သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုသိမ်အနီး ခရီးသည်တင်သင်္ဘော တိမ်းမှောက်၊ ၄၀ နီးပါး ပျောက်ဆုံး


ပုသိမ်မြို့ကနေ သက္ကယ်သောင်ရွာကို ခုတ်မောင်းလာတဲ့ သင်္ဘော မနေ့ညပိုင်းက တခြား ကုန်တင်သင်္ဘော တစင်းနဲ့ တိုက်မိပြီး တိမ်းမှောက်ခဲ့ပါတယ်။ လူ ၁၇၀ ကျော် တင်ဆောင်လာတဲ့ ဒီသင်္ဘောမှာ လူ ၈ ဦး သေဆုံးခဲ့ရပြီး ၁၂၀ နီးပါး ကယ်တင်နိုင်ခဲ့ပြီး လူတော်တော်များများ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ပုသိမ်မြို့ကနေ သက္ကယ်သောင်ရွာကို ခုတ်မောင်း ပြေးဆွဲနေတဲ့ နေမျိုးထွန်းကြီး အမည်ရှိတဲ့ သင်္ဘောဟာ မနေ့ည ၇ နာရီ ပုသိမ်ကအထွက် ရှမ်းငူရွာအနီး ည ၉ နာရီ ဝန်းကျင်လောက်မှာ ပစ္စည်းတွေတင်လာတဲ့ စီဘီ ကုန်သင်္ဘောနဲ့ တိုက်မိရာက တိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့ သက္ကယ်သောင်ရွာသားတဦးက ပြောပါတယ်။

“ပုသိမ်က ထွက်လာပြီး ရှမ်းငူရွာနားမှာ ည ၉ နာရီလောက်က မှောက်ပါတယ်။ စီဘီတွဲတခုနဲ့ တိုက်တယ်လို့တော့ ကြားတယ်။ စီဘီတွဲဆိုတာ ကျောက်တို့၊ ဆီတို့ အဲဒါမျိုး တင်တဲ့ဟာကို ခေါ်တာပဲ။ နောက်ဆက်တွဲ သတင်းကတော့ ကျနော်တို့ဒေသက လူတွေ ပါလိမ့်မယ်လို့တော့ ထင်တယ်။ ဒါပေမဲ့ ဘယ်သူတွေ ပါတယ်ဆိုတာတော့ တိတိကျကျ မသိဘူး။”

ခရီးသည် ၁၇၀ ကျော် တင်လာတဲ့ ဒီသင်္ဘောမှာ တိမ်းမှောက်ချိန်ကစလို့ ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးရာက အခု အသက်ရှင်လျက် လူဦးရေ ၁၂၀ နီးပါး ကယ်တင်နိုင်ပေမဲ့ လူ ၄၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သင်္ဘောထဲမှာပါတဲ့ ခရီးသည် အများစုဟာ သက္ကယ်သောင်ရွာသားတွေ ဖြစ်ဖို့များပြီး အထူးသဖြင့် ကောက်ရိပ်ဖို့ အငှားလာကြတဲ့ အလုပ်သမားတွေနဲ့ လယ်ရှင်တွေ ဖြစ်ဖို့များတယ်လို့ ပြောပါတယ်။

ဒါကြောင့် ဒီနေ့ မနက်မှာတော့ သက္ကယ်သောင်ရွာသားတချို့ သင်္ဘောမှောက်တဲ့ ရှမ်းငူရွာကို သွားနေကြပေမဲ့ စာရင်းအတိအကျ မသိရသေးဘူးလို့လည်း သူက ဆက်ပြောပြပါတယ်။

“ပါမယ်ထင်တဲ့လူတချို့ ဖုန်းနဲ့ နည်းနည်းပါးပါး အဆက်အသွယ်ရတဲ့ လူကြတော့လည်း ကောက်ရိပ်သားတွေ သွားငှားတဲ့ လူတွေကြတော့လည်း သူတို့ ကောက်ရိပ်သားခေါ်ပြီး ပြန်ဆင်းမယ်လို့ ပထမရက်က သတင်းရထားတဲ့ လူမျိုးတွေက ပါတယ်ထင်လို့ တချို့လယ်သမားတွေတော့ ပုသိမ်ကို စက်လှေငှားပြီး လိုက်သွားတဲ့လူတွေတော့ ကြားတယ်။

“ကျနော်တို့ ဒီမှာတော့ သင်္ဘောတွေပဲ အားကိုးပြီး သွားရတာပေါ့။ ကုန်းလမ်းခရီး မရှိတဲ့အခါကြတော့ သင်္ဘောနဲ့ပဲ အားကိုးပြီး သွားရတော့ ဆက်သွယ်ရေး လမ်းကြောင်းကတော့ အဲဒီတခုပဲ လောလောဆယ် အားကိုးရတဲ့လမ်းကြောင်း ဖြစ်တာပေါ့။”

သက္ကယ်သောင်ရွာသားတဦးက သင်္ဘောမှောက်တဲ့ အခြေအနေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပုသိမ်အာဏာပိုင်တွေနဲ့ ရှမ်းငူရွာ ဒေသခံ အာဏာပိုင်တွေက ကူညီ ကယ်ဆယ်ရေးတွေ လုပ်ပေးနေကြပြီး ကယ်တင်ထားနိုင်တဲ့ လူတွေက ရှမ်းငူရွာမှာ ရှိနေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ် နာဂစ်မုန်တိုင်း ပြီးကတည်းက ပုသိမ်အနီးအနားက ရွာတဝိုက်ကို ညပိုင်း သင်္ဘောထွက်ခွင့် တားမြစ်ထားပေမဲ့ ပြီးခဲ့တဲ့ လပိုင်းကမှ ညဘက်သင်္ဘောကို ပြန်ထွက်ခွင့်ပြုထားတာ ဖြစ်ပါတယ်။ အထူးသဖြင့် အဲဒီနေရာတွေက ရေကြောင်းကိုသာ အထူးအားထားပြီး သွားရတဲ့ နေရာတွေ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG