သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်အရေး ဖြေရှင်းဖို့ တရုတ်ကို အိုဘားမား တိုက်တွန်း


တရုတ်နိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် သမ္မတ အိုဘားမား (Obama) နဲ့ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) တို့ဟာ ဘေဂျင်းမြို့တော်မှာ နာရီအတော်ကြာ ဆွေးနွေးခဲ့ကြပြီး ကမ္ဘာ့စီးပွားရေးကအစ နျူကလီးယားလက်နက် မပြန့်ပွားရေးနဲ့ ရာသီဥတု ပြောင်းလဲမှုအဆုံး ကိစ္စမျိုးစုံမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ထပ်ပြီး ကတိပြုခဲ့ကြပါတယ်။

၂၁ ရာစုမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု အခက်အခဲကြီးတွေ အားလုံးဟာ နှစ်နိုင်ငံစလုံးကို ရိုက်ခတ်မှု ရှိစေတယ်လို့ စည်းဝေးပွဲအပြီး သတင်းထောက်တွေကို ရှင်းလင်းပြောကြားတော့ မစ္စတာအိုဘားမားက သတိပေး ပြောကြားသွားပါတယ်။

သူတို့ဆွေးနွေးပွဲကနေ ဘာမှ ထူးထူးခြားခြား ထွက်ပေါ်မလာပေမဲ့ လူ့အခွင့်အရေး ကိစ္စနဲ့ ပတ်သက်ပြီး မစ္စတာအိုဘားမားက ပြောသွားသလို တရုတ်အစိုးရအနေနဲ့ သူတို့ ငွေကြေးတန်ဖိုး တက်လာတာကို ခွင့်ပြုဖို့ ဖိအားပေးသွားပါတယ်။

အထူးသဖြင့် တိဘက်ဒေသနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမားက ပြောသွားပြီး တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်း လားမား (Dalai Lama) နဲ့ အမြန်ဆုံး ပြောဆိုဆွေးနွေးမှုလုပ်ဖို့ တရုတ်ကို တိုက်တွန်းသွားပါတယ်။ စိန်ခေါ် အကဲစမ်းမှုတွေကို တနိုင်ငံတည်းကပဲ ကိုင်တွယ်ဖြေရှင်းလို့ မရဘူးလို့လည်း သူက ဆိုပါတယ်။

ဒီဆွေးနွေးပွဲက အကျိုးများစေခဲ့ပါတယ်လို့ မစ္စတာဟူက ပြောပြီး သူ့အခေါ် နှစ်နိုင်ငံအတွက် ဘုံစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ လိုအပ်တယ်လို့ အလေးပေး ပြောသွားပါတယ်။

ကမ္ဘာ့စီးပွားရေး နာလန်ထူရေး ထောက်ပံ့လုပ်ဆောင်ဖို့နဲ့ အနာဂတ်မှာ စီးပွားရေး ဆုတ်ယုတ်မှုနဲ့ ထပ်ပြီး မကြုံရအောင် လုပ်ဆောင်ဖို့ လက်တွဲလုပ်ကိုင်ကြရမယ်လို့ ခေါင်းဆောင် ၂ ဦးက ပြောသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG