သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာသင်စရိတ် တိုးမြှင့်မှု ကယ်လီဖိုနီးယားပြည်နယ် တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြ


အမေရိကန်နိုင်ငံ ပြည်နယ်တွေအနက် ကမ္ဘာမှာ လူသိအများဆုံး ထဲမှာပါသလို အစဉ်အလာအရ စီးပွားရေး အင်အားကောင်းလာခဲ့တဲ့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ပြည်နယ်အစိုးရရဲ့ ဘဏ္ဍာလိုငွေပြမှု အခက်အခဲတွေ ကြီးသည်ထက် ကြီးလာတာကြောင့် ပြည်နယ်တွင်း အစိုးရတက္ကသိုလ်တွေရဲ့ကျောင်းလခကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တိုးမြှင့်ကြောင်း ကြေညာလိုက်ပါတယ်။ ဒါကို မကျေနပ်ကြတဲ့ ပြည်နယ်တလွှားက ကျောင်းသားကျောင်းသူတွေက အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး လော့စ်အိန်ဂျယ်လိစ် မြို့က ဗွီအိုအေ သတင်းထောက် Mike O'Sullivan ပေးပို့ထားတဲ့ သတင်းလွှာနဲ့အတူ အဲဒီမှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသားကျောင်းသူတချို့ရဲ့ အမြင်ကို နော်ရှိုးက တင်ပြထားပါတယ်။

အမေရိကန်နိုင်ငံက ပြည်နယ်အစိုးရတက္ကသိုလ်ကြီးတွေ အားလုံးထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ခြင်းခံရတဲ့ ကယ်လီဖိုးနီးယားပြည်နယ် အစိုးရ တက္ကသိုလ်တွေမှာ ကျောင်းလခ ၃၂% တိုးမြှင့်ဖို့ ပြီးခဲ့တဲ့အပတ်အတွင်း ပြည်နယ်အစိုးရက မူသစ်ချမှတ်လိုက်တဲ့အပေါ် ကျောင်းသားကျောင်းသူတွေ အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ ့အစောပိုင်းက University of California, Berkeley (UC Berkeley) လို့ အခေါ်များတဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရတက္ကသိုလ်ထဲမှာမှ အကောင်းဆုံးတခုဖြစ်တဲ့ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်မှာ စာသင်ခန်းတခန်းကို ကျောင်းသား အယောက် ၅၀ လောက်က နာရီအတန်ကြာ ဝင်စီးခဲ့ကြပါတယ်။ သူတို့ကို ထောက်ခံတဲ့ ကျောင်းသားတွေကလည်း ဗုံတွေတီးပြီး လက်ခုတ်ဩဘာပေးခဲ့ကြပါတယ်။ စာသင်ခန်းကို ဝင်စီးခဲ့တဲ့ ကျောင်းသား တချို့ကတော အထိန်းသိမ်းခံခဲ့ရပါတယ်။ လုံခြုံရေးရဲတွေက ကျောင်းသားတွေကို ထောင်ထဲပို့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ UC Berkeley မှာ နောက်ဆုံးနှစ် နိုင်ငံရေးသိပ္ပံဘာသာ ဆည်းပူးနေတဲ့ မအောင်ဆိုင်းမိုင်က သူ့ရဲ့ အမြင်ကို ခုလိုပြောပါတယ်။

"အခုက World Street မှာရှိတဲ့ CEO တွေ၊ ဘဏ်တွေကိုကျတော အစိုးရက စီးပွားရေး ပိုကောင်းလာအောင် ငွေပေးတာတွေ လုပ်ပေးတယ်။ ဒါပေမယ့် တကယ်တော်တဲ့လူငယ်တွေ၊ ကိုယ့်ရဲ့ တိုင်းပြည်အတွက် ပိုပြီး တိုးတက်အောင် လုပ်နေတဲ့ လူငယ်တွေ၊ ပညာသင်နေတဲ့ လူငယ်တွေ အတွက်ကျတော့ မပေးဘူးဆိုတော့။ သမီးတို့လို လူငယ်တွေ အတွက်တော့ ဘယ်ကောင်းမှာလဲ။ အမေရိကား ဆိုတာ အရမ်းတိုးတက်တဲ့နိုင်ငံလေ။ ကိုယ်ကျိုးစားရင် ကိုယ်ရတယ်။ အခုလို အစိုးအနေနဲ့ ဒီလိုလူတွေကို အားမပေးရင် ဘယ်သူ့ကို ဦးစားပေးမလဲ။"

နောက်တခါ Santa Cruz မြို့မှာရှိတဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရတက္ကသိုလ်တခုမှာလည်း ရုံးအဆောက်အဦကို ကျောင်းသားတွေက ပြီးခဲ့တဲ့ ကြာသပတေးနဲ့ သောကြာ နှစ်ရက်လုံး ဝင်စီးခဲ့ကြပါတယ်။ လော့စ်အိန်ဂျယ်လိစ် မြို့နဲ့ ဒေးဗိစ် (Davis) မြို့တွေက ပြည်နယ်အစိုးရ တက္ကသိုလ်တွေမှာလည်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနဲ ့ကြာသပတေးနေ့တွေက ကျောင်းသားတွေ ဆန္ဒပြခဲ့ရာက တချို့ အထိန်းသိမ်းခံခဲ့ရပါတယ်။

UCLA ခေါ် လော့စ်အိန်ဂျယ်လိစ် မြို့မှာရှိတဲ့ တက္ကသိုလ်က နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသား ကိုမျိုးသန့် ကလည်း ကျောင်းလခ တိုးလိုက်တာဟာ ကျောင်းသားတွေအတွက် မတရားဘူးလို့ သူ့ရဲ့ အမြင်ကို ပြောပါတယ်။

"ဘာဖြစ်လို့လဲဆိုတော့ UCLA ရဲ့ အဓိက Mission က ဘာလဲဆိုတော့ သူက public school ဖြစ်တယ်။ public education ဆိုတဲ့ အဓိပ္ပါယ်က လူမျိုးမရွေး ဘာသာမရွေး အဲဒီလို ဆင်းရဲတဲ့သူရော ချမ်းသာတဲ့သူရော တတ်နိုင်အောင် လုပ်ပေးထားတဲ့ တက္ကသိုလ်ဆိုတော့ ရှေ့လျှောက် ၃၂ % တိုးလိုက်လို့ရှိရင် နံပါတ် (၁) ကျောင်းသားတွေ အများစု တတ်နိုင်မှာမဟုတ်ဘူး။ နံပါတ် (၂) အဲဒီလိုမျိုး ကျောင်းသားတွေ အများစု မတတ်နိုင်တဲ့အခါ တက္ကသိုလ်က ဘာဖြစ်လာမလဲဆိုတော့ ထူးချွန်တဲ့လူငယ်တွေ နည်းလာမယ်။"

အခုလို အငြင်းပွားစရာ ဖြစ်နေတဲ့ ကျောင်းလခ ၃၂ % တိုးမြှင့်မယ့် အစီအစဉ်ဟာ အဆင့်နှစ်ဆင့်နဲ့ အကောင်အထည် ဖော်မှာဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီလက စလို့ ကျောင်းလခကို တနှစ် ဒေါ်လာ ၈,၃၀၀ ကျော် ပေးရမှာဖြစ်ပြီး နောက်နှစ်လယ်လောက်ကစလို့ ဒေါ်လာ ၁၀,၀၀၀ ကျော်အထိ ပေးရမှာ ဖြစ်ပါတယ်။ ဒါဟာ ပုဂ္ဂလိက တက္ကသိုလ်တွေနဲ့ စာရင် အများကြီး ဈေးသက်သာသေးတာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ကယ်လီဖိုးနီးယား အစိုးရ တက္ကသိုလ်တွေရဲ့ ကျောင်းလခထက်တော့ ၃ ဆလောက် ပိုများနေတာ ဖြစ်ပါတယ်။ ဒေးဗစ် မြို့မှာုရှိတဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်တခုမှာ ကျောင်းတက်ခဲ့ပြီးတော့ အလုပ်လုပ်ခဲ့ဖူးသူ တယောက်ကလည်း အခုလို ကျောင်းလခ တိုးလိုက်တာဟာ ထင်သလောက်မဆိုးဘူး ဆိုပြီး သူ့ရဲ့အမြင်ကို ပြောပါတယ်။

"တိုင်းပြည်ရဲ့ အခြေအနေအရ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ စီးပွားရေးအရ ကျောင်းလခကို တိုးလိုက်ရတယ် ဆိုပေမယ့်လည်း ပျမ်းမျှအားဖြင့်ကြည့်မယ်ဆိုရင် ဒီဟာက အရမ်းနဲ့ဆိုးရွားတာတော့ မဟုတ်ဘူးလေ။ တခြားပြည်နယ်တွေမှာရှိတဲ့ တက္ကသိုလ် ပညာတွေနဲ့ယှဉ်ကြည့်မယ်ဆိုရင် ကယ်လီဖိုးနီးယားက အများကြီး ဈေးတော်သေးတယ်။ ပြီးတော့ တကယ်လို့ ကျောင်းသားတွေက တက္ကသိုလ်တက်ဖို့အတွက် ပိုက်ဆံမရှိဘူးဆိုရင် သူတို့ဆီမှာ တက္ကသိုလ်ပညာကိုရဖို့အတွက် တခြား နည်းလမ်းတွေလည်း ရှိတယ်။ ဥပမာ - community college ပေါ့၊ ၂ နှစ်တက်ရတဲ့ ကောလိပ်ကို သူတို့ သွားလို့ရတယ်။ ပြီးရင် University of California ကို ပြောင်းလို့ရတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် သူတို့ ၂ နှစ်စာ ကျောင်းလခ သက်သာမယ်။ ပြီးတော့ University of California ကပေးတဲ့ ဘွဲ့ကိုလည်း သူတို့ရမယ်။"

အခုလို ကျောင်းလခ ၃၂ % တိုးလိုက်တယ်ဆိုပေမယ့် မိဘနှစ်ဦးပေါင်း ဝင်ငွေ တနှစ်ကို ဒေါ်လာ ၇ သောင်းအောက်ပဲ ရှိတဲ့ ကျောင်းသားကျောင်းသူတွေကတော့ အရည်အချင်း ပြည့်မီရင် အစိုးရပညာသင် ထောက်ပံ့ငွေတွေ အလုံအလောက် ရနိုင်မှဖြစ်တယ်လို့ တက္ကသိုလ်တွေက ပြောပါတယ်။ ဒါ့အပြင် ကျောင်းလခ တိုးလိုက်တာကြောင့် ငွေမလောက်လို့ ပိတ်လိုက်ရတဲ့ အတန်းတွေကိုလည်း ပြန်ဖွင့်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ပါမောက္ခတွေ တော်တော်များများ ဟာလည်း လစာမဲ့ခွင့်ရက်တွေ မယူမနေရ ယူခဲ့ရပါတယ်။ ပါမောက္ခတွေ စိုးရိမ်နေတာက တက္ကသိုလ် ပညာ အရည်အသွေးကို ထိခိုက်မှာနဲ့ ကမ္ဘာ့အတော်အတတ်ဆုံး ပါမောက္ခတွေ၊ သုတေသီတွေကို မဆွဲဆောင်နိုင်တော့မှာကိုပဲ ဖြစ်ပါတယ်။

အမေရိကန်တနိုင်ငံလုံး အတိုင်းအတာနဲ့ စီးပွားရေး ဆုတ်ယုတ်မှုပြဿနာကနေ ရုန်းထွက်နိုင်အောင် ကြိုးစားနေတဲ့ အချိန်မှာလည်း ကယ်လီဖိုးနီးယား ပြည်နယ်အစိုးရရဲ့ ဘဏ္ဍာငွေမှာလည်း နောက် ၁၈ လအတွင်း လိုငွေပြမှု ဒေါ်လာသန်းပေါင်း ၂၁,၀၀၀ လောက် ရှိနေတာဖြစ်တယ်လို့ လေ့လာအကဲဖြတ်သူတွေက သုံးသပ်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG