှာပဲ ကမ္ဘာလုံးဆိုင်ရာနဲ့ ဒေသတွင်းဆိုင်ရာ အဓိကကျတဲ့ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတာကိုလည်း ပြောသွားပါတယ်။

"ဘာသာရေးနဲ့ လူသားအားလုံးရဲ့ ယဉ်ကျေးမှုတွေကို လေးစားသမှု ရှိတာတွေအပါအဝင် ကျနော်တို့ ချစ်မြတ်နိုးတဲ့ အခြေခံ တန်ဖိုးထားမှုတွေ အတွက် ဖွင့်ဟပြောဆိုဖို့ အမေရိကန်ပြည်ထောင်စုဟာ ဘယ်တော့မှ တွန့်ဆုတ်မှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ လူ့အခွင့်အရေးနဲ့ လူသားဂုဏ်သိက္ခာကို အထောက်အပံ့ပြုတာဟာ အမေရိကန်မှာ အခိုင်အမာ အမြစ်တွယ်နေလို့ပါပဲ။ ဒါပေမယ့် ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုတာတွေကို အမျက်ဒေါသနဲ့ ငြိုးမာန်ဖွဲ့ ပြောဆိုမယ့်အစား ပူးပေါင်းဆောင်ရွက်မှု စိတ်အရင်းခံနဲ့ ပြောဆိုနိုင်ကြပါတယ်။"

တရုတ်နိုင်ငံကို တနင်္ဂနွေနေ့မှာရောက်မယ့် သမ္မတအိုဘားမားဟာ တိဘက်အရေးကို သီးခြား ရည်ညွှန်းပြောဆိုသွားတာ မတွေ့ရပါဘူး။ ဒါပေမယ့်လည်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့တော့ တိတိကျကျ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အားလုံး ခြုံ ကြည့်မယ်ဆိုရင်တော့ ပစိဖိတ်ဒေသတလျှောက် ပူးပေါင်းဆောင်ရွက်ရေးဟာ သမ္မတရဲ့မိန့်ခွန်းမှာ အဓိကကျတဲ့ အချက် တခုအဖြစ် တွေ့ရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကနေ ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာအထိ ကိစ္စရပ်တွေမှာ တိုးတက်မှုရနိုင်ခြေ အပါအဝင် မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ ရည်ရွယ်ချက်ကြောင့်ဖြစ်လာတဲ့ စိန်ခေါ်မှုတွေကို ထည့်သွင်းပြောကြားသွားပါ တယ်။

"ခြိမ်းခြောက်မှုတွေကြောင့် ကျနော်တို့ ကြောက်ရွံ့သွားမှာ မဟုတ်ပါဘူး၊ အပြောနဲ့မဟုတ်ဘဲ လက်တွေ့ကျတဲ့ လုပ်ဆောင်မှု တွေနဲ့ ကျနော်တို့ ဖြစ်ချင်တာကို ဆက်ပြောသွားမှာပါ။ နိုင်ငံတကာမှာ သဘောတူထားတဲ့ လိုက်နာလုပ်ဆောင်ရမယ့် တာဝန်တွေကိုလုပ်ဖို့ မြောက်ကိုရီးယားက ငြင်းဆန်နေခြင်းဟာ ကမ္ဘာကြီးလုံခြုံရေးကို ပိုကောင်းမလာစေဘဲ ပိုမို ဆိုးရွား သွားစေဖို့ပဲ ရှိပါတယ်။"

ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေရဲ့ လုံခြုံရေးအတွက် အမေရိကန်က သန္နိဋ္ဌာန်ချထားတဲ့အကြောင်း ပြောတဲ့အခါမှာတော့ နားထောင်တဲ့ပရိသတ်တွေက ကောင်းချီးသြဘာပေးခဲ့ကြပါတယ်။ ပစိဖိတ်ဒေသတလျှောက် နီးနီးကပ်ကပ် ဆက်ဆံမှုတွေနဲ့ အားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အားလုံးအတွက် အကျိုးဖြစ်ထွန်းစေမှာ ဖြစ်တဲ့အတွက်ကြောင့် အရှေ့ အာရှ ဒေသ တလျှောက် ကျယ်ပြန့်တဲ့ ထိတွေ့ဆက်ဆံရေးရအောင် အမေရိကန်ပြည်ထောင်စုက လုပ်ဆောင်သွားမယ်လို့ သမ္မတ ဘရက် အိုဘားမားက ဂျပန်နိုင်ငံမှာ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG