သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား ရှေ့နှစ် အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီး သွားမည်


သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က သူ့အစိုးရလက်ထက် နိုင်ငံတော်ဧည့်သည်အဖြစ် ပထမအကြိမ် အလည်ရောက်ရှိလာတဲ့ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း (Manmohan Singh) အား ကြိုဆိုရင်း အမေရိကန်၊ အိန္ဒိယ မိတ်ဖက်ဖြစ်မှုဟာ ၂၁ ရာစုအတွက် အဓိပ္ပာယ် အရှိဆုံး ဆက်ဆံရေး ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ရှေ့နှစ် အိန္ဒိယနိုင်ငံသို့ အလည်လာဖို့ ဝန်ကြီးချုပ် ဆင်းရဲ့ ဖိတ်ကြားချက်ကို သမ္မတ အိုဘားမားက လက်ခံလိုက်ပါတယ်။

ခေါင်းဆောင်ကြီးနှစ်ဦး အင်္ဂါနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံကြပြီး ကမ္ဘာ့ စီးပွားရေး အင်အားဖြည့်တင်းဖို့၊ ရာသီဥတု ပြောင်းလဲမှု ဟန့်တားဖို့၊ နျူကလီးယား ပြန့်ပွားမှု ကန့်သတ်ဖို့၊ အကြမ်းဖက်မှု တိုက်ဖျက်ဖို့ အတူ လုပ်ဆောင်သွားကြမယ်လို့ ကတိပြုလိုက်ကြပါတယ်။

အိန္ဒိယနဲ့ ကြာမြင့်စွာ ပြိုင်ဘက် ပါကစ္စတန်နိုင်ငံတို့ကြား ပဋိပက္ခ ဖြေရှင်းရေး အမေရိကန်က ပြင်ပကနေ ဝင်ပါစရာ အကြောင်း မရှိဘူးလို့ သမ္မတ အိုဘားမားက ပြောဆိုပြီး အကူအညီပေးရေး နည်းလမ်းများ အမေရိကန်က ရှာနိုင်ပါတယ် လို့လည်း ဆက်ပြောပါတယ်။

ပါကစ္စတန်နိုင်ငံမှာ လှုပ်ရှားနေကြတဲ့ အစွန်းထွက်သမားများကို ကိုင်တဲ့နေရာမှာ ပါကစ္စတန်အစိုးရ အနေနဲ့ တိုးတက်မှုများ ရှိနေကြောင်း အမေရိကန် သမ္မတက ပြောဆိုသွားပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားနဲ့ သမ္မတကတော် မီရှဲလ် အိုဘားမား (Michelle Obama) တို့က ဧည့်သည် ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ ဝန်ကြီးချုပ်ကတော် ဂူရှရမ် ကော (Gursharan Kaur) တို့အား အိမ်ဖြူတော်မှာ ညစာ တည်ခင်းရင်း လွန်ခဲ့တဲ့ အနှစ် ၆၀ တိတိက သမ္မတ ဟယ်ရီ ထရူးမင်း (Harry Truman) က လွတ်လပ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ်ကိုလည်း အလားတူ ညစာ တည်ခင်း ဧည့်ခံခဲ့ဖူးကြောင်း ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG