သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှိုင်သာယာမီး အိမ်ခြေ ၂၀ ကျော် ဆုံးရှုံး


ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရှမ်းချောင်းရပ်ကွက်မှာ မနေ့က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာကြောင့် အိမ်ခြေ ၂၀ လောက် မီးလောင်ပျက်စီးသွားပြီး လူဦးရေ ၁၀၀ ကျော် မီးဘေးဒုက္ခသည် ဖြစ်ခဲ့ရပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

လှိုင်သာယာမြို့နယ် ရှမ်းချောင်းရပ်ကွက် အောင်သုခ ၄ လမ်းမှာ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တာကြောင့် အလုပ်သမားများ နေထိုင်တဲ့ တန်းလျားများ အပါအဝင် လူနေအိမ်များ မီးထဲ ပါသွားတဲ့အတွက် မီးဘေးဒုက္ခသည်များ အခုလက်ရှိ လှိုင်သာယာမြို့နယ် အမှတ် ၄ အလယ်တန်းကျောင်းမှာ နေထိုင်နေရကြောင်း လှိုင်သာယာမြို့နယ်ထဲက ပြည်သူတဦးက အခုလို ပြောပြပါတယ်။

“လှိုင်သာယာ ရှမ်းချောင်း၊ အောင်သုခ ၄ လမ်း၊ အိမ်ခြေ ၂၀ လောက် ပါတယ်လို့ပြောတယ်။ လူကတော့ တော်တော်များများပဲ။ အိမ်ကတော့ မပြောတတ်ဘူး၊ တန်းစီနေတာပဲ။ သူတို့တွေကတော့ စာသင်ကျောင်းမှာ။ မီးသတ်ကားတွေ ရောက်လာတယ်။ ဒါပေမဲ့ အဲဒီလမ်းထဲကို ဝင်လို့မရဘူး။ သူတို့လမ်းက ကားဝင်လို့ မရဘူး။”

မနက် ၉ နာရီခွဲ အချိန်လောက်မှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ပြီး နာရီဝက်ခန့် ကြာမှသာ မီးသတ်ကားတွေ ရောက်ရှိလာခဲ့တယ်လို့ ပြည်သူတွေက ပြောပါတယ်။ မီးသတ်ကားတွေ ရောက်ရှိလာခဲ့ပေမဲ့လည်း လမ်းတွေက မီးသတ်ကားတွေ ဝင်ရောက် ငြှိမ်းသတ်နိုင်လောက်အောင် ကျယ်ဝန်းမှု မရှိတာကြောင့် မီးငြှိမ်းသတ်ဖို့အတွက် အခက်အခဲတွေ ရှိနေခဲ့ပါတယ်။ မီးသတ်ကား ၃ စီးသာ အောင်သုခ ၄ လမ်းထဲကို ဝင်ရောက်နိုင်ခဲ့ပြီး တခြား မီးသတ်ကား ၂ စီးကတော့ အောင်သုခ ၃ လမ်းက ဝင်ရောက် ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

လှိုင်သာယာမြို့နယ် မီးသတ်ဦးစီးဌာနကို မီးလောင်မှုနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာတော့ အခုလို အတည်ပြု ပြောကြားပါတယ်။

“အိမ် ၁၇ လုံး ပါသွားပါတယ်။ လူဦးရေ ၁၁၉ ယောက် ပါသွားပါတယ်။ ပြီးသွားပါပြီ။”

မီးလောင်မှု စတင်ဖြစ်ပွားခဲ့တဲ့ အိမ်ကတော့ အိမ်ထောင်ဦးစီး ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်ကြောင်း ရပ်ကွက်သားတွေထံက သိရပေမဲ့ မီးလောင်မှုနဲ့ ပတ်သက်ပြီး လှိုင်သာယာ ရဲစခန်းကတော့ ဖြေကြားခြင်း မရှိပါဘူး။

အခုလိုရာသီအချိန်မှာ ထင်းမီးတွေ မွှေးရာက မီးလောင်ကျွမ်းမှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး မြန်မာနိုင်ငံမှာ ရေရှားပါးမှု၊ မီးသတ်ကားတွေ အချိန်မီ မရောက်ရှိမှု၊ မီးသတ်ကား မလုံလောက်မှုတွေကြောင့် မီးလောင်မှုဖြစ်တိုင်း ဆုံးရှုံးမှုတွေ ဖြစ်ရတာက များပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG