သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ကြားဖြတ်အစိုးရ အခန်းကဏ္ဍ


မြန်မာနိုင်ငံမှာ အုပ်ချုပ်နေတဲ့ စစ်အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အတိုက်အခံအင်အားစုတွေဟာ သူမနိုင်ကိုယ်မနိုင် ရှေ့မတိုးနောက်မဆုတ် မြန်မာနိုင်ငံရေး နယ်ပယ်မှာ ထွက်ပေါက်မရ နိုင်ငံရေးအကြပ်အတည် ဖြစ်နေတာ ကြာလာခဲ့ပြီ ဖြစ်ပါတယ်။ အခု မကြာသေးခင်ကာလမှာတော့ ပြေလျော့လေမလားဆိုတဲ့ အလားအလာတွေ ကျနော်တို့ တွေ့နေရပါတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားသံတမန်တွေနဲ့ တွေ့လိုတယ်ဆိုတာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က ပြည်တွင်းက သံတွေမက နိုင်ငံခြားကလာရောက်တဲ့ သံတမန်တွေနဲ့လည်း တွေ့ဆုံမှုကို ဖန်တီးပေးတယ်။ ဒီအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်တယ်လို့ အကြောင်းပြန်တယ်။ အဲဒီလို အရင်နဲ့မတူတဲ့ နိုင်ငံရေး ရာသီဥတုဖြစ်ပေါ်နေချိန်မှာဘဲ အခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကနေ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးလိုတယ်ဆိုတဲ့ စာတစောင်ပေးပို့ခဲ့တာကို ကြားသိရပါတယ်။

ဒီအခါမှာ တွေ့ဆုံဆွေးနွေးအဖြေရှာရေးနဲ့ ပတ်သက်ပြီးတော့ သီအိုရီသဘောထားအရ ကြားဖြတ်အစိုးရတခု မရှိဘဲနဲ့အာဏာရနဲ့ အတိုက်ခံတို့ တွေ့ဆုံဆွေးနွေးအဖြေရှာတာ မဖြစ်နိုင်ဘူးဆိုတဲ့ အကြောင်းကို ရေးသားထားတဲ့ ဆောင်းပါးတပုဒ်ကလည်း အင်တာနက်စာမျက်နှာမှာ ရှိနေပါတယ်။ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်က ‘အမျိုးသားပြန်လည် ရင်ကြားစေ့ရေး’ ဖြစ်ပြီး ရေးသားသူမှာ မခင်မမမျိုး ဖြစ်ပါတယ်။ မခင်မမမျိုး ဟာ ဗြိတိန်နိုင်ငံ အဘဒင်တက္ကသိုလ် ဘုရင်ကောလိပ် (King College) ကနေ စစ်မဟာဗျူဟာ လေ့လာရေးဘာသာရပ် နဲ့ မဟာသိပ္ပံဘွဲ့ ရရှိထားသူဖြစ်ပါတယ်။ သူမဟာ မြန်မာအရေး၊ ကမ္ဘာ့အရေးတို့ကို သုံးသပ်ရေးသားနေသူ ဖြစ်ပါတယ်။

ဦးရော်နီညိမ်းကနေ ဆောင်းပါးရှင် မခင်မမမျိုးကို ဆက်သွယ်ပြီး ကြားဖြတ်အစိုးရဆိုတာကို မေးမြန်းပါတယ်။

မခင်မမမျိုး ။ ။ ကနဦး ဒီမိုကရေစီပြောင်းလဲမှုမှာဆိုလိုရှိရင်တော့ အတိုက်အခံတွေက ဦးဆောင်ပြီးတော့ ဖွဲ့စည်းလိုက်တဲ့ ကြားဖြတ်အစိုးရဘဲဖြစ်ဖြစ်၊ ဒီမိုကရေစီအတိုက်အခံတွေနဲ့ အာဏာရှင်ဖက်က ပြုပြင်ပြောင်းလဲလိုလူတွေ ပူးတွဲတည်ထောင်ထားတဲ့ power share ကြားဖြတ်အစိုးရဘဲဖြစ်ဖြစ်၊ အာဏာရှင်ဘက်ကနေ ဒီမိုကရေစီပြောင်းလဲမှု လုပ်ဖို့အတွက် ကြေညာဖွဲ့စည်းထားတဲ့ အိမ်စောင့်အစိုးရ သဏ္ဍာန်ဘဲဖြစ်ဖြစ်၊ နိုင်ငံတကာကြားဖြတ်အစိုးရတွေဘဲဖြစ်ဖြစ် ကြားဖြတ်အစိုးရပုံသဏ္ဍာန်ရှိတဲ့ ကြားဖြတ်အစိုးရတခုတော့ လိုအပ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ၁၉၅၈ မှာ တပ်မတော်က အာဏာသိမ်းဖို့ ကြံစည်းတဲ့အခါမှာ အဲဒီတုန်းက ဝန်ကြီးချုပ်ဦးနု က အာဏာတော့ မသိမ်းပါနဲ့ သူကဘဲ အာဏာပေးလိုက် အပ်လိုက်မယ်။ အိမ်စောင့်အစိုးရအနေနဲ့ဘဲနေပါဆိုတဲ့ သဘောဖြစ်သွားတယ်လို့ နားလည်းထားတယ်။ ၁၉၆၀ မှာ သူတို့က ရွေးကောက်ပွဲလုပ်ပေးတယ်ဆိုတော့ ၁၉၅၈ ခုနှစ်ကနေ ၁၉၆၀ ခုနှစ်အထိ အဲဒီကာလ အစိုးရဟာ မခင်မမမျိုး ပြောတဲ့အတိုင်းဆိုရင် နံပတ် (၃) အာဏာရှင်ဘက်ကနေ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုလုပ်ဖို့အတွက် ဖွဲ့စည်းတဲ့အိမ်စောင့်အစိုးရ ဘယ်လိုမြင်ပါသလဲ။

မခင်မမမျိုး ။ ။ ဒါဟာ ဘာနဲ့သွားသဏ္ဍာန်တူသလဲဆိုတော့ ၂၀၀၈ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်မှာ ပေါ်ထွက်လာတဲ့ ကြားဖြတ်အစိုးရနဲ့သဏ္ဍာန်အားဖြင့် တူပါတယ်။ ဘင်္ဂလာဒေ့ရှ်မှာဆိုရင်လည်း ၂၀၀၈ ခုနှစ်တုန်းကဆိုရင် နိုင်ငံရေးပါတီကြီးတွေကြားမှာ ပါဝါယှဉ်ပြိုင်မှု အရမ်းကြီးထွားလာတဲ့အတွက် ကြားဖြတ်အစိုးရ အာဏာဝင်သိမ်းပြီးတော့မှ ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ ဒီ သဏ္ဍာန်ဟာဆိုရင် အာဏာရှင်တွေဘက်ကနေ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအတွက် ကြေညာဖွဲ့စည်းတဲ့ အိမ့်စောင့်အစိုးရဖြစ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဘင်္ဂလားဒေ့ရှ်မှာ မကြာခင်နှစ်တွေကမှ ဖြစ်သွားတဲ့အဖြစ်အပျက်က ဒီသဘောဆောင်တယ်ဆိုတော့ ၁၉၅၈ နဲ့ တူပါမလား။ ၁၉၅၈ ခုနှစ်တုန်းက အိမ်စောင့်အစိုးရ တပ်မတော်က ဖွဲ့တယ်ဆိုပေမဲ့ (ကျနော်တို့ လူကြီးတွေဆီက သိရတာပေါ့။ ဥပမာ သခင်ချန်ထွန်းတို့ ပြောပြချက်အရဆိုရင် ‘တပ်မတော်က ကိုယ်စားလှယ်နဲ့ ပြီးတော့ သန့်ရှင်းရယ် တည်မြဲရယ် ၉ ယောက်။ သန့်ရှင်းဖဆပလ က ဦးနု၊ သခင်တင်၊ သခင်ညိုထွန်း သုံးယောက်တက်ရတယ်။ နောက် ဟိုဟာကနေ ဦးဘဆွေ၊ ဦးကျော်ငြိမ်း နဲ့ ဗိုလ်ခင်မောင်လေး သုံးယောက်၊ စစ်တပ်ကိုယ်စားလှယ်က ဗိုလ်ချုပ်အောင်ကြီး၊ ဗိုလ်ချုပ်မောင်မောင်၊ ဗိုလ်ချုပ်တင်ဖေ သုံးယောက်။ ဦးနေဝင်း က ဝန်ကြီးချုပ်အနေနဲ့ in chair ပေါ့။ ဗိုလ်မှုးကြီးကိုကို က သူ့အတွင်းရေးမှုးပေါ့။ အဲဒီအဖွဲ့ကနေပြီးတော့ တနင်္လာနေ့ လွှတ်တော်မှာ သူတို့ဘာတွေတင်မယ်ဆိုရင် စနေနေ့မှာ အဲဒီအဖွဲ့က စည်းဝေးရတယ်။ လွတ်တော်မှာတင်တဲ့ ဥပဒေတွေ၊ ဘာတွေ။’ အဲဒီအခါကြတော့ ဒီပုံစံ အိမ်စောင့်ကြားဖြတ်အစိုးရမျိုး က ဘင်္ဂလာဒေ့ရှ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အိမ်စောင့်အစိုးရနဲ့တူလား။

မခင်မမမျိုး ။ ။ ဟုတ်ကဲ့ လွှတ်တော်ဖျက်သိမ်းမှုဥပဒေမှာတော့ မတူပါဘူး။ ဘင်္ဂလားဒေ့ရှ်မှာတော့ လွှတ်တော်ဖျက်သိမ်းပြီးတော့မှ ဒီ အသစ်ထွက်ပေါ်လာတဲ့ ကြားဖြတ်အစိုးရကိုတော့ စစ်တပ်ကကြိုးကိုင်မှုမှာတော့ တူညီပါတယ်။

ဦးရော်နီညိမ်း ။ ။ ဘင်္ဂလားဒေ့ရှ်မှာ အဲဒီအချိန်တုန်းက ထိပ်ဆုံးကတက် နေရာယူထားတာ တပ်ကမဟုတ်ဘူး။ တရားသူကြီးချုပ်တယောက်က နေရာယူတယ်။

မခင်မမမျိုး ။ ။ အသွင်သဏ္ဍာန်အနေကတော့ မတူပါဘူး။ ဖွဲ့စည်းထားတဲ့ ပုံသဏ္ဍာန်တွေကတော့ မတူဘူး။ ဒါကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အတိုင်းအတားတခုက ၁၉၅၈ မတိုင်ခင်က မြန်မာပြည်ထက် တိုးတက်မှုအနေအထားတခု ရှိနေတယ်အတွက်ကြောင့် ဖြစ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ စောစောက မခင်မမမျိုး ပြောခဲ့တဲ့ ကြားဖြတ်အစိုးရ လေးမျိုးထဲမှာ နံပတ်တစ်ဖြစ်တဲ့ အတိုက်အခံတွေကြီးက ဦးစီးတဲ့ ကြားဖြတ်အစိုးရမျိုးဆိုတာ ဘယ်လိုပေါ်လာသလဲ။

မခင်မမမျိုး ။ ။ နိုင်ငံတနိုင်ငံမှာ အတိုက်အခံတွေက ဦးဆောင်ပြီးတော့ လူထုလှုပ်ရှားမှုနဲ့ အာဏာရှင်ကို ဖြုတ်ချတဲ့အချိန်မှာ ကြားဖြတ်အစိုးရအဖွဲ့တခုကို ချက်ချင်းတည်ဆောက်ဖွဲ့စည်းတာမျိုး ဖြစ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဆိုလိုတာက လူထုတိုက်ပွဲကြားထဲမှာ ပေါ်ပေါက်တဲ့ ကြားဖြတ်အစိုးရမျိုးလား။ ဥပမာ ၁၉၈၈ ကာလတုန်းက ဝန်ကြီးချုပ်ဟောင်းဦးနုက သူ အစိုးရဖွဲ့တာကို ကြေညာခဲ့တယ်။ သူလည်း အဲဒီလိုမျိုး လုပ်ခဲတာဘဲ။ သူက မအောင်မြင်ဘူးလေ။ အောင်မြင်ခဲ့တဲ့ နိုင်ငံ နမူနာတခု သိချင်ပါတယ်။

မခင်မမမျိုး ။ ။ ဟုတ်ကဲ့ အဲဒါကတော့ ပေါ်တူဂီနိုင်ငံ (Portugal) ဖြစ်ပါတယ်။ တတိယလှိုင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေ ဖြစ်နေတဲ့ကာလ ၁၉၇၀ ကျော် ကာလတွေမှာ ပြည်သူလူထုကနေ လူထုတိုက်ပွဲအသွင်နဲ့ ဖြုတ်ချပြီးတဲ့အခါမှာ အတိုက်အခံတွေ ဦးဆောင်တဲ့ ကြားဖြတ်အစိုးရ ပေါ်ထွက်လာပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီ ကြားဖြတ်အစိုးရအဖွဲ့ထဲမှာ အာဏာရှင်လည်းမဟုတ်ဘူး၊ အတိုက်အခံလည်း မဟုတ်ဘဲနဲ့ လူရိုသေရှင်ရိုသေပါသလား။ အိမ်စောင့်အစိုးရထဲမှာ။

မခင်မမမျိုး ။ ။ ဟုတ်ကဲ့ ပါပါတယ်။ ဟုတ်ကဲ့ အတိုက်အခံအဖွဲ့တွေကဘဲ ဖွဲ့စည်းတာ မဟုတ်ပါဘူး။ အတိုက်အခံတွေက ဦးဆောင်ဖွဲ့စည်းတဲ့ ကြားဖြတ်အစိုးရ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံအများစုရဲ့ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်မှာတော့ ဒီမိုကရေစီအတိုက်အခံတွေနဲ့ အာဏာရှင်တွေဘက်က ပြုပြင်ပြောင်းလဲလိုသူတွေ ပူးတွဲတည်ထောင်တဲ့ power share ကြားဖြတ်အစိုးရ ပေါ်ထွက်လာတာ များပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒါက မခင်မမမျိုးပြောတဲ့ နံပတ် နှစ် အမျိုးအစားပေါ့။ အဲဒါမျိုးကော ဘယ်မှာနမူနာ ရှိသလဲ။

မခင်မမမျိုး ။ ။ လက်တင်အမေရိက (Latin America) တိုက်က အများစုရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုက power share ကြားဖြတ်အစိုးရတွေနဲ့ ဖြစ်ပါတယ်။ တတိယလှိုင်း ဒီမိုကရေစီပြောင်းလဲမှုကာလတွေ ၁၉၇၀ နောက်ပိုင်းကာလတွေမှာ အယ်လ် ဆလ်ဗေဒိုရ် (El Salvador)၊ အာဂျင်တီးနား (Argentina)၊ ချီလီ (Chile) နိုင်ငံတွေ ဒီ လက်တင်အမေရိကနိုင်ငံတွေမှာ ဖြစ်ပါတယ်။ အတိုက်အခံကနေ ဦးဆောင်ပြီးတော့ ထွက်ပေါ်လာတဲ့ ကြားဖြတ်အစိုးရနဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းမှု စတင်သွားတာတော့ အတော်နည်းပါတယ်။

ဦးရော်နီညိမ်း ။ ။ ပေါ်တူဂီနိုင်ငံလို လူထုတိုက်ပွဲနဲ့မဟုတ်ဘဲနဲ့ လက်နက်ကိုင်တိုက်ပွဲနဲ့ အနိုင်ရလာတဲ့ အတိုက်အခံဘက်က ကြားဖြတ်အစိုးရမဖွဲ့ဘဲနဲ့ သူတို့ကိုယ်တိုင်အစိုးရဖွဲ့ပြီး ရွေးကောက်ပွဲ လုပ်ပေးသလား။

မခင်မမမျိုး ။ ။ ကွန်ဂိုနိုင်ငံ (Congo) တုန်းကတော့ သူတို့က ကြားဖြတ်အစိုးရ မဖွဲ့ခဲ့တော့ဘဲ ကိုယ်တိုင်ဘဲ ရွေးကောက်ပွဲ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်မယ်ဆိုပြီးတော့ ကိုယ်တိုင်ဘဲ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါတယ်။

ဦးရော်နီညိမ်း ။ ။ ပြည်တွင်းစစ်ကို အနိုင်ရတဲ့ဘက်က အစိုးရလုပ်ပြီးတော့ လုပ်တဲ့ရွေးကောက်ပွဲ၊ သူပုန်ဘက်က နိုင်ပြီးတော့ လုပ်တဲ့ရွေးကောက်ပွဲဟာ ဘယ်လောက်လွတ်လပ်ပြီး တရားမျှတမှု ရှိသလဲ။ ဘာနဲ့ ကြည့်မြင်ခဲ့လို့ ရပါသလဲ။

မခင်မမမျိုး ။ ။ အဲဒီအချိန်ကာလတုန်းက ကွန်ဂိုနိုင်ငံမှာ အာဏာရှင်ကို ဖြုတ်ချပြီးတော့ လက်နက်ကိုင်တိုက်ပွဲနဲ့ ဖြုတ်ချပြီးတော့ တက်လာတဲ့ အစိုးရသစ်ဟာဆိုလိုရှိရင် ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ အတိုက်အခံ အနိုင်ရရှိဖို့အတွက် သူတို့မှာ အတော်ကြိုးစားခဲ့ရပါတယ်။

ဦးရော်နီညိမ်း ။ ။ အခု ကျနော်တို့ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးဖို့ဆိုပြီးတော့ စစ်အစိုးရက ကြားဖြတ်အစိုးရ ဖွဲ့မယ်ဆိုလိုရှိရင် အခု မခင်မမမျိုး နဲ့ ဆွေးနွေးကြည့်တဲ့ ကြားဖြတ်အစိုးရ ပုံသဏ္ဍာန် သုံးမျိုးထဲမှာ ဘယ်အမျိုးအစားထဲမှာ ပါနိုင်မယ်လို ထင်သလဲ။

မခင်မမမျိုး ။ ။ တကယ်ကို ရည်ရွယ်ချက်နဲ့ ပြုလုပ်တယ်ဆိုလိုရှိရင် တတိယအမျိုးအစားဖြစ်တဲ့ အိမ်စောင့်အစိုးရက ဦးဆောင်ကျင်းပတဲ့ ကြားဖြတ်အစိုးရသဏ္ဍာန် ဖြစ်သွားပါမယ်။

ဦးရော်နီညိမ်း ။ ။ အဲဒါက ရှိခဲ့ဘူးတယ်လို့ ပြောလိုရတယ်။ ၁၉၉၀ ရွေးကောက်ပွဲက အဲဒီအတိုင်း မဟုတ်ဘူးလား။ သူတို့က ရွေးကောက်ပွဲလုပ်ပေးတယ် တရားမျှတပြီး လွတ်လပ်စွာနဲ့ ရွေးကောက်ပွဲကို လုပ်ပေးခဲ့တယ်။ အာဏာရှင်ကိုယ်၌က ရွေးကောက်ပွဲ ရလဒ်ထွက်ပြီးမှ နောက်ထပ်ဆက်ဖြစ်တာတွေက တမျိုးပေါ့။ ဆိုတော့ အခု ၂၀၁၀ ရွေးကောက်ပွဲအတွက် ဖွဲ့မယ်ဆိုတဲ့ စစ်အစိုးရရဲ့ ကြားဖြတ်အစိုးရက ဒီ သုံးမျိုးထဲမှာ ပါနိုင်လား။

မခင်မမမျိုး ။ ။ ဒီ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဖွဲ့စည်းမယ့် အိမ်စောင့်အစိုးရကတော့ စစ်အစိုးရကနေ ချမှတ်ထားပြီးသာ လမ်းပြမြေပုံပေါ်မှာ အခြေခံပြီးမှ ထွက်ပေါ်လာမယ့်သဏ္ဍာန် ဖြစ်နေပါတယ်။ ဒီအတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို တကယ်ကို စိတ်ဆန္ဒနဲ့ ပြုပြင်ပြောင်းလဲမှုဆိုတဲ့ အနေအထား သဏ္ဍာန်တော့ အနည်းငယ်နည်းနေပါတယ်။ ဒီအတွက် ကြားဖြတ်အစိုးရ ပုံသဏ္ဍာန်လေးမျိုးထဲမှာ ပါတယ်လို့ မဆိုနိုင်ပါဘူး။

ဦးရော်နီညိမ်း ။ ။ နောက် မခင်မမမျိုးပြောတဲ့ထဲမှာ ရှိပါတယ် တမျိုးမျိုးသော ကြားဖြတ်အစိုးရ ဖွဲ့စည်းဖြစ်ပေါ်လာပြီးမှ အခုနဖြစ်ပေါ်နေတဲ့ ပဋိပက္ခ ဖြစ်နေတဲ့ အာဏာရ နဲ့ အတိုက်အခံတို့က တွေ့ဆုံဆွေးနွေးမှု လုပ်သင့်တယ်ဆိုတာ မခင်မမမျိုးရဲ့ စာတမ်းတွေမှာ ဖတ်ဘူးပါတယ်။ ဘာကြောင့်ပါလဲ အတိုက်အခံ နဲ့ အာဏာရရှင်တွေ dialogue ကို တန်းသွားကြတဲ့အတွက်ကြောင့် ဘာတွေဖြစ်ဘူးတဲ့ နမူနာ ပြောပြပေးပါ။

မခင်မမမျိုး ။ ။ Dialogue ဆိုတာကြတော့ ပဋိပက္ခတွေ လျှော့ကျသွားပြီး အခြေအနေကြမှ ပြေလည်ဖို့ တွေ့ဆုံဆွေးနွေးရေး အဖြေရှာရတာ ဖြစ်ပါတယ်။ ပဋိပက္ခတွေ အရှိန်မြင့်နေတဲ့အချိန်မျိုးမှာ dialogue ကို တက်လှမ်းမယ်ဆိုရင် တဖက်ဖက်ကနေ နိုင်နိင်တဲ့ အခြေအနေ ဖြစ်နေတဲ့အတွက် အဲဒီအချိန်မှာ ပြုလုပ်လာတဲ့ ထွက်ပေါ်လာတဲ့ dialogue တောင်းဆိုမှု အောင်မြင်မှုတွေ မဖြစ်သလို၊ dialogue ပြုလုပ်ခဲ့မှုတွေမှာလည်း အောင်မြင်မှုတွေ မရှိခဲ့ပါဘူး။

ဦးရော်နီညိမ်း ။ ။ ဒါဆို ပဋိပက္ခဖြစ်နေတဲ့ နှစ်ဖွဲ့ သူတို့တွေ့ဆုံဆွေးနွေးမှုအတွက် ဒီ ကြားဖြတ်အစိုးရ ပေါ်လာရမယ်ဆိုတဲ့ သဘောလား။

မခင်မမမျိုး ။ ။ ဟုတ်ကဲ့ အဲဒီအထဲမှာ ရွေးကောက်ပွဲပြုလုပ်ခြင်း ပါနိုင်သလို၊ dialogue ပြုလုပ်ဖို့အတွက်ဘဲ ကြားဖြတ်အစိုးရ ပေါ်ထွက်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သီရိလင်္ကာ (Sri Lanka) မှာရှိတဲ့ တလ်မီ (Tamil) သူပုန်တွေနဲ့ သီရိလင်္ကာအစိုးရကြားမှာ နိုင်ငံတကာအစိုးရအဖွဲ့စည်းတွေက ဦးဆောင်ပြီးတော့ dialogue ပြုလုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ dialogue အကြိမ်ကြိမ် ပြည်ပနိုင်ငံတွေမှာ ကျင်းပပေးခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့အတွက် ကြားဖြတ်အစိုးရအသွင်တရပ် မပေါ်ပေါက်ခဲ့ပါဘူး။

ဦးရော်နီညိမ်း ။ ။ ဝင်ရောက်ဖြန့်ဖြေပေးခဲ့တဲ့ အဖွဲ့အစည်း သို့မဟုတ် နိုင်ငံတွေကရော အဲဒါကို မမြင်ဘူးလား။

မခင်မမမျိုး ။ ။ သီရိလင်္ကာ အခြေအနေမှာက တလ်မီသူပုန်တွေက လူမျိုးရေးနဲ့ ပတ်သက်ပြီးတော့ အခြေခံထားတဲ့ ပဋိပက္ခဖြစ်တဲ့အတွက် ကြားဖြတ်အစိုးရကို ဖွဲ့စည်းပေးဖို့အတွက်မှာ အခက်အခဲတွေ ရှိနေခဲ့ပါတယ်။ သီရိလင်္ကာအစိုးရဘက်မှာ တလ်မီသူပုန်တွေကို ချေမှုန်းနိုင်မယ့် အင်အားကြီးနေပါတယ်။ နိုင်ငံတကာ အစိုးရများနဲ့ ကုန်သွယ်ရေးအရ ဆက်ဆံရေး အခြေအနေရှိနေတာတွေ၊ နိုင်ငံတကာ ဖိအားအခြေအနေကြောင့်သာ နိုင်ငံတကာအစိုးရတွေက ဦးဆောင်ကျင်းပခဲ့တဲ့ dialogue မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အမှန်တကယ် တွေ့ဆုံဆွေးနွေးပွဲအတွက်တော့ ဒီအဆင့်ကို သူတို့တွေ တက်လှမ်းဖို့ ရည်ရွယ်ချက် မရှိခဲ့အတွက်ကြောင့် ဒီ dialogue ပွဲက ပျက်သွားခဲ့တာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ အခု ကျနော်တို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဆီကို မကြာသေးခင် ရက်ပိုင်းအတွင်းကဘဲ မေတ္တာရပ်ခံ လိုက်ပြန်ပါပြီ။ တွေ့ဆုံဆွေးနေါး အဖြေရှာကြရအောင်ဆိုတာ။ အဲဒီကိစ္စနဲ့ ပတ်သက်လိုရော မခင်မမမျိုးတို့ သင်ကြားခဲ့ရတဲ့ သဘောတရားရေးရာ ဘယ်လိုအခြေအနေ ရှိပါသလဲ။

မခင်မမမျိုး ။ ။ ဟုတ်ကဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဘက်မှာ အခုအချိန်မှာဆိုရင် အုပ်ချုပ်ရေး အာဏာရှိနေတယ်၊ နောက်တချက်ကတော့ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အဆင်ပြေမှုတွေ ရှိနေတယ်။ ဒါပေမဲ့ တပြိုင်နက်ထဲမှာဘဲ သူမှာ လမ်းပြမြေပုံနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အခါကြတော့ နိုင်ငံတကာ အားပေးထောက်ခံမှု နည်းပါးတာတွေ၊ နောက်ပြီးတော့ သံတမန်ရေးရာတွေမှာ legitimacy မရှိတဲ့ ပြဿနာတွေ ရှိနေပါတယ်။ တချိန်တည်းမှာဘဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှာ ဆိုလိုရှိရင် လူထုရဲ့ ထောက်ခံမှု ရှိနေသလို နိုင်ငံတကာကနေ အားပေးကူညီမှုလည်း ရှိနေပါတယ်။ အဲဒီအတွက် အခုအချိန်အခါမှာ အင်အားချိန်ခွင်လျှာက ဗိုလ်ချုပ်မှုးကြီး သန်းရွှေဘက်မှာနဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်မှာ ညီမျှသွားတယ်ဆိုတဲ့ အနေအထားမှာ ရှိပါတယ်။ ဒီအတွက် ကြားဖြတ်အစိုးရ မလိုဘဲနဲ့ dialogue တောင်းဆိုလိုက်မှုဟာ အောင်မြင်သွားနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒေါ်အောင်ဆန်းစုကြည် ခေါ်ဆောင်လိုက်တဲ့ dialogue ကို ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကရော လက်ခံလာမယ့် အလားအလာ ရှိပါသလား။

မခင်မမမျိုး ။ ။ ဟုတ်ကဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဘက်က လက်ခံလိုက်ရင်တော့ ဒါ မြန်မာနိုင်ငံရေးအတွက် အကောင်းဆုံး ဖြေရှင်းမှုတခုဘဲ ဖြစ်သွားမယ်လို့ မျှော်လင့်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံလိုက်တဲ့ တွေ့ဆုံဆွေးနွေးခြင်းဟာ ဖြစ်ပေါ်လာနိုင်မလား။ ဖြစ်ပေါ်လာပြီးရင်ကော အောင်မြင်သွားနိုင်မလား။

မခင်မမမျိုး ။ ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကနေ မြန်မာ့နိုင်ငံရေး ရေရှည်ပဋိပက္ခကြီးကို အဆုံးသတ်ဖို့ ရည်ရွယ်ချက် ရှိမယ်ဆိုလိုရှိရင်တော့ ဒီဥစ္စာက မြန်မာနိုင်ငံရေးရဲ့ ထွက်ပေါက်တရပ် ဖြစ်ပါတယ်။ ဖြစ်ပေါ်လာပြီးရင် အောင်မြင်မယ့် အလားအလာဆိုတာကတော့ ဒီ dialogue ဖြစ်စဉ်မှာ ပါဝင်ဆောင်ရွက်ကြသူတွေ ပါဝင်ဆွေးနွေးကြသူတွေပေါ်မှာလည်း မူတည်ပါတယ်။

ကျနော်တို့ အကောင်းကို မျှော်၍ အကောင်းကမတွေ့ဆိုတဲ့ စကားရပ်ကို မကြာခဏ သုံးစွဲကြဘူးပါတယ်။ အခုတော့ ကျနော်တို့ အကောင်းကို မျှော်၏ အကောင်းလည်း ရောက်လာတော့မယ်လို့ မျှော်လင့်ပါကြောင်း။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG