သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်နဲ့ နီးစပ်တဲ့ အပစ်ရပ်အဖွဲ့တွေ မူးယစ်ဆေး ပိုထုတ်လုပ်


မြန်မာနိုင်ငံက မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ အရင်ကအတိုင်းရှိနေပြီး အာဏာပိုင်တွေဘက်က ဖမ်းဆီးတာတွေသာ ပိုများလာတာဖြစ်တယ်လို့ ရှမ်းပြည် မူးယစ်ဆေးဝါးလေ့လာ စောင့်ကြည့်ရေးအဖွဲ့က ထုတ်ဖော်ပြောဆိုပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ မြန်မာစစ်အစိုးရ နှိမ်နင်းမှာကို စိုးရိမ်တာကြောင့် သိုလှောင်ထားတဲ့ မူးယစ်ဆေးဝါးတွေကို တိုးမြှင့်ရောင်းချနေတယ်ဆိုတဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်ရဲ့ စကားအပေါ်မှာ အခုလို သုံးသပ်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့က စိတ်ကြွဆေးပြားနဲ့ အခြား မူးယစ်ဆေးဝါး တားဆီးရေးဆိုင်ရာ အစီရင်ခံစာတစောင်ကို ဘန်ကောက်မြို့မှာ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီအစီရင်ခံစာထုတ်ဝေချိန်မှာ ကုလသမဂ္ဂကိုယ်စားလှယ်က မြန်မာပြည်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဗဟိုအစိုးရက ခြိမ်းခြောက်တာတွေ ခံနေရတာကြောင့် သူတို့ အဖွဲ့အစည်းတွေနဲ့ သူတို့ရဲ့ နယ်မြေတွေကို ထိန်းချုပ်နိုင်ဖို့အတွက် သိုလှောင်ထားတဲ့ မူးယစ်ဆေးဝါးတွေကို တိုးမြှင့်ရောင်းချနေတယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုတဲ့အပေါ်မှာ မြန်မာအရေး လေ့လာသုံးသပ်နေသူတွေကတော့ အပြည့်အ၀ သဘောမတူကြပါဘူး။

ရှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာရေး အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ဦးခွန်ဆိုင်းကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေဟာ ပိုပြီးတိုးများလာတာမရှိဘူးလို့ ပြောပါတယ်။

"အခု သူတို့ ရောင်းနေတဲ့ဟာတွေဟာ အရင်ကနဲ့ ကျနော့်အနေနဲ့ ကျနော်ကြည့်သလောက်ဆိုရင် ဘာမှ သိပ်မကွာပါဘူး။ သို့သော်လည်းပဲ ဖမ်းတာက ပိုများလာတာ၊ အဲဒါပဲဖြစ်တယ်။ ပိုများလာတာကတော့ နအဖအနေနဲ့ကတော့ UNODC ပြောသလိုပဲပေါ့။ သူတို့ ဒီအပစ်အခတ် ရပ်စဲရေးအဖွဲ့တွေ အင်အားကောင်းလာမှာစိုးလို့ သူတို့ ရဲ့ ဝင်ငွေ ရလမ်းရပေါက်တွေကို လိုက်ပိတ်နေတာပေါ့ဗျာ။ ဒါတော့ ဟုတ်ပါတယ်။ ဒါအမှန်ပါပဲ။ သို့သော်လည်းပဲ တဘက်က ဒီ နအဖနဲ့ ဆက်စပ်နေတဲ့ ဒီ ပြည်သူ့စစ်တို့၊ နောက်ပြီးတော့ ဒီပြင်အဖွဲ့တွေပေ့ါ။ ဒီ ကုမ္ပဏီတို့ ဘာတို့ဆိုရင် သူတို့က အရင်ကအတိုင်း လွတ်လွတ်လပ်လပ် လုပ်နေတာပဲဗျ။"

တချိန်က မြန်မာစစ်အစိုးရဟာ အပစ်ရပ် တိုင်းရင်းသားအဖွဲ့အစည်းတွေ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချနေတာကို ခွင့်ပြုခဲ့ပေမယ့် အခုအခါ အပစ်ရပ်အဖွဲ့တွေက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတာကြောင့် ဖမ်းဆီးတာတွေ ပိုများလာသလို မူးယစ်ဆေးဝါးကို အကြောင်းပြပြီး ဖိနှိပ်တာတွေ ရှိလာတယ်လို့ ဦးခွန်ဆိုင်းက ပြောပါတယ်။

မြန်မာပြည်အတွင်း လက်ရှိ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်နေတဲ့ အခြေအနေကိုတော့ ဦးခွန်ဆိုင်း က အခုလို ဆက်ပြောပါတယ်။

"ဒီကိစ္စဟာ အပစ်အခတ် ရပ်စဲရေးချည်းပဲ လာပြီး ဖိပြောလို့မရဘူး။ ဒီ့အပြင် နအဖနယ်တွေထဲမှာဆို ဘိန်းက ပိုပြီးတော့ စိုက်တာကို တွေ့ရတယ်။ အဲဒီတော့ နအဖကြီးစိုးတဲ့ နယ်တွေထဲမှာ စိုက်တဲ့ဘိန်းတွေက အကုန်လုံးက အပစ်အခတ်ရပ်စဲရေး အဖွဲ့တွေဆီပဲ ရောက်တာမဟုတ်ဘူး။ သူတို့နဲ့ပတ်သက်တဲ့ ပြည်သူ့စစ်အဖွဲ့တွေထဲမှာလည်း ရောက်တာပဲဗျ။ အဲတော့ သူတို့ ဆီမှာလည်း ထုတ်လုပ်မှုရှိတာပဲ။"

တရုတ်-မြန်မာနယ်စပ်က စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇော် ကလည်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ မြန်မာစစ်တပ်နဲ့ နီးစပ်သူတွေ အများအားဖြင့် ပါဝင် ပတ်သက်နေတယ်လို့ ထောက်ပြပါတယ်။

"ဒီနေ့ မူးယစ်ဆေးဝါးထွက်နေတာ အဓိက က မြန်မာအစိုးရ သုံးနေတဲ့ သကဆဖ အဖွဲ့တွေပေါ့။ ဆိုပါတော့ ထိုင်းနယ်စပ်ဆိုပါတော့၊ ဟိုမုန်းက ထွက်နေတာ။ နောက် မိုင်းတုံ၊ မိုင်းဆတ် ထဲမှာဆို လက်နက်ကိုင်အဖွဲ့အစည်းပေါင်း များစွာရှိတယ်။ တာချီလိတ်မှာလည်း ရှိတာပဲ။ ဟိုတလောက တရုတ်ပြည်က သင်္ဘောကို ပစ်လို့ဆိုပြီး လိုက်ဖမ်းတဲ့ နော်ခမ်း ဆိုရင် အကြီးအကျယ်ပဲ အဲဒီမှာ။ တနှိုင်း ဘက်ကမှာဆို တပ်ကို ပိုက်ဆံပေးပြီး စိုက်နေကြတာပဲ။ ရိုးရိုးဗမာပြည်သားတွေတောင် မဟုတ်ဘူး။ တရုတ်ပြည်က လူတွေတောင် ဝင်လာပြီး စိုက်နေတာ။"

ဒီလို မူူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ရာမှာ ရှမ်းပြည်နယ်အတွင်း တာဝန်ကျတဲ့ စစ်တပ်က အရာရှိကြီးတွေလည်း ပါဝင်ပတ်သက်တာတွေ ရှိတယ်လို့ ဦးအောင်ကျော်ဇော်က ပြောပါတယ်။

မြန်မာပြည်အတွင်းမှာ ကီလိုဂရမ် ရာနဲ့ချီတဲ့ ဘိန်းဖြူတွေနဲ့ သန်းနဲ့ချီတဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိတဲ့ သတင်းတွေကတော့ အပစ်ရပ် ကိုးကန့်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ သြဂုတ်လနောက်ပိုင်းမှာ အများဆုံး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အရင်က ဖမ်းဆီးရမိတာတွေဟာ အဲဒီလောက် များပြားတာမရှိခဲ့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG